စစ်ကောင်စီရဲ့ လေတပ်ညီလာခံကို အာဆီယံ ငါးနိုင်ငံသာ တက်ရောက်

RFA Burmese
2023.09.14
စစ်ကောင်စီရဲ့ လေတပ်ညီလာခံကို အာဆီယံ ငါးနိုင်ငံသာ တက်ရောက် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၁) ရှိ ပတ္တမြားခန်းမ၌ ကျင်းပနေသော အာဆီယံလေတပ်ညီလာခံကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေမှာ အဓိကတာဝန်ရှိတဲ့ စစ်ကောင်စီရဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်း​အောင် ဦးဆောင်ကျင်းပနေတဲ့ အာဆီယံ လေတပ်ညီလာခံကို အာဆီယံ အင်အားကြီး လေးနိုင်ငံက လူကိုယ်တိုင် မတက်ရောက်ဘဲ ကျန်ငါးနိုင်ငံသာ တက်ရောက်လာပါတယ်။

စက်တင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ နေပြည်တော်မှာ ပြုလုပ်နေတဲ့ ဒီညီလာခံကို မလေးရှားနဲ့ အင်ဒိုနီးရှားတို့က လူကိုယ်တိုင် မတက်သလို သတင်းစကား ပေးပို့တာလည်း မရှိပါဘူး။ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ကတော့ လူကိုယ်တိုင်မတက်ဘဲ ဗီဒီယိုသတင်းစကား ပေးပို့ထားပါတယ်။

ကျန် ငါးနိုင်ငံဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံက လေတပ်အကြီးအကဲတွေကတော့ ကိုယ်တိုင်တက်ရောက်လာကြောင်း စစ်ကောင်စီက စက်တင်ဘာ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ မြန်မာ့အရေးနဲ့ပတ်သက်ရင် အဆီယံအဖွဲ့အတွင်း အကြီးအကျယ် သဘောထား ကွဲနေတယ်ဆိုတာကို ပြသနေပြီး စစ်ကောင်စီကို အင်အားကြီးနိုင်ငံတွေက မထောက်ခံဘူးဆိုတာ ပေါ်လွင်သွားတယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

"အာဆီယံနိုင်ငံ နိုင်ငံကြီးတွေပေါ့ဗျာ။ ဩဇာကြီးတဲ့၊ အင်အားကြီးတဲ့နိုင်ငံကြီးတွေက မတက်ဘဲ နိုင်ငံငယ်လေးတွေပဲ တက်တာ။ အာဆီယံက အမှန်ဆိုရင်တော့ သူတို့ဘာပဲဆုံးဖြတ်ဆုံးဖြတ် အားလုံးညီတူမျှတူဆုံးဖြတ်တာလေ။ ဒါပေမဲ့ အခုဟာက တကွဲတပြားတွေ ဖြစ်ကြတာ။ ဒီအတွက်တော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ တစ်ခုရှိတာကတော့ စစ်ကောင်စီအတွက်ကတော့ တစ်ဖက်ကြည့်ရင်လည်း အာဆီယံအစည်းအဝေးလုပ်လို့ရတယ်ဆိုတဲ့ ပုံစံလေးအတွက်တော့ ရသွားတာပေါ့။ ဒါပေမဲ့ စစ်ကောင်စီအတွက်က သူကိုအားလုံးက မထောက်ခံဘူးဆိုတာ တော်တော်ပေါ်သွားတာပေါ့"

အာဆီယံနိုင်ငံတွေ ဒီညီလာခံကို မတက်ရောက်ဘဲ သပိတ်မှောက်ကြဖို့ Justice For Myanmar အဖွဲ့က ဩဂုတ်လ ၃၁ ရက်ကစလို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါတယ်။

"ဩဇာကြီးတဲ့၊ အင်အားကြီးတဲ့နိုင်ငံကြီးတွေက မတက်ဘဲ နိုင်ငံငယ်လေးတွေပဲ တက်တာ"

အဲဒီနောက်မှာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံက လေတပ်ဦးစီးချုပ်တွေ ဒီညီလာခံကို မတက်ရောက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း စက်တင်ဘာ ၇ ရက် The Straits Times သတင်းက ဖော်ပြပါတယ်။ ဖိလစ်ပိုင်ကတော့ လူကိုယ်တိုင် မတက်ဘဲ ဗီဒီယို သတင်းစကားပဲ ပေးပို့မယ်ဆိုတာကို ညီလာခံ မတိုင်ခင်ကတည်းက ကြိုပြောထားတာပါ။

စင်ကာပူနိုင်ငံကတော့ ဒီညီလာခံကို တက်မယ်၊ မတက်ဘူး ကြိုမပြောဘဲ ညီလာခံကျင်းပတဲ့အခါကျမှ မတက်ရောက်ဘဲ ဗီဒီယိုသတင်းစကားပဲ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမတက်ရောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ ရန်ကုန်ရှိ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်သံရုံးတွေကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် တုံ့ပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။

