စစ်ကိုင်း အင်းစရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ခံရပြီး ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးနေရ

RFA Burmese
2023.04.22
စစ်ကိုင်း အင်းစရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ခံရပြီး ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးနေရ မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းမြို့ အင်းစရွာမှ နေအိမ်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အင်းစရွာကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်မနက်ပိုင်းမှာ အင်အားတစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၇၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့နဲ့ မိုင် ၂၀ ခန့်ဝေးပြီး အိမ်ခြေ ၄၁၀ ခန့်ရှိတဲ့ အဲဒီရွာဟာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတာကြောင့် ဒေသခံ ၁၅၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

နေအိမ်တွေအပြင် နှစ်ပေါင်း ၇၀ ကျော်သက်တမ်းရှိတဲ့ ရွာဘုန်းကြီးကျောင်းပါ မီးလောင်ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အသက် ၅၅ နှစ်အရွယ် အင်းစရွာသားတစ်ဦးက RFA ကိုပြောပါတယ်။

“မူးမန္တလေးစစ်ကြောင်းက တလိုင်းကျွန်းကိုကူးပြီး အင်းစရွာထဲဝင်လာတာ။ ဝင်ဝင်ချင်းမီးနဲ့ရှို့တာ။ ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ပါသွားတယ်။ အဲဒီကျောင်းက ကျနော်တို့မမွေးခင်ကဆိုတော့ အနှစ် ၇၀ လောက်ရှိပြီဗျ။ စိတ်ခံစားမှုကတော့ဗျာ မဖြစ်သင့်တာတွေဖြစ်လာတော့ ပြောမပြတက်အောင် စိတ်မကောင်းဘူး။ ရွာဦးကျောင်းကြီးကတော့ အင်းစမှာဘာပဲလုပ်လုပ် ရွာဦးကျောင်းမှာပဲ ဦးတည်ပြီးလုပ်ကြတာ။ အင်းစရွာရဲ့ အဓိပတိပြယုုလို့ ပြောလို့ရတယ်”

စစ်ကောင်စီတပ်သားတွေဟာ အင်းစရွာခံ အသက် ၃၈ နှစ်အရွယ်ကိုမိုး၊ အသက် ၆၀ အရွယ် ဦးမာဆင်နဲ့ အသက် ၂၀ အရွယ် ကိုရဲနောင်တို့ကိုပါ ဖမ်းဆီးသွားပြီး ဒီကနေ့အထိ အဆက်အသွယ်ပြတ်နေတယ်လို့ ဆိုပါတယ်။

"ရွာထဲမီး လောင်ပြင်ကိုကြည့်လိုက်ကတည်းက မျက်စိလည်စရာတအားကောင်းတယ်။ သူ့အိမ် ကိုယ့်အိမ်လည်းမမှတ်မိ"

အဲဒီစစ်ကြာင်းဟာ ဧပြီလ ၂၀ ရက်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မူးမန္တလေးရွာကနေတစ်ဆင့် စစ်ကိုင်းမြို့နယ် တလိုင်းကျွန်းရွာကိုဖြတ်ပြီး အင်းစရွာကို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေကပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်အင်းစရွာခံတစ်ဦးကလည်း ဒီနေ့ မနက်ပိုင်းအထိ မီးငြှိမ်းနေရဆဲ ဖြစ်ပြီး သူ့အိမ်ကိုယ့်အိမ် မမှတ်မိတော့လောက်အောင် ပျက်စီးနေတာလို့ RFA ကိုပြောပါတယ်။

“မနေ့က ကျနော်တို့ မီးအားနဲ့ရေအားနဲ့ မငြှိမ်းနိုင်ခဲ့သေးတော့ ကျန်တဲ့ဟာတွေ လောင်တဲ့အခြေအနေ ရှိပါသေးတယ်။ ရွာထဲမီး လောင်ပြင်ကိုကြည့်လိုက်ကတည်းက မျက်စိလည်စရာတအားကောင်းတယ်။ သူ့အိမ် ကိုယ့်အိမ်လည်းမမှတ်မိ၊ ကိုယ့်အပေါင်းအသင်း မိတ်ဆွေတွေ အိမ်ဝးတွေကို မျက်စိလည်လောက်အောင် ဖြစ်သွားတာ။ အခုလောလောဆယ်ကတော့ စားဖို့နဲ့နေထိုင်ဖို့က အခက်အခဲဖြစ်နေတာ”

ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ အမိုးအကာမလုံလောက်တဲ့အပြင် သက်ကြီးရွယ်အို၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် နေထိုင်ရေးနဲ့ စားနပ်ရိက္ခာတွေပါ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

မီးရှို့ခံရပြီးနောက် အင်းစရွာထဲရောက်ခဲ့တဲ့ စစ်ကိုင်းဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်တွေ မီးရှို့နေချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ RFA ကိုပြောပါတယ်။

“ရွာထဲမီးရှို့တော့ ဒီဘက် (ဒေသကာကွယ်ရေးတပ်ဖွဲ့) ဘက်က ဝိုင်းထု (ပစ်ခတ်) ကြသေးတယ်။ စက်လက်တွေနဲ့ ကင်းသမားတွေ (စစ်ကောင်စီတပ်ဘက်) ကပြန်ပစ်တော့ အကုန်ထွက်ပြေးခဲ့ရတယ်။ ရွာထဲမှာအိမ်တွေရော၊ အိမ်ကြီး အိမ်ကောင်းတွေရော အကုန်လောင်တာပဲ။ အကုန်လုံးက ပြာပုံဖြစ်သွားတာ။ လမ်ဘေးပတ်ပတ်လည်လေးပဲ ကျန်တယ်။ အတွင်းဘက်ရွာမကြီးကတော့ အကုန်လောင်ကုန်တာပေါ့။ အိမ်ခြေ ၅၀ လောက်ပဲကျန်မယ်”

စစ်ကောင်စီတပ်ဟာ သတင်းပေါက်ကြားမှုအရ စစ်ကိုင်းမြို့နယ်အတွင်းကို စစ်ရေးလှုပ်ရှားနေပြီး လက်ရှိ နှစ်ဖက်လုံး စစ်ရေးအရှိန်မြှင့်ထားတယ်လို့ စစ်ကိုင်းခရိုင်၊ တပ်ရင်း ၈ ရဲ့ တပ်ရင်းမှူး ကိုဒေဝ က RFA ကိုပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြသည့် အင်းစရွာ စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ ( Photo: Citizen Journailst)
ထွက်ပြေးတိမ်းရှောင်နေကြသည့် အင်းစရွာ စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ ( Photo: Citizen Journailst)

“စစ်ကိုင်းမြို့နယ် စစ်ရေးအခြေအနေကတော့ သူ့ဘက်ကအေးရင် ကိုယ့်ဘက်က အေးလိုက်၊ သူ့ဘက်ကထူးလာရင်လည်း ကိုယ့်ဘက်ကပြန်ထလိုက်တာပေါ့ဗျာ။ သူတို့ စစ်ကြောင်းထိုးတာတော့ စိပ်တာပေါ့ဗျာ။ စိပ်တဲ့အပေါ်မှာ သတင်းရတဲ့အပေါ်မှာ သတင်းပေါက်ကြားတဲ့ဘက်တွေကို သူတို့ကလှည့်သွားတာကို။ ရွာတွေ ရွာတွေပတ်ပြီး မီးရှို့နေကြတာတော့ ဒါကတော့ သတင်းပေါက်ကြားတဲ့အပေါ်မှာ သူတို့မီးရှို့တာပဲလေ။ ထိတွေ့မှုတွေကတော့ လက်ရှိကတော့ သူတို့ဘက်အရှိန်အဟုန်မြှင့်သလို ကျနော်တို့ဘက်တွေကလည်း အရှိန်အဟုန်မြှင့်ထားပါတယ် ခင်ဗျာ”

အင်းစရွာ မီးရှို့ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်သားတွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဘယ်တော့မှမီးမရှို့ဘူးလို့ RFA ကို အရင်က ငြင်းဆိုထားဖူးပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။