အာဏာသိမ်း ၁၉ လအတွင်း စစ်ကြောရေးမှာ လူ ၁၄၅ ဦး သေဆုံး

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့စက်တင်ဘာလကုန်အထိ ၁၉ လအတွင်း စစ်ကြောရေးမှာ လူ ၁၄၅ ဦး သေဆုံးရပါတယ်။ ဒါဟာ RFA က သီးသန့်ပြုစု ထားတဲ့ စာရင်းဖြစ်ပါတယ်။
လတ်တလော စစ်ကြောရေးအတွင်း သေဆုံးခဲ့ရသူတွေထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမျိုးကျော်၊ နေပြည်တော် ဥတ္တရသီရိ မြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးဇော်မျိုးဝင်း (ခေါ်) ဦးကိုကြီး၊ ရန်ကုန်တိုင်း တွံတေးမြို့နယ်က NLD ထောက်ခံသူ ဒေါ်ခင်မျိုးနွယ်၊ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကမ်းနီကျေးရွာ NLD ဥက္ကဋ္ဌ ဦးညွန့်ဝင်းနဲ့ မန္တလေးတိုင်း ဝမ်းတွင်းမြို့က အသက် ၅၀ ရွယ် အလယ်တန်းပြ ကျောင်းဆရာ ဦးကျော်နိုင်ဝင်း တို့ ပါဝင်ပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးကျော်ကို မြစ်ကြီးနားမြို့နယ် ၂၁ မိုင် ဂိတ်မှာ စစ်ကောင်စီတပ်က ဩဂုတ် ၂၄ ရက်နေ့က ဖမ်းဆီး သွားပြီးနောက် တစ်လအကြာ စက်တင်ဘာ ၂၂ ရက်နေ့က သေဆုံးကြောင်း အတည်ပြုနိုင် ခဲ့တယ်လို့ မိုးညှင်း NLD ကိုယ်စားလှယ်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လူ့အခွင့်အရေးရှုထောင့်က ပြောမယ်ဆိုရင် တော်တော်များများကိစ္စတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်။ ရာဇဝတ်မှုတွေရှိတယ်"
သေဆုံးသူအတွက် ဗုဒ္ဓဘာသာဝင် ထုံးစံအတိုင်း သက်ပျောက်ဆွမ်းသွတ်ဖို့အတွက်တောင် မိသားစုက ကြောက်ရွံ့ နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးညှင်းဒေသခံက ပြောပါတယ်။
“မိသားစုဝင်တွေ သေဆုံးတာ မသိလိုက်ဘူး။ မိသားစုတွေကိုလည်း အကြောင်းကြားမှာ မဟုတ်ဘူး။ စစ်ကြောရေးကလည်း အကြောင်းကြားမှာ မဟုတ်ဘူး။ မိသားစုဝင်တွေက သူ့ကို သရဏဂုံလေးတင်ပြီး သက်ပျောက်ဆွမ်းလေးကျွေးပြီး နောက်ဆုံးအနေနဲ့ ရက်လည်သဘောမျိုးလေး မိသားစုတွေက လုပ်ချင်တဲ့ ဆန္ဒတော့ ရှိတယ်။ ဒါပေမဲ့ သူတို့ကလည်း တော်တော်ကြောက်နေပြီလေ”
ဦးမျိုးမျိုးကျော် သေဆုံးကြောင်း မိသားစုကအတည်ပြုနိုင်တဲ့နေ့ မနက်ပိုင်းမှာပဲ သူ့ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လာရောက် ချိပ်ပိတ်သွားတယ်လို့လည်း သူက ပြောပါတယ်။
ဦးမျိုးမျိုးကျော်ဟာ အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေဘက်က ဆက်လက် ရပ်တည်နေသူတစ်ဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။
အလားတူ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကမ်းနီကျေးရွာ NLD ဥက္ကဋ္ဌ အသက် ၄၈ နှစ်အရွယ် ဦးညွန့်ဝင်းဟာ စက်တင်ဘာ ၁၅ ရက်နေ့က လယ်လုပ်ကိုင်နေစဉ် ဖမ်းဆီးခံရပြီး အင်းတကော်မြို့နယ်၊ တပ်မ (၇၇) ရဲ့ စစ်ကြောရေးကို ဆက်လက်ပို့ဆောင်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီနောက် စက်တင်ဘာ ၁၆ ရက်နေ့ မနက်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးတယ်ဆိုပြီး သင်္ဂြိုဟ်လိုက်တဲ့အကြောင်း မိသားစုထံ စစ်ကောင်စီ က အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် NLD ပါတီ အတွင်းရေးမှူး အသက် ၄၅ နှစ်အရွယ် ဦးဇော်မျိုးဝင်း (ခ) ဦးကိုကြီးကိုလည်း ပြင်ဦးလွင်မြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညက စစ်ကောင်စီ တပ်က ဖမ်းဆီးသွားပြီးနောက် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားကြောင်း မိသားစုထံ အကြောင်းကြား တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကိုလည်း ပြန်မပေးဘူးလို့ ဆိုပါတယ်။
