စစ်ကောင်စီကို ဝေဖန်ရေးသားမှုနဲ့ ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိလာ

RFA Burmese
2023.10.13
စစ်ကောင်စီကို ဝေဖန်ရေးသားမှုနဲ့ ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိလာ မိုဘိုင်းဖုန်းဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အသုံးပြုနေသူတစ်ဦးအား ၂ဝ၂၁ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
AFP

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားလို့ အဖမ်းခံရသူ ၁၃၁၆ ဦးထိ ရှိကြောင်း Data for Myanmar အဖွဲ့က အောက်တိုဘာ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်တွေ လုပ်ကြဖို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဇန်နဝါရီလကတည်းက လူမှုကွန်ရက်ကနေ ကြိုတင် နှိုးဆော်တာကို တွေ့ရပြီးနောက်မှာ စစ်ကောင်စီက လူမှုကွန်ရက်ကနေ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေလုပ်ရင် အကြမ်းဖက်ပုဒ်မ၊ ဆက်သွယ်ရေး ပုဒ်မတွေနဲ့ အရေးယူမယ်လို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာ စတင် ခြိမ်းခြောက်လာပါတယ်။

အဲဒီအချိန်ကစလို့ ဒီနေ့အထိ လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေမှာ စစ်ကောင်စီကို ဝေဖန်ရေးသားသူ၊ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအပေါ် ထောက်ခံရေးသားသူ မှန်သမျှကို ဆက်တိုက်ဖမ်းဆီးနေတာပါ။

နေ့စဉ်ရက်ဆက်ဖမ်းဆီးခံရတဲ့ သာဓကတွေ ရှိနေတာကြောင့် လူမှုကွန်ရက်ပေါ်မှာ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်ကိုတောင် ထုတ်ဖော်မရေးသားရဲဘဲ ဖြစ်လာတယ်လို့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“ပို့စ်ရေးတာတို့၊ ရှယ်တာတို့ ကွန်းမန့်ဝင်ပေးတာတို့ အဲဒီဟာကနေတစ်ဆင့် အဖမ်းခံလာရတဲ့သူတွေ များတယ် ပေါ့နော်။ အင်တာနက်ဆို ပိုဆိုးတာပေါ့၊ အင်တာနက်မှာဆိုရင်လည်း သတင်းတွေ ဘာတွေ တက်လာတယ်ဆိုရင် ဒီအတိုင်းပဲ ဝင်ကြည့်လိုက်တယ်။ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးရှိရင်တောင်မှ ကွန့်မန့်လည်း သွားမပေးရဲဘူး။ ရှယ်လည်း မရှယ်ရဲဘူး။ ဒီလိုပဲ သိုသိုသိပ်သိပ်ပဲ နေ နေရတဲ့ဘ၀ တွေပေါ့နော်၊ လွတ်လပ်ခွင့်ကတော့ လုံး၀မရှိဘူး”

Data for Myanmar ရဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းက ၃၂၃ ဦးနဲ့ အများဆုံး၊ မန္တလေးတိုင်းက ၂၈၄ ဦးနဲ့ ဒုတိယ အများဆုံး အဖမ်းခံထားရပါတယ်။ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းက ပြည်သူတွေလည်း ပါဝင်ပါတယ်။

"ကျွန်တော်တို့ မလွတ်လပ်သရွေ့ လွတ်လပ်တဲ့ တိုင်းပြည်တွေမှာရှိတဲ့ လူတိုင်းရတဲ့ အခွင့်အရေးကို ကျွန်တော်တို့ တိုင်းပြည်ကလူတွေ မရသေးတာ”

အဖမ်းခံထားရသူတွေထဲမှာ နိုင်ငံရေး၊ လူမှုရေးနဲ့ အနုပညာလောက က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေများသလို သာမန်အရပ်သားတွေလည်း ပါဝင်ပါတယ်။

စစ်တပ်ထောက်ခံသူတွေက စောင့်ကြည့်သတင်းပေးပြီး နှိုးဆော်တာတွေကြောင့် ဖမ်းဆီးခံရမှုတွေ များလာတာလို့ အိုင်တီနည်းပညာရှင် လူငယ်တစ်ဦးက ပြောပါတယ်။

