ကချင် စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် တိုးလာ

RFA Burmese
2024.03.26
ကချင် စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် တိုးလာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ပိတ်မိနေသည့် စစ်ဘေးဒုက္ခသည်များအား ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီကယ်ထုတ်ခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Kachin News Group

၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ် ဖားကန့်၊ မံစီ၊ မိုးမောက်၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်၊ ဗန်းမော်၊ မိုးညှင်းတို့မှာ စစ်ကောင်စီ တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးပြင်းထန်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ အခုနှစ်စမှာပဲ စစ်ဘေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေက ဝိုင်းမော်မြို့နယ်မှာ သုံးထောင်၊ ဆွမ်ပရာဘွမ်မှာ တစ်ထောင်၊ ဖားကန့်မှာ ငါးထောင်၊ ဗန်းမော်မှာ တစ်သောင်းနဲ့ လိုင်ဇာမှာ ငါးထောင်ဝန်းကျင် ခိုလှုံနေကြတာဖြစ်ပါတယ်။

“နေရာအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုးလာတဲ့ဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေပါတယ်”

ဝိုင်းမော်မြို့ အောင်မြေ (၂) ကျေးရွာက ဒေသခံတစ်ထောင်ဝန်းကျင်ဟာ တိုက်ပွဲကြား ငါးရက်ကြာပိတ်မိနေပြီး မတ် ၁၃ ရက်နေ့ကမှ လွတ်မြောက်လာတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာက ကချင်နှစ်ခြင်း ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူတွေထဲမှာ ဖျားနာသူတွေလည်း ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“လူများနဲ့ဆိုတော့ အဆင်ပြေသလိုတော့ စားနေကြပါတယ်။ ကျန်းမာရေး မကောင်းတဲ့သူတွေလည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဆေးခန်းတွေ သွားနေကြတယ်ပေါ့လေ။ တချို့က ဒီမှာ KBC (ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်) ကနေပြီးတော့ နည်းနည်းကျန်းမမာတဲ့သူတွေကို ဒီမှာဆေးကုပေးတယ်။ ဒါပေမဲ့ ဒီမှာကုလို့ အဆင်မပြေတဲ့သူတွေကို ဆေးရုံ၊ ဆေးခန်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားနေကြတယ်။ အခုလည်း ဆေးရုံတက်ရမယ့်သူတွေရှိတယ်။ ကျန်းမာရေးဆိုရင် ကလေးတွေလည်း ဖျားတယ်ပေါ့။ လူများတဲ့အခါကျတော့ အခုချိန်ထိ သံမံတလင်းပေါ်မှာ အိပ်ရတာတွေ ရှိသေးတယ်ပေါ့”

ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်း ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြတာတွေ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ရွာလုံးကျွတ် ရှောင်ကြတာ ရွာသားက လေး၊ငါးယောက်လောက်ပဲ ရှိမယ်။ ရွာနဲ့ဝေးတဲ့ တောင်ခြေ၊ တောတွေ နေရာမျိုးမှာ ရှောင်ကြတယ်။ မိုင်းမု ဟိုဘက် ရှမ်းရွာတွေဘက်မှာ ရှောင်ကြတယ်။ (စစ်ဘေးဒုက္ခသည်အတွက်) ဆေးဝါးလိုမယ်၊ အစားအသောက်လိုမယ်၊ စားစရာအစားအစာတွေလိုမယ်”

အဲဒီလို ထွက်ပြေးနေကြသူတွေထဲမှာ မြို့ပေါ်ကို တိမ်းရှောင်ကြသူတွေရှိသလို တချို့က တောတောင်တွေနဲ့ ရွာတွေဘက်ကို ရှောင်နေကြသူတွေလည်း ရှိပါတယ်။

မတ်လ‌ ၇ ရက်နေ့ကစပြီး မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်နေပြီး ဒေါ့ဖုန်းယန်မြို့က စစ်ကောင်စီတပ်စခန်း ခလရ (၁၄၂) နဲ့ မြို့သစ်ကျေးရွာအနီးက ဒါဆိုင်းတပ်ကို မတ် ၁၄ ရက်နေ့မှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့က စတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းတွေသုံးပြီး တိုက်ခိုက်နေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။