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းရွာမှာတော့ အသက် ၄၀ အရွယ် ဒေါ်ခင်မျိုးနွယ် ကို စစ်ကောင်စီတပ်နဲ့ ရာအိမ်မှူးက ဩဂုတ် ၂၇ ရက်နေ့က မေးမြန်းဖို့ ခေါ်သွားပြီး နှစ်ရက် အကြာ ဩဂုတ် ၂၉ ရက်နေ့မှာတော့ သေဆုံးသွားတဲ့အကြောင်း မိသားစုကို အကြောင်း ကြားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဩဂုတ်လ ၃၀ ရက်နေ့မှာတော့ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဒေါ်ခင်မျိုးနွယ်ရဲ့ ရုပ်အလောင်းကို မိသားစုက ကြည့်ခွင့်ရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြော ပါတယ်။
“မိသားစုဝင်တွေ သွားကြည့်တယ်လို့ သိတယ်ဗျ။ ခန္ဓာကိုယ်တစ်ခုလုံးကို ကြည့်ရှုခွင့်ရ တာတော့ မဟုတ်ဘူးပေါ့နော်။ မျက်နှာလောက်ပဲ မြင်ခဲ့ရတယ်။ မင်္ဂလာဒုံ စစ်ဆေးရုံမှာ လို့ သိရတယ်။ သွားကြည့်တဲ့သူတွေကိုယ်တိုင်လည်း ဘာမှတ်တမ်းမှ ရိုက်ယူလို့ မရဘူး ဗျ။ စဝင်ကတည်းက ဖုန်းတွေ ဘာတွေ အကုန်သိမ်းပြီးမှ ခဏကြည့်ခွင့်ပေးတဲ့ အခြေ အနေမျိုးပါဗျ။ ရုပ်အလောင်းလည်း ပြန်ရတဲ့ အခြေအနေမျိုး မရှိပါဘူးဗျ”
ဒေါ်ခင်မျိုးနွယ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသူတစ်ဦး ဖြစ်ပါတယ်။ သူ့မှာ ရောဂါအခံမရှိသလို ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်တယ်လို့ လည်း အဲဒီဒေသခံက ပြောပါတယ်။
ဒါပေမဲ့ ဒေါ်ခင်မျိုးနွယ် သေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဘာအကြောင်းပြ ချက်မှ မပေးခဲ့ဘူးလို့ လည်း သူက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ပတ်သက်သူတွေကို စစ်ကောင်စီက ဖမ်းဆီး ပြီးနောက် စစ်ကြောရေးမှာ သေဆုံးနေသလို လူနည်းစု ဘာသာဝင်တွေကိုလည်း အခုလို ဖမ်းဆီးပြီးနောက် သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ အင်္ဂလန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေး အဖွဲ့ Burma Human Rights Network (BHRN) က RFA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဖက်ဆစ်တွေရဲ့ လုပ်ရပ်နဲ့ ဆင်တူနေပြီး ဒီသက်သေတွေကို စုစည်းပြီး အရေးယူမှုတွေ ရှိလာနိုင်တယ်လို့ BHRN ရဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။
“လူ့အခွင့်အရေးရှုထောင့်က ပြောမယ်ဆိုရင် တော်တော်များများကိစ္စတွေမှာ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ရှိတယ်။ ရာဇဝတ်မှုတွေရှိတယ်။ သို့သော် ဒီလိုမျိုး ဖမ်းဆီးပြီး တာနဲ့ သတ်ဖြတ်တယ်ဆိုတာက ဒါက တော်တော် ကြောက်စရာကောင်းတဲ့ လူသတ်မှု တစ်ခုပဲ။ ဒါမျိုးက နာဇီတွေ လုပ်ခဲ့တဲ့ဟာမျိုး ဒုတိယကမ္ဘာစစ်တုန်းက ဖက်ဆစ်တွေ လုပ်ခဲ့တဲ့ လုပ်ရပ်လိုမျိုး တော်တော်လေးရှင်းပါတယ်။ မြန်မာနိုင်ငံမှာ IIMM (မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား) ဆိုတာ ရှိထားပြီးပြီပေါ့နော်။ သက်သေအထောက်အထားတွေ ဒီအဖွဲ့အစည်းတွေကို ပေးမယ်။ ပြန်ပြီးတော့ အမှုဆင် မယ်ပေါ့နော်။ နိုင်ငံတကာမှာ တရားစွဲတာတွေ၊ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ ရာဇဝတ် ကောင်တွေကို အရေးယူတာမျိုး ဒါတွေ ဖြစ်လာနိုင်တယ်”
