စစ်တပ်နယ်မြေရှင်းလင်းရေးကြောင့် ကန့်ဘလူဒေသခံ သုံးသောင်းနီးပါး ထွက်ပြေး
2023.07.08

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းကို စစ်ကောင်စီတပ်ဟာ အင်အား ၃၀၀ နီးပါးအသုံးပြုပြီး စစ်ကြောင်းသုံးခုခွဲကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ သုံးသောင်းနီးပါးထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခမရ-၃၆၁နဲ့ ပျုစောထီးတွေ ပူးပေါင်းပါဝင်တဲ့ စစ်ကြောင်းတွေဟာ ဇူလိုင်လ ၇ ရက်ကစလို့ တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက်စီးနင်းနေတာပါ။
ဒီစီးနင်းမှုကြောင့် ကိုးမြို့၊ ဆူးပုတ်ကုန်း၊ ထန်းကုန်း၊ ဘို့ကုန်း၊ အရှေ့ညောင်ဇင်၊ ဇီးကုန်း၊ သရက်ခေါင်း၊ ရှမ်းတပ်၊ သပြေသာ၊ ကျွန်းပင်ကုန်း၊ မဲဇယ်စတဲ့ ရွာပေါင်း သုံးဆယ်ကျော်က ဒေသခံ သုံးသောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းက ကိုးမြို့ရွာကို ဇူလိုင်လ ၇ ရက် မနေ့က ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ကိုးမြို့ရွာဒေသခံက ပြောပါတယ်။
"မနက်ခင်း ၉ နာရီလောက်ကို သူတို့ မြောက်ဘက်ကနေ တက်လာတဲ့အချိန်မှာ ရွာနားမှာ မိုင်းကွဲသံတွေ ကြားတယ်။ ပ.က.ဖ ထောင်ထားတဲ့ မိုင်းကွဲသံတွေ ကြားတာ။ ကြားပြီးတော့ နာရီဝက်လောက်အကြာမှာ ရွာက မီးစမြင်ရတာ။ ၉ နာရီခွဲ၊ ၁ဝနာရီလောက် ဖြစ်မှာ။ မီးလောင်ထားတာကတော့ လမ်းတောင်ဘက်ခြမ်း တစ်ခြမ်းလုံး ပါတယ်လို့ ပြောနေတယ်။ ကျွန်တော်အမြင်အရတော့ နေအိမ် လေးဆယ်ကျော်ပါမယ်။ ရွာလမ်း တောင်ဘက်ခြမ်းမှာ နေအိမ်က လေးဆယ်ကျော် ရှိနေတယ်"
ကိုးမြို့ရွာဟာ အိမ်ခြေ ၁၇ဝ နဲ့ လူဦးရေ ၄ဝဝကျော် နေထိုင်ပြီး ဒီနှစ် မေလတုန်းကလည်း စစ်ကောင်စီတပ်ရဲ့ စီးနင်းခံခဲ့ရပါတယ်။
ဇူလိုင် ၈ ရက်နေ့မှာတော့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ မူးမြစ်အရှေ့ဘက်ခြမ်းက ချင်မြစ်ကျင်းရွာနဲ့ သင်ပေါင်ကျင်းရွာတွေကို ဝင်ရောက်စီးနင်းနေတယ်လို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒေသခံတွေဟာ နီးစပ်ရာ တောတောင်တွေနဲ့ သစ်ပင်တွေအောက်မှာ ခိုကပ်နေထိုင်နေရတယ်လို့ ပြောပါတယ်။
"ဒီဘက်မှာက စစ်ရှောင်စခန်းလို့ သပ်သပ်မရှိတဲ့အခါကျတော့ စစ်ကြောင်းနဲ့လွတ်ရာ သူတို့လှည်းတို့ ဘာတို့ ပါခဲ့ရင် နွားတွေ၊ လှည်းတွေပါခဲ့တော့ အကုန်လုံး သူတို့ဘာဖြစ်လဲဆိုတော့ နီးစပ်ရာ သစ်ပင်ရှိရင် သစ်ပင်၊ တောတိုက်ရှိရင် တောတိုက် အဲဒါမျိုးလေး ခိုကပ်ပြီးတော့မှ ဒီလိုပဲနေကြရတာပေါ့"
ထွက်ပြေးနေရတဲ့ ဒေသခံတွေဟ အမိုးအကာနဲ့ ဆေးဝါး၊ စားနပ်ရိက္ခာစတဲ့ အခြေခံပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
ရွာတွေကို စစ်ကောင်စီတပ်တွေ စီးနင်းဝင်ရောက်တာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူတစ်ဦးကတော့ လက်နက်အင်အား မရှိတဲ့အတွက် စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းမရှိသေးဘူးလို့ ထုတ်ဖော်ပြောဆိုပါတယ်။
"အစိုးရက ချပေးထားတာရှိသော်ငြားလည်း တိုက်စစ်ဖွင့်နိုင်မယ့် အနေအထားမှမရှိတာ။ ဘာလို့လဲဆိုတော့ လက်နက်အင်အား မမျှဘူးလေ"
ဒါကြောင့် လောလောဆယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အခါ ဒေသခံတွေ ဘေးကင်းရေးကိုပဲ ဦးစားပေးလုပ်ဆောင်နေရတယ်လို့လည်း သူက ပြောပါတယ်။
"ကျွန်တော်တို့မှာက ဒီလုပ်ငန်းတွေကို လုပ်နေတာ ပ.က.ဖ တွေပေါ့၊ ပ.က.ဖ တွေမှာ သူတို့ကို တန်ပြန်တိုက်ခိုက်နိုင်မယ့် လက်နက်အင်အားမှ မရှိတာ။ လက်လုပ်သေနတ်တွေပဲ ရှိတယ်လေ။ အစိုးရက ချပေးထားတာရှိသော်ငြားလည်း တိုက်စစ်ဖွင့်နိုင်မယ့် အနေအထားမှမရှိတာ။ ဘာလို့လဲဆိုတော့ လက်နက်အင်အား မမျှဘူးလေ။ သူတို့က ရာချီလာတယ်ဆိုရင် လူတိုင်းမှာ ရာချီပြီး လက်နက်အင်အားက ပါလာတာပဲ၊ အကြီး၊ အသေး အစုံပေါ့။ ကျွန်တော်တို့ လုပ်နိုင်တာက ပြောက်ကျားပဲ။ အဓိကက ရွာတွေ မီးရှို့မခံရအောင်၊ ပြည်သူလူထု ဘေးအန္တရာယ်ကင်းအောင် စဉ်းစားရတယ်။ ပြည်သူ ဘေးအန္တရာယ်ကင်းအောင် ရွာတွေက ရွှေ့ခိုင်းတယ်။ ပြီးရင် ရွာတွေကို မိုင်းကပ် အဲဒီလိုပဲ သွားရတာပဲ"
စစ်ကောင်စီတပ် စစ်ကြောင်းတွေကို ပ.က.ဖ အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက် ဟန့်တားတာတွေ ရှိနေပြီး ဒီတိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံတွေ မကြာခဏ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။