အာဏာသိမ်းစစ်တပ်က ဦးဆောင်လုပ်တဲ့ လေတပ်ညီလာခံကို အာဆီယံနိုင်ငံထဲကတောင် စုံစုံလင်လင် မတက်ရောက်တာဟာ စစ်ကောင်စီကို ဘယ်သူကမှ တရားဝင် မထောက်ခံဘူး ဆိုတာကို ပေါ်လွင်စေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

"ဒီညီလာခံမှာ ပါဝင်တက်ရောက်တဲ့ အဖွဲ့ဝင်တွေ စုံလင်တာ၊ မစုံလင်တာဆိုတာထက် အာဆီယံနိုင်ငံအားလုံးက အာဏာသိမ်း ဒီအကြမ်းဖက်စစ်ကောင်စီကို နဂိုကတည်းက ဘယ်နိုင်ငံကမှ တရားဝင် ထောက်ခံတာ၊ အသိအမှတ်ပြုတာ လုပ်ထားတာ မရှိပါဘူး။ တရားဝင် အသိအမှတ်ပြုတာ၊ ထောက်ခံတာ မဟုတ်လို့လည်း ဒီအစည်းအဝေးကို စုံစုံလင်လင်နဲ့ မတက်ကြတာပါ"

စစ်ကောင်စီအနေနဲ့ နိုင်ငံတကာရဲ့ထောက်ခံမှုရဖို့ ဒီလိုအစည်းအဝေးတွေ လုပ်တာ ဖြစ်ပေမယ့် ဘာမှ ထူးခြားတဲ့အကျိုးရလဒ် ရမှာမဟုတ်ဘူးလို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

လက်ရှိ အာဆီယံလေတပ်ဦးစီးချုပ်များအဖွဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို စစ်ကောင်စီက ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလကမှ လေတပ်ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်ထားတာပါ။

အဲဒီနောက်ပိုင်းကစလို့ အခုချိန်ထိ တစ်နှစ်ကျော်အတွင်းမှာ သူဟာ လေကြောင်း တိုက်ခိုက်မှုပေါင်း အကြိမ် ၉၃ဝ ကျော်ကို အမိန့်ပေးကွပ်ကဲခဲ့တယ်လို့ စစ်ရေး တိုက်ခိုက်မှုတွေကို စနစ်တကျ စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ တည်နေရာနဲ့ ဖြစ်ရပ် မှတ်တမ်းစီမံကိန်း ACLED အဖွဲ့က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း လူ တစ်ထောင်နီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းအောင်ကို အမေရိကန်နဲ့ ဗြိတိန်ကလည်း ပိတ်ဆို့အရေးယူ ဒဏ်ခတ်ထားပါတယ်။ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း ရုရှားနဲ့ တရုတ်လေယာဥ်တွေသုံးပြီး ပြည်တွင်းမှာ အရပ်သားတွေကို တိုက်ခိုက်နေတာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း စစ်ကောင်စီဟာ လေကြောင်းကနေ အကြိမ် ၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကို အာဆီယံအင်အားကြီးနိုင်ငံတွေက မဆက်ဆံဘဲ သပိတ်မှောက်နေပေမယ့် ဆက်ဆံသူတွေလည်း ရှိနေတာကြောင့် စစ်ကောင်စီဘက်ကတော့ ထောက်ခံတဲ့နိုင်ငံတွေရဲ့ အားကိုးနဲ့သာ အာဏာဆက်လက် ဆုပ်ကိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ လွတ်မြောက်နယ်မြေ တစ်နေရာရောက် လေတပ် CDM ဗိုလ်ကြီး ဇေသူအောင်က ပြောပါတယ်။

"သူတို့နဂိုကတည်းက ကြိုတွက်ထားပြီးသားပဲလေ။ အနောက်နိုင်ငံအပါအဝင် အာဏာသိမ်းပြီးစကတည်းက တော်တော်များများနိုင်ငံတွေ ဆန့်ကျင်မယ်ဆိုတာ သူတို့သိထားပြီးသား။ သိထားပြီးသားဆိုတော့ ဒီကိစ္စအပေါ်မှာ သူတို့ ခံစားမှု မရှိဘူးပေါ့နော်။ သူတို့အနေနဲ့က အာဏာဆုပ်ကိုင်နိုင်ဖို့ရယ်၊ နောက်ပြီး သူတို့ကို မဖြစ်မနေ ဆက်ဆံနေတဲ့နိုင်ငံတွေက ရှိနေတာပဲလေ။ ဥပမာ အခြားနိုင်ငံတွေက တက်တဲ့ နိုင်ငံတွေရှိသလို မတက်တဲ့နိုင်ငံတွေလည်းရှိတယ်။ တက်တဲ့နိုင်ငံတွေက ဆက်ဆံနေတာဖြစ်တဲ့အတွက် ဒါသူတို့အတွက်က မျှော်လင့်တာထက်ပိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်"