“နည်းပညာပိုင်းအရတော့ သူတို့မှာတော့ ဘာမှ ထွေထွေထူးထူး လုပ်ထားတာမရှိဘူး။ အဓိက အင်ဖော်မာလို့ပဲ ကျွန်တော်တို့ ပြောလို့ရမယ်။ နည်းပညာပိုင်းအရ သူတို့ ဖေ့စ်ဘွတ်ခ်နဲ့ ပတ်သက်ပြီးတော့ ကောင်းကောင်း ထိန်းချုပ်ကိုင်တွယ်နိုင်တာမျိုး မရှိဘူး။ တစ်ချိန်လုံး လူတွေကို စောင့်ကြည့်တာတို့ ဘာတို့ကျတော့ အွန်လိုင်းမှာ တင်တဲ့ကိစ္စပေါ့နော်၊ ဒစ်ဂျစ်တယ် အဆက်အသွယ်တွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတဲ့သူတွေက တစ်ချိန်လုံး သူတို့ကို အင်ဖော်မေးရှင်း ပေးတယ်။ လိုက်ပြီးတော့ သတင်းတွေ ဖြန့်ဝေတယ်။ အဲဒီအခါမှာ အဲဒီလူက အဖမ်းခံရတယ်၊ ဒါမျိုးတွေ့တယ်”

လူမှုကွန်ရက်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ဆုတောင်းသူတွေ၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခံရမှုအတွက် ဝမ်းနည်းကြောင်း ပရိုဖိုင်ဓာတ်ပုံ ဖော်ပြသူတွေ၊ အာဏာသိမ်း တစ်နှစ်ပြည့်၊ နှစ်နှစ်ပြည့် နေ့တွေမှာ အသံတိတ်သပိတ် လှုံ့ဆော်သူတွေကို စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေကနေ ဓာတ်ပုံတွေ ကိုယ်ရေးအချက်အလက်တွေနဲ့တကွ အတိအကျ ဖော်ပြပြီး ဖမ်းခိုင်းနေတာလို့ သူက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ ၂၀၂၂ ခုနှစ် မေလတုန်းကတော့ NUG၊ CRPH တို့နဲ့ ပတ်သက်ပြီး လှုံ့ဆော်တာ၊ အားပေးတာတွေ လုပ်ရင် အကြမ်းဖက်ဥပဒေနဲ့ ငြိစွန်းတာဖြစ်လို့ အရေးယူရမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ရေးသားရုံနဲ့ ဖမ်းဆီးနေတာဟာ လူတစ်ယောက်ရဲ့ အခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ကို ချိုးဖောက်နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ထောက်ပြဝေဖန်ပါတယ်။

“သူတို့က ပြောင်းပြန်ပေါ့နော်၊ အကြမ်းဖက်ဥပဒေတွေနဲ့ အကြမ်းဖက်လှုံ့ဆော်လို့ ဆိုပြီးတော့ အရေးယူတယ် ဆိုပြီး ပြောတယ်၊ အကြမ်းဖက်နေတာ သူတို့သာ ဖြစ်တယ်။ ဒီလို လူမှုကွန်ရက်ပေါ်မှာ ရေးတဲ့သူတွေက အမှန် တရားရေးပြီးတော့၊ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရေးသားဖော်ပြပြီးတော့ အကြမ်းဖက်လုပ်ရပ် တွေကို ကန့်ကွက်ဆန္ဒဖော်ပြနေတာဖြစ်တယ်။ အဲဒါကို ပြောင်းပြန် သူတို့ကနေပြီးတော့ အကြမ်းဖက်ဥပဒေအရ အရေးယူမယ်ဆိုပြီးတော့ ခြိမ်းခြောက်နေတယ်။ ဒါက ဘာလဲဆိုတော့ လူသားတစ်ယောက်ရဲ့ အခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဆိုတဲ့ အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တယ်”

ဖမ်းဆီးခံရသူတွေထဲမှာ Facebook အသုံးပြုသူတွေက အများစုဖြစ်ပြီး TikTok နဲ့ Telegram အသုံးပြုသူအချို့ လည်း ပါဝင်တယ်လို့ Data for Myanmar က ဖော်ပြပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ရေးသားမှုတွေနဲ့ ပြောဆို ဆက်သွယ်မှုတွေကြောင့် အဖမ်းခံရသူ အရေအတွက်ဟာ လစဉ် ပျမ်းမျှ ၆၅ ဦးခန့် ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုတော်ဗျူဟာ ဖမ်းဆီးခံရပြီးနောက် ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ထုတ်ပြန်ထားစဉ်။ (Myanmar Hard Talk Telegram)
အဆိုတော်ဗျူဟာ ဖမ်းဆီးခံရပြီးနောက် ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ထုတ်ပြန်ထားစဉ်။ (Myanmar Hard Talk Telegram)

