ရန်ကုန်မှာ လူငါးဆယ်နီးပါး အဖမ်းခံထားရ

RFA Burmese
2023.11.22
ရန်ကုန်မှာ လူငါးဆယ်နီးပါး အဖမ်းခံထားရ ရန်ကုန်မြို့တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးရေးလုပ်နေသည်ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်ကတွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်းအတွင်းမှာ စစ်ကောင်စီက မသင်္ကာသူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပြီး နိုဝင်ဘာလ ၁ ရက်ကနေ ၂၁ ရက်နေ့အထိ ဖမ်းဆီးခံထားရသူ ငါးဆယ်နီးပါး ရှိတယ်လို့ ဒေသခံတွေနဲ့ မျက်မြင်သိရှိသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

အဲဒီအထဲက လူပေါင်း သုံးဆယ်လောက်ဟာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်မှုတွေ မကြာခဏ ရှိနေတဲ့ ခရမ်းမြို့နယ်က ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အများစုက ညအချိန် ဖမ်းဆီးခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်”

နိုဝင်ဘာလ ၁၉ ရက်နေ့ ညက ခရမ်းမြို့၊ အမှတ် ၁၂ ရပ်ကွက်က အဆောင်တစ်ခုကို စစ်ကောင်စီက ဧည့်စာရင်းကို အကြောင်းပြပြီး ပိတ်ဆို့ စစ်ဆေးပြီးတဲ့နောက် လူငယ်အမျိုးသား ဆယ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခရမ်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဆောင်တစ်ခုကိုဝင်ပြီး သူတို့ (စစ်ကောင်စီ တပ်သား) ဧည့်စာရင်း စစ်တယ်။ အဲဒီနားမှာက အဖမ်းခံရတဲ့သူတွေက နေတာကြာပြီ။ ဧည့်စာရင်း စစ်တဲ့ဟာမှာ အချက်အလက် အပြည့်အစုံ ပေးတယ်။ ပေးနိုင်ရက်သားနဲ့ ဘာအကြောင်းပြချက်မှမရှိဘဲ ခေါ်သွားတာ။ ယောက်ျားလေးတွေချည်းပဲ ဆယ်ယောက်ကျော်ကျော်လောက် ရှိတယ်။ အခုထိတော့ အဆက်အသွယ် မရသေးဘူး။ မလွတ်သေးဘူးခင်ဗျ”

သူတို့ကို ဘာကြောင့် ဖမ်းဆီးတယ်၊ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးသလို မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ် ပြတ်နေတယ်လို့ သူက ပြောပါတယ်။

ခရမ်းမြို့နယ်အတွင်း နောက်ထပ် လူ နှစ်ဆယ်နီးပါးကတော့ နိုဝင်ဘာလ ၁ ရက်ကနေ ၁၈ ရက်အတွင်း ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။ အများစုက ညအချိန် ဖမ်းဆီးခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အခုရက်ပိုင်း ခရမ်းမြို့မှာ ညဘက် အသွားအလာတွေမရှိဘဲ လူသူ ကင်းမဲ့နေတယ်လို့ ခရမ်းမြို့ခံတွေက ပြောပါတယ်။

အလားတူ အခုလအတွင်း ကမာရွတ်မြို့နယ်မှာ သုံးဦး၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ ငါးဦး၊ မြောက်ဥက္ကလာပမြို့နယ်မှာ ဆယ်ဦးအထိ အဖမ်းခံခဲ့ရပြီး ပြန်လွှတ် ပေး၊ မပေး ဆိုတာကိုတော့ မသိရသေးဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်လို့ စောင့်ကြည့်နေတဲ့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၁ ရက် မနေ့ ညပိုင်းကလည်း ကမာရွတ်မြို့နယ် အမှတ် ၅ ရပ်ကွက်မှာ လူငယ်အမျိုးသား နှစ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ကမာရွတ်မြို့နယ် သတင်းတွေကိုဖော်ပြနေတဲ့ Kamayut Information တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ညဘက် ခုနစ်နာရီလောက်မှာ ၅ ရပ်ကွက် ဆင်မလိုက်က ဈေးပထမထပ်က ကောင်လေးတွေ အဖမ်းခံရတယ်ဆိုတဲ့ သတင်းမျိုးကို ကျွန်တော်တို့ ရထားတယ်။ အင်းစိန်လမ်းမဘက်က စံရိပ်ငြိမ် မှတ်တိုင်တို့၊ လှည်းတန်းမှတ်တိုင်တို့ အဲဒီဘက်တွေနဲ့ ၃ ရပ်ကွက်မှာရှိတဲ့ လှည်းတန်းဘူတာပေါ့နော်။ လွန်ခဲ့တဲ့ ရှစ်လပိုင်း၊ ကိုးလပိုင်းကတည်းက ဖမ်းဆီးမှုဖြစ်စဉ်တွေက ခပ်စိပ်စိပ် ဖြစ်လာတယ်”