ဒါပေမဲ့လည်း စစ်ကောင်စီနဲ့ ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခု ကြာမြင့်မှာ ဖြစ်တဲ့အတွက် နိုင်ငံတကာက အရေးယူမှုကို စောင့်ဆိုင်းနေတာထက် မြေပြင် အခြေအနေကိုသာ အားပေး ကူညီရမှာ ဖြစ်တယ်လို့ ဦးကျော်ဝင်းက ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေ ပေါ်လွင်မယ့် သန်းနဲ့ချီတဲ့အချက်လက်တွေကို မြန်မာနိုင်ငံ ဆိုင်ရာလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ရထားပြီး အမှုတွဲ ၆၇ ခုပြင်ဆင်ထားပါတယ်။ ဒါတွေကို အပြည်ပြည် ဆိုင်ရာ တရားရုံး ICJ နဲ့ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC တို့ကို ဖြန့်ဝေမယ်လို့ IIMM အကြီး အကဲ မစ္စတာ နီကိုလပ် ကုမ်ဂျန်က ကုလ လူ့အခွင့်အရေးကောင်စီကို စက်တင်ဘာလ ၁၃ ရက်နေ့က ပြောဆို ထားပါတယ်။
စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေဟာ အထောက်အထားခိုင်မာတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
“ဒီအထောက်အထားတွေ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အထောက်အထားတွေဟာ သေသေချာချာရှိနေပြီ။ အချိန်တန်တဲ့အခါမှာ တရားခံတွေ၊ လက်နဲ့လုပ်တဲ့သူ၊ ပါးစပ်နဲ့ အမိန့်ပေးတဲ့သူ၊ လက်နဲ့ပဲလုပ်လုပ် ပါးစပ်နဲ့ပဲ အမိန့်ပေးပေး တိုက်ရိုက်အမိန့်မပေးရင် တောင်မှ တာဝန်ရှိတဲ့သူ၊ ထိပ်ဆုံးကသူ အကုန်လုံးဟာ မီးခိုးကြွက် လျှောက်ဆိုသလို တာဝန်ရှိပါတယ်။ အဲဒီလူတွေအားလုံး အရေးယူခံရပြီး အပြစ်ပေးခံရမှာ မလွဲပါဘူး။ ရာဇဝတ်ဘေးက ပြေးမလွတ်ပါဘူး”
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဖမ်းဆီးရမှုတွေကို လုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်သလို သေဆုံးမှုတွေ ရှိခဲ့တယ်ဆိုတာကိုလည်း မငြင်းလို ကြောင်း၊ တချို့ သေဆုံးမှုတွေကို သေမှု၊ သေခင်းဖွင့်ပြီး ဥပဒေအတိုင်း ဆောင်ရွက်တာတွေ ရှိကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့မှာ RFA က မေးမြန်းတုန်းက ပြန်လည်ဖြေကြား ထားပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ စွဲဆို ထားတဲ့ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမှုအတွက် စစ်ကောင်စီက ကန့်ကွက်ခဲ့ပြီး အဲဒီကန့်ကွက် ချက် လေးခုလုံးကို တရားရုံးက ပယ်ချထား ပါတယ်။
ဒါ့အပြင် မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ စွဲချက်တင်နိုင်ဖို့ တူရကီနိုင်ငံမှာ ဗြိတိန်အခြေစိုက် မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက် (MAP) အဖွဲ့ က ဇွန်လ အတွင်း ကြိုးစားခဲ့သလို မြန်မာနိုင်ငံတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို အရေးယူနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ ကလည်း အင်ဒိုနီးရှား အခြေခံဥပဒေတရားရုံးကို စက်တင်ဘာလဆန်းပိုင်းမှာပဲ တင်ပြတောင်းဆိုထားပါတယ်။