အာဏာသိမ်းပြီးနောက် ကချင်ဒုက္ခသည်နေရပ်ပြန်ရေး အလှမ်းဝေးသွား

2021.11.10
အာဏာသိမ်းပြီးနောက် ကချင်ဒုက္ခသည်နေရပ်ပြန်ရေး အလှမ်းဝေးသွား ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စင်ကြိုင်ဒုက္ခသည်စခန်းက စစ်ရှောင်ပြည်သူများကို ၂၀၂၀ ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့ ကြိုးစားတိုင်း တိုက်ပွဲတွေရှိနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ချုပ်ငြိမ်းပြီး နောက်တစ်ကြိမ် ထပ်မံထွက်မပြေးရတော့ဘူး ဆိုတဲ့ အာမခံချက်ရှိမှ နေရပ်ပြန်ဖို့ ဆုံးဖြတ်ထားကြတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်အရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က စစ်တပ်၊ ကေအိုင်အေ၊ ကချင်လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC)၊ NLD အစိုးရတို့ သဘောတူညီမှုရပြီး နေရပ်ပြန်နိုင်ရေးကြိုးပမ်းနေစဉ်မှာပဲ စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် ရပ်နားသွားခဲ့တာဖြစ်ပါတယ်။

အခုအာဏာသိမ်းစစ်ကောင်စီကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က သြဇာညောင်းတဲ့ ဘာသာရေး ခေါင်းဆောင်တွေကို နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံပြီး ထပ်မံ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် အိမ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောဆိုကြပါတယ်။

လုံခြုံရေးစိတ်ချရမှ နေရပ်ပြန်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဂါရာယန်ကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည်တဦးဖြစ်တဲ့ ဒေါ်ဂျာနူးက RFA ကိုပြောပါတယ်။

“ပြန်နိုင်ပြီ။ ပြန်ခိုင်းပြီဆိုပေမယ့် ကျွန်မတို့ အရင်သုံးသပ်ပြီးတော့မှ ပြန်မယ်။ လုံခြုံစိတ်ချရလောက်တဲ့ အခြေအနေရှိမှ ပြန်မယ်။ အားလုံးရဲ့အမြင်ကအဲ့လိုပဲ ရှိကြတယ်”

စစ်ဘေးဒုက္ခသည်စခန်းထဲမှာ အချိန် ၁၀ နှစ်ကျော် ကုန်ဆုံးခဲ့ပြီဖြစ်လို့ သူတို့ရဲ့ဘဝကို အသစ်တဖန်ပြန်စဖို့ အတွက် စိန်ခေါ်မှုများစွာ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မောက်ပိုင်းက ဒုက္ခသည် တစ်သိန်း နှစ်သောင်းကျော်ဟာ စခန်းပေါင်း ၁၆၀ ကျော်မှာ ခိုလှုံနေကြတာ အခုဆို အချိန် ၁၀ နှစ်ကျော်လာပါပြီ။ အဲဒီအထဲက ထက်ဝက်ခန့်ဟာ ကေအိုင်အေထိန်းချုပ်နယ်မြေမှာ ရှိနေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းလိုက်တဲ့နောက် ကချင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် နောက်ထပ် စစ်ဘေးဒုက္ခသည် တစ်သောင်းဝန်းကျင် တိုးလာပါတယ်။

ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (KHCC) ရဲ့ ပူးတွဲဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန်ကလည်း ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ဆိုတာ နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာသာ မူတည်နေတယ်လို့ပြောပါတယ်။

“ဒီနေရပ်ပြန်ရေးက စစ်ကောင်စီရဲ့သဘောထားပဲ မဆိုင်ဘူးပေါ့။ လက်နက်ကိုင်အဖွဲ့တွေရဲ့သဘောထားမှာ မူတည်ပါတယ်။ ဘာကြောင့်လဲဆို လက်နက်ကိုင် ပဋိပက္ခကြောင့် IDP တွေက ရပ်ရွာတွေကို ရှောင်သွားရတယ်ဆိုတော့ ပြန်ဖို့ဆိုတာကတော့ အဲဒီတိုက်ပွဲတွေ မရှိမှပဲ ပြန်လို့ရမယ်ဆိုတော့ သူရဲ့သဘာဝဖြစ်တာပေါ့နော်။ တဖက်တည်းနဲ့တော့ ဆုံးဖြတ်လို့တော့မရဘူး။ တိုက်ပွဲတွေဖြစ်နေရင်တော့ ဒါနေရပ်ပြန်ရေးဆိုတာကတော့ ကျွန်တော်တို့အတွေ့အရတော့ မဖြစ်နိုင်ပါဘူး”