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ နေပြည်တော်မှာ ကျင်းပသည့် အာဆီယံလေတပ်ညီလာခံကို တက်ရောက်လာသည့် လေတပ်အကြီးအကဲများနှင့် စစ်ကောင်စီလေတပ် ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းအောင်အား တွေ့ရစဉ်။ (Photo: Myanmar Military)
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ နေပြည်တော်မှာ ကျင်းပသည့် အာဆီယံလေတပ်ညီလာခံကို တက်ရောက်လာသည့် လေတပ်အကြီးအကဲများနှင့် စစ်ကောင်စီလေတပ် ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းအောင်အား တွေ့ရစဉ်။ (Photo: Myanmar Military)

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ အဖွဲ့ဝင်နိုင်ငံတချို့ လေတပ် ညီလာခံကို မတက်ရောက်တာက အကျိုးလိုလို့ ခုတုံးလုပ်တာဖြစ်ပြီး အာဆီယံပဲ ထိခိုက်လိမ့်မယ်လို့ ပြောပါတယ်။

"တကယ်တမ်း မြန်မာနဲ့ပတ်သက်ပြီး သူတို့မကြိုက်တာ ဖြစ်ချင်မှဖြစ်လိမ့်မယ်။ သို့သော်လည်း သူတို့ရဲ့ အကျိုးစီးပွားအတွက် ဒီကိစ္စကို ပြောရရင်တော့ ခုတုံးတစ်ခု အနေနဲ့ သုံးလိုက်တာပဲ။ ဒါအမေရိကန်ဘက်ကို လိုက်သလိုနဲ့ သူတို့အကျိုးစီးပွားအတွက် အမေရိကန်ဘက်က ဘာပြန်ရမလဲ၊ အပေးအယူလုပ်တဲ့ပုံစံမျိုးလိုတော့ ထင်တယ်။ သူတို့တက်ခြင်း၊ မတက်ခြင်းက ညီလာခံအပေါ်မှာတော့ ဘာမှအကျိုးသက်ရောက်မှု ဖြစ်လာမှာမဟုတ်ဘူး။ သူတို့အဲလိုမျိုးများများ လုပ်လာလေလေ အာဆီယံရဲ့ အက်ကြောင်းပိုကြီးလာပြီးတော့ တစ်ချိန်ချိန်မှာ အာဆီယံကွယ်သွားနိုင်တာပဲ ရှိပါလိမ့်မယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ ဘာမှထူးထွေတဲ့သက် ရောက်မှု ရင်ဆိုင်ရမှာ မဟုတ်ပါဘူး"

မြန်မာအတွက် အခုကျင်းပတဲ့ လေတပ်ညီလာခံဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်ကလည်း ၁၁ ကြိမ်မြောက် အာဆီယံလေတပ်ညီလာခံကို အိမ်ရှင်အဖြစ် ပထမအကြိမ် လက်ခံကျင်းပခဲ့ပါတယ်။ ဒီညီလာခံမှာ ကာကွယ်ရေး၊ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကိစ္စတွေမှာ အာဆီယံနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးလေ့ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံက အခြေအနေတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေတဲ့ Myanmar Witness အဖွဲ့က စက်တင်ဘာ ၂၂၀၂၂ ခုနှစ်အတွင်း တရုတ်နဲ့ ရုရှားနိုင်ငံကနေ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုဟာ အရင်နှစ်တွေကထက် သိသိသာသာ တိုးတက်လာခဲ့တယ်လို့ စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သူတို့အဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်အရ ၂၀၂၂ ခုနှစ်မှာ တရုတ်နိုင်ငံကနေ အမေရိကန်ဒေါ်လာ ၁၀၂ သန်းနဲ့ ရုရှားကနေ ဒေါ်လာ ၂၇၆ သန်းဖိုး တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၂ ခုနှစ်အတွင်း စစ်လက်နက်အတွက် သုံးစွဲခဲ့တဲ့ ငွေကြေးအားလုံးရဲ့ ၉၈ ရာခိုင်နှုန်းကို လေယာဉ်တင်သွင်းမှုအတွက် သုံးစွဲခဲ့ပြီး အဲဒီငွေကြေးအားလုံးရဲ့ ၉၇ ရာခိုင်နှုန်းကို တရုတ်နဲ့ ရုရှားက ရရှိခဲ့ကြောင်း Myanmar Witness အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။