ကလေးမြို့နယ်၊ စက္ကန့်ရွာမှာ တိုက်ပွဲဖြစ်ပြီး နေအိမ်တွေမီးရှို့ခံရ

RFA Burmese
2023.10.11
ကလေးမြို့နယ်၊ စက္ကန့်ရွာမှာ တိုက်ပွဲဖြစ်ပြီး နေအိမ်တွေမီးရှို့ခံရ ကလေးမြို့ စက္ကန့်ရွာ မီးလောင်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ရွာတွေကို အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ်က အောက်တိုဘာ ၆ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ပြီးဝင်ခဲ့တာကြောင့် အောက်တိုဘာ ၇ ရက်နေ့က စက္ကန့်ရွာမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၇ ရက်နေ့ကနေ အောက်တိုဘာ ၉ ရက်နေ့အထိ စက္ကန့်ရွာကို သုံးရက်ဆက်တိုက် မီးရှို့တာကြောင့် ပျက်စီးမယ့်အိမ် ရာနဲ့ချီရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ရှို့ချင် ရှို့မယ် သူတို့အိမ်တွေ မဟုတ်ဘူး သူတို့ဝယ်ထားတာလည်း မဟုတ်ဘူးပေါ့နော်။ ဒါတွေလည်း သိမှာမဟုတ်ဘူးပေါ့။”

အဲဒီအပြင် စက္ကန့်ရွာက အသက် ၆၇ နှစ်အရွယ် Nu Ngaih Hnem နဲ့ သူ့ရဲ့ ၁၄ နှစ်အရွယ် မြေးဖြစ်တဲ့ Salai Van Bwai Mang တို့ကို သတ်ဖြတ်ခံရပြီး စိတ်ဝေဒနာသည် ၂ ယောက်၊ ကျန်းမာရေးမကောင်းတဲ့ ခရစ်ယာန်ဓမ္မဆရာ ဦးဗျက်လွန်နဲ့ ဦးရမ်လိင့်တို့ ရွာထဲမှာပိတ်မိပြီး အဆက်အသွယ်မရဘဲ ပျောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ အားလုံးနီးပါးလည်း ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“သူတို့ရဲ့ ခေါင်းထဲမှာ ဘာအကြောင်းပြချက်မှမရှိဘူး။ သူတို့ရှို့ချင် ရှို့မယ် သူတို့အိမ်တွေ မဟုတ်ဘူး သူတို့ဝယ်ထားတာလည်း မဟုတ်ဘူးပေါ့နော်။ ဒါတွေလည်း သိမှာမဟုတ်ဘူးပေါ့။ အသိဉာဏ်မရှိတော့တဲ့အတွက် မီးရှို့တဲ့နေရာမှာလည်း ဘာအကြောင်းပြချက်မှလည်း ရှိမှာမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ကတော့ အဲလိုထင်တယ်”

စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာကြောင့် စက္ကန့်ရွာရဲ့အနားမှာရှိတဲ့ ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ ၅ ထောင်လောက်လည်း ဘေးကင်းမယ့် တခြားရွာတွေနဲ့ ကလေးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရပုဂ္ဂိုလ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကလေးမြို့ မြောက်ပိုင်းမှ ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ကလေးမြို့ မြောက်ပိုင်းမှ ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ဘေးဒုက္ခသည်တွေမှာ ဆက်သွယ်ရေးနဲ့ စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စက္ကန့်ရွာသားတစ်ယောက်က RFA ကိုပြောပါတယ်။

“လက်ရှိ အနေအထားမှာတော့ မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ရွာပေါင်း ၁၀ ရွာလောက် ရှိတယ်။ အဓိကကတော့ မြို့ထဲအနီးအနား ဆွေမျိုး အသိုင်းအဝိုင်းတွေဆီမှာ ရှောင်ကြရတာ များတယ်။ အခက်အခဲကတော့ ကုန်စျေးနှုန်း အဆမတန် မြင့်မားနေတာ ပြီးတော့ အင်တာနက်လိုင်း တောင်ပိုင်းတစ်လျှောက် ဖြတ်တောက်ထားတာဗျ”

စက်တင်ဘာ ၂၆ ရက်နေ့ကလည်း ကလေးမြို့နယ် မြို့လှနဲ့ အင်ဒိုင်းကုန်းရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ ရှားဖိုရွာထဲက အိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် မိသားစုဝင်လေးယောက် သေဆုံးပြီး ဒီမြင်ကွင်းကိုတွေ့လိုက်တဲ့ အမျိုးသမီးတစ်ယောက်လည်း နှလုံးရပ်ပြီး သေဆုံးသွားတယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက်မှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် အင်ဒိုင်းကုန်းရွာက အမျိုးသမီးတစ်ယောက် သေဆုံးပြီး၊ အမျိုးသားတစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

ရွာပေါင်း ၄၈ ရွာရှိတဲ့ ကလေးမြို့ တောင်ပိုင်းမှာ ရွာ ၄၀ လောက်ကို ဒေသကာကွယ်ရေးအဖွဲ့တွေက စိုးမိုးထားနိုင်ပြီး စစ်ကောင်စီတပ်ကတော့ ရွာ ၈ ရွာလောက်ကိုပဲ ထိန်းချုပ်ထားနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကလေးမြို့ တောင်ပိုင်းကို အခုလို အင်အားအလုံးအရင်းနဲ့ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ နယ်မြေစိုးမိုးရေးဖို့ ကြိုးစားနေတာလို့ ကလေး-ကဘော်-ဂန့်ဂေါ ဒေသကာကွယ်ရေးအဖွဲ့ CDF KKG ရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“မွန်ထှာ မြို့လှဘက်မှာ သူတို့က နေရာယူထားတာပေါ့နော်။ ယူထားပြီးတော့ အောက်တိုဘာ ၇ ရက်နေ့မှာ မြို့လှဘက်က စက္ကန့်ဘက်ကို သူတို့ ဝိုက်လိုက်ပြီးတော့ တိုက်ပွဲဖြစ်တာပေါ့နော်။ ဒီဘက် ကျွန်တော်တို့ တောင်ပိုင်းဆိုရင်တော့ သူတို့အတွက် ပျူစောထီးဟာပေါ့နော်၊ သူတို့အတွက်လည်း ဒီဘက်က နယ်မြေစိုးမိုးမှု မရတော့ တော်တော်လေး အခက်တွေ့တဲ့ဟာလည်း ရှိတယ်ပေါ့နော်။ အဲဒါကြောင့်မို့လို နယ်မြေစိုးမိုးမှုကို တစ်ဖန်ပြန်ပြီး ကြိုးစားလာတာဆိုတာ သုံးသပ်မိပေမယ့် နည်းနည်းတော့ စောင့်ကြည့်ရဦးမှာပေါ့”

ကလေးမြို့နယ်မှာ တောင်ပိုင်းမှာ ဒေသခံ သုံးသောင်းထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကလေးမြို့ စစ်ဘေးဒုက္ခသည် ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။