ကေအိုင်အို သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ကေအိုင်အိုအနေနဲ့တော့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးလိုလားပေမဲ့ လက်ရှိစစ်ရေးအခြေအနေအရ လုံခြုံမှုအပိုင်းကို အာမခံချက် မပေးနိုင်သေးဘူးလို့ပြောပါတယ်။

“သူတို့ဘာသာရေးနဲ့ ဒီတပ်မတော်ဘက်ကနေ ညှိနှိုင်းတဲ့အပိုင်းကတော့ ကျွန်တော်ကတော့ ဘာမှ မကြားမိပါဘူး။ လိုင်းက သိသလောက်ပဲဖြစ်ပါတယ်။ အဲတာကြောင့် ကျွန်တော်တို့ ကေအိုင်အိုအနေနဲ့တော့ သူတို့ ဆွေးနွေးတာတွေကို ဘယ်လောက်ထောက်ခံမယ်။ တွန်းအားပေးမယ်ဆိုတဲ့အပိုင်းကတော့မရှိသေးပါဘူး”

ဝိုင်းမော်မြို့နယ်၊ မိုင်းနားက KBC စခန်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကလည်း အခုအချိန်မှာ တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် နောင်တိုက်ပွဲတွေ ရပ်စဲပြီး အသက်လုံခြုံရေးအာမခံချက်တွေ ရှိမှ ပြန်နိုင်မယ်လို့ပြောပါတယ်။

kachin refugees.jpg
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စင်ကြိုင်ဒုက္ခသည်စခန်းက စစ်ရှောင်ပြည်သူများကို ၂၀၂၀ ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မြစ်ကြီးနား၊ ဗန်းမော်ကားလမ်းပေါ်က ကဇူး၊ တဘတ်ယန်၊ ဂါရာယန် တဲ့ ရွာသုံးရွာမှာတော့ NLD အစိုးရလက်ထက်က သဘောတူညီချက်တွေအတိုင်း ရွာမှာ ပြန်လည်အခြေချနေထိုင်ဖို့ အိမ်တွေကို ပြန်လည်ဆောက်လုပ်နေကြပါတယ်။

ဒါပေမဲ့ အခုလိုဆောက်လုပ်နေတာကလည်း နေရပ်ပြန်ရေး အာမခံချက်ရှိလာတဲ့အခါ အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ထားတာလို့ ကဇူးကျေးရွာက စစ်ဘေးဒုက္ခသည် ဦးအဆီကပြောပါတယ်။

“ပြန်တာတော့ ဟုတ်ပါပြီ။ ပြန်တဲ့အချိန်မှာကို ပြန်ပြီးမှ တိုက်ပွဲဖြစ်နှိင်တဲ့အတိုင်းအတာတစ်ခုဆိုရင် ကျွန်တော်တို့က ထပ်ပြီးတော့ ပိုပြီးတော့ ဒုက္ခရောက်မှာကိုလည်း ကျွန်တော်တို့က စိုးရိမ်ပါတယ်။ ဒါကြောင့် စစ်ရေးကိစ္စက အမခံချက်တစ်ခုခုလောက် ရှိနှိင်မှသာ ကျွန်တော်တို့က ပြန်ရဲနိုင်တဲ့ အတိုင်းအတာတစ်ခုလို ဖြစ်နေတာပေါ့”

အခုအချိန်မှာ မနက်ဖြန် ဘယ်လိုအခြေအနေနဲ့ ရင်ဆိုင်လာရမလဲဆိုတာ ဘယ်သူမှတပ်အပ်မပြောနိုင်တာကြောင့် နေရပ်ပြန်ရေးကို ဒီနေ့အထိ ဆုံးဖြတ်ရခက်နေသေးတယ်လို့လည်း သူကပြောပါတယ်။

မိုင်းခေါင်၊ မုန်းဒိန်ပါ၊ ကျောက်စခန်း၊ ပူတာအိုနဲ့ ဆွမ်ပရာဘွမ်ဘက်က စစ်ဘေးဒုက္ခသည်တွေ၊ ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်ကရွာတွေ၊ ဝိုင်းမော်မြို့နယ် ကန်ပိုင်တီလမ်းက ရွာတွေနဲ့ မြစ်ကြီးနား၊ သာလောကြီးရွာ စတဲ့ ကျေးရွာ ၂၇ ရွာက ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ၂၀၂၀ ခုနှစ်က ပဏာမ သဘောတူညီမှု ရယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ နေရပ်ပြန်မျှော်လင့်ချက်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပိုပြီးဝေးကွာသွားတယ်လို့ ဒုက္ခသည်တွေကပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။