“မတ် ၇ ရက်နေ့က စလာတာ။ အဲဒီနေ့က အရမ်းဆိုးတာ။ လက်နက်ကြီးသံတွေလည်း နီးနီးကပ်ကပ်ကို ကြားရတယ်။ လိုင်ဇာမြို့အနီးတစ်ဝိုက်တွေမှာ ကျတာတွေလည်းရှိတယ်။ နည်းနည်းကြာတာနဲ့ လိုင်ဇာက ပြည်သူတွေကလည်း လုံခြုံတဲ့နေရာတွေကို ရှောင်နေကြတဲ့အခြေအနေ ဟုတ်တယ်။ အခုက လိုင်ဇာမြို့မှာက အိမ်စောင့်တဲ့သူတွေလောက်ပဲ ရှိတော့တာ”

ရာသီဥတု အပြောင်းအလဲတွေကြား တောတောင်တွေထဲ ရှောင်တိမ်းနေကြရတဲ့ ကလေးတွေမှာ နှာစေး၊ ချောင်းဆိုးဝေဒနာတွေ ခံစားနေရတယ်လို့လည်း ပြောပါတယ်။

လိုင်ဇာတစ်ဘက်ကမ်း တရုတ်ပြည်က နားဘန်းကျေးရွာနဲ့အနီးတစ်ဝိုက်က ကျေးရွာတွေကိုလည်း တရုတ်အာဏာပိုင်တွေက ဘေးလွတ်ရာကိုပြောင်းရွှေ့ထားတာ တွေ့ရတယ်လို့ သူကဆိုပါတယ်။

KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ လုံခြုံတဲ့နေရာမှာ ရှောင်တိမ်းဖို့ တိုက်တွန်းပါတယ်။

“လိုင်ဇာပတ်ဝန်းကျင်မှာကတော့ နဂိုစစ်ဘေးဒုက္ခသည် ပြည်သူတွေပဲ များပါတယ်။ ဒါပေမဲ့ အခုမြစ်ကြီးနားဘက်က အောင်မြေ (၁)၊ အောင်မြေ (၂) ပြည်သူလူထုတွေ တော်တော်လည်း တိမ်းရှောင်တယ်ဆိုတာ ကြားရပါတယ်။ စစ်ရေးကတော့ ဆက်ဖြစ်မှာပါ။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူလူထုတွေလည်း လုံခြုံတဲ့နေရာမှာ တိမ်းရှောင်ဖို့ကတော့ အရေးကြီးပါတယ်။ ပြင်ဆင်ထားဖို့လည်း လိုပါတယ်”

ကချင်ပြည်နယ်မှာ ၂၀၂၄ နှစ်စကစပြီး သုံးလနီးပါးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း လေးဆယ်ကျော်ကို သိမ်းယူထားတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောထားပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Nawnghkying Buga Hkalup Hpung)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Nawnghkying Buga Hkalup Hpung)

စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးကလည်း နေရာအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုးလာတဲ့ဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

“အခုက နေရာတကာမှာ နေရာအနံ့အပြားမှာ တစ်ခါတည်း စစ်ရှောင်တွေ တိုးလာတာရှိတော့ အရေးပေါ် အကူအညီတွေတော့ နေရာတကာမှာ လိုအပ်နေတယ်လို့ ပြောလို့ ရတယ်ပေါ့။ အစားအသောက်တွေ နေရာထိုင်ခင်းတွေကအစ လူတွေ အများကြီးစုနေတဲ့အခါကျတော့ နေရာထိုင်ခင်းနဲ့ သူတို့သန့်ရှင်းရေး၊ ကျန်းမာရေးကိစ္စက အရေးပေါ် ကာလအတွင်း လိုအပ်တဲ့ အကူအညီတွေတော့ နေရာတကာမှာ လိုအပ်နေတယ်လို့ပြောလို့ရတယ်”

RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး မတ်လ ၂၆ ရက်နေ့ထိ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မံစီ၊ မိုးမောက်၊ ဗန်းမော်၊ ဖားကန့်၊ မိုးညှင်း၊ ဝိုင်းမော် စတဲ့ မြို့နယ်တွေက ဒေသခံ ၄၇ ယောက် သေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်က စခဲ့တဲ့တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ရွာ လေးရာကျော်က ဒေသခံ တစ်သိန်းကျော်ဟာ အခုချိန်ထိ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ထပ်တိုးလာတဲ့ အရေအတွက်နဲ့ဆိုရင် ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်စုစုပေါင်း ၁၆၀,၀၀၀ ဝန်းကျင်ရှိလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။