အွန်လိုင်းပေါ်ကနေ စစ်ကောင်စီကိုဝေဖန်လို့ ထောင်နှစ် ၂၀ ချမှတ်ခံထားရတဲ့ ဟစ်ဟော့ပ်အဆိုတော် ဗျူဟာရဲ့ ဖခင် တေးရေးဆရာ နိုင်မြန်မာ ကတော့ တိုင်းပြည်မလွတ်လပ်သေးသရွေ့ ကမ္ဘာပေါ်က လူတိုင်းရတဲ့ အခွင့်အရေး ကို မြန်မာပြည်သူတွေ မရနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

“လွတ်လပ်တဲ့လူတွေ လူတိုင်းရတဲ့ အခွင့်အရေးပဲလေ။ ကျွန်တော်တို့ တိုင်းပြည်က မလွတ်လပ်သေးဘူး။ ကမ္ဘာပေါ်မှာ ဘယ်အရပ်ဒေသမှာနေနေ၊ ဘယ်လိုအသားအရောင် ပဲဖြစ်ဖြစ် ဘာဘာသာပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းဟာ လွတ်လပ်ဖို့ အရမ်းအရေးကြီး တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အဲဒါသုံးခွင့် ကမ္ဘာပေါ်မှာ ရိုးရိုး လူတစ်ယောက်ရတဲ့ အခွင့်အရေးကို မရသေးတဲ့ တိုင်းပြည်ပေါ့ဗျာ။ ကျွန်တော်တို့ မလွတ်လပ်သရွေ့ လွတ်လပ်တဲ့ တိုင်းပြည်တွေ မှာရှိတဲ့ လူတိုင်းရတဲ့ အခွင့်အရေးကို ကျွန်တော်တို့ တိုင်းပြည်ကလူတွေ မရသေးတာ”

ဒီလိုဖိနှိပ်မှုတွေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာ ဖော်ပြထားတဲ့ လူတိုင်း နယ်စည်းမခြားဘဲ သတင်းတွေကို ရရှိခွင့်၊ သိုမှီးခွင့်၊ ဖြန့်ဖြူးခွင့် ရှိရမယ်ဆိုတဲ့ အချက်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ လူ့အခွင့်အရေးသမားတွေက ပြောပါတယ်။

နိုင်ငံတကာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (International Covenant on Civil and Political Rights – ICCPR) ကိုလည်း စစ်ကောင်စီက ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။ အဲဒီစာချုပ်ရဲ့ အပိုဒ် ၁၉ မှာလည်း လူတိုင်းဟာ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့ လိုနေပြီလို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights ရဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးဇော်ဝင်း က ပြောပါတယ်။

“လူ့အခွင့်အရေးကြေညာစာတမ်း၊ လူ့အခွင့်အရေးဥပဒေတွေမှာ ဒါက အတိအလင်း ဖော်ပြထားတာရှိတာပေါ့။ အဲဒါနဲ့ဆန့်ကျင်ပြီး စစ်တပ်က ဒီလိုမျိုး ဖမ်းဆီးထောင်ချ နေတာဟာ ဒါက လူ့အခွင့်အရေးနဲ့ ဘယ်လိုမှ ကိုက်ညီ မှု မရှိဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားပိုင်ခွင့်တွေ ဘယ်လိုမှ မရှိဘူးဆိုတာ ဒီလုပ် ရပ်နဲ့ ပြသလိုက်တာပေါ့နော်။ အဲဒီလိုမျိုးလုပ်တာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ အဲဒါကြောင့် စစ်တပ်က ဒီလိုမျိုး သူတို့ရဲ့ မတရားတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်တန့်ရမယ်”

အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့ Freedom on the Net – 2023 အစီအရင်ခံစာအရ မြန်မာဟာ အင်တာနက်လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ကမ္ဘာပေါ်မှာ ဒုတိယ အဆိုးရွား ဆုံးနိုင်ငံ ဖြစ်နေပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတကာပြဋ္ဌာန်းချက်တွေကို အလေးမထားတဲ့အပြင် တစ်ဖက်မှာလည်း ကန့်သတ်ထား တဲ့ ဝက်ဘ်ဆိုက်တွေ၊ application တွေကိုကျော်ပြီး ကြည့်နိုင်တဲ့ VPN (Virtual Private Network) နည်းပညာကို ခွင့်ပြုချက်မရှိဘဲ သုံးရင် ထောင်ဒဏ် သုံးနှစ်ထိ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းဖို့ ပြင်ဆင်နေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။