ကမာရွတ်မြို့နယ်ထဲမှာ စစ်ကောင်စီ တပ်သားတွေ နေ့စဉ် ကင်းလှည့်ပြီး ဟံသာဝတီလမ်းအနီးက မူးယစ်ပြတိုက်အနီးမှာလည်း ဖမ်းဆီး၊ စစ်ဆေးတာတွေ မကြာခဏလုပ်တာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေပြည်သာမြို့မှာ နေထိုင်သူတစ်ဦးကတော့ ဖမ်းဆီးမှုတွေရှိနေတဲ့ သတင်းတွေကြောင့် ညမိုးချုပ်တာနဲ့ အပြင်မထွက်ကြတော့ဘဲ နေအိမ်ထဲမှာပဲ နေကြတယ်လို့ RFA ကို ပြောပါတယ်။

“တို့ရပ်ကွက်ဆိုလို့ရှိရင် ညမှောင်တာနဲ့ တံခါးတွေ ပိတ်ပြီးတော့ အပြင်မထွက်ကြတော့ဘူး။ အပြင်ရောက်နေတဲ့ ကလေးတွေ ပြန်ခေါ် ။ တံခါးပိတ်ပြီးတော့ ကိုယ့်အိမ်မှာ အေးအေးလူလူ အပြင်မထွက်ကြဘူး။ အဲဒီလိုမျိုးတော့ ရှိတယ်”

ရန်ကုန် မြို့ပြသပိတ်တွေမှာ ပါဝင်နေသူ ကိုကောင်းကတော့ စစ်ကောင်စီ တပ်သားတွေဟာ ကင်းလှည့်ရင်း ဖမ်းဆီးတာရှိသလို အသက် ၁၈ နှစ်အထက် လူငယ်တွေကိုလည်း ဖမ်းဆီးတာ ရှိတယ်လို့ RFA ကို ပြောပါတယ်။

“ဖမ်းဆီးတဲ့ နေရာမှာ နှစ်မျိုးရှိတယ်။ သူတို့ ပုံမှန် ကင်းပတ်ရင်းနဲ့ မသင်္ကာလို့ စစ်ဆေးလုပ်ရင်းနဲ့ ဖုန်းထဲမှာ တစ်ခုခု တွေ့တာမျိုးဆိုရင် ဖမ်းခေါ်သွားတာရှိတယ်။ နောက်ပြီး ဒီအတိုင်း သွားလာနေတဲ့နေရာမှာ အသက် ၁၈ နှစ်နဲ့ ၁၈ နှစ်အထက် ပုံမှန် ကင်းပတ်မဟုတ်ဘဲ တွေ့တဲ့အနေအထားမှာ သူတို့ ဆွဲချင်တဲ့နေရာမှာ ဆွဲနေတဲ့ အနေအထားဖြစ်တယ်”

ရန်ကုန်မြို့တွင်း တစ်နေရာကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့တွင်း တစ်နေရာကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

နောက်ထပ် ရန်ကုန် မြို့ပြသပိတ်တွေကို ဦးဆောင်နေတဲ့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) ဥက္ကဋ္ဌ ကိုရေဘဝဲကတော့ စစ်ကောင်စီဘက်က မြို့ပြတော်လှန်ရေး အင်အားစုတွေကို ဖမ်းဆီးဖို့ အပါအဝင် အချက်သုံးချက်နဲ့ လုပ်နေတာလို့ ပြောပါတယ်။

“စစ်ကောင်စီဘက်ကနေ ရည်ရွယ်ချက်သုံးခုနဲ့ လုပ်နေတယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်။ နံပါတ် တစ်ကတော့ နိုင်ငံတစ်ဝန်းလုံးမှာ ဆင်နွှဲနေတဲ့ တော်လှန်စစ်ရေး သတင်းတွေကို ဖုံးလွှမ်းစေဖို့၊ နံပါတ် နှစ်အချက်ကတော့ မြို့ပြတော်လှန်ရေး အင်အားစုတွေကို အာရုံပြု ဖမ်းဆီးဖို့၊ နံပါတ် သုံးအချက်ကတော့ အကြမ်းဖက် ငွေညှစ်ဖို့ဖြစ်ပါတယ်။ ဒီအချက်သုံးခုကို အခြေခံပြီး စစ်ကောင်စီဘက်ကနေပြီးတော့ ဗျူဟာကျကျ ဆောင်ရွက်နေတယ်လို့ သုံးသပ်ရတယ်”

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာတော့ ရန်ကုန်မြို့မှာ ပေါ်တာ ဆွဲတာတွေ မရှိသလို စိတ်ပူစရာလည်း မရှိကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ လူငယ်တွေ ဖမ်းဆီးခံရတာတွေ ရှိနေတဲ့ကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ဖော်ပြတာ မရှိပါဘူး။ ဒါကြောင့် စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ ဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၂၁ ရက် မနေ့က ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရတဲ့ အရပ်သား နှစ်သောင်းခွဲကျော်ရှိပြီး အဲဒီအထဲက အရပ်သား ၁၉,၇၀၂ ဦးကတော့ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။