အင်းတော်မှာ သေဒဏ်ချခံရသူတွေ PDF နဲ့ ပတ်သက်မှုမရှိဟု ဒေသခံတွေပြော

RFA Burmese
2023.08.24
အင်းတော်မှာ သေဒဏ်ချခံရသူတွေ PDF နဲ့ ပတ်သက်မှုမရှိဟု ဒေသခံတွေပြော စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား တွေ့ရစဉ်။
We Love Indaw

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ စစ်ခုံရုံးနဲ့ သေဒဏ် ချမှတ်ခံလိုက်ရသူတွေဟာ PDF ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ တစ်စုံတစ်ရာ ပတ်သက်သူတွေ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံထားရတဲ့ မုံရွာ-မြစ်ကြီးနား ကားမောင်းသူ ကိုဇော်မျိုးထွန်း (ခ) ကိုတိုနီ၊ ထီးချိုင့်ဒေသခံ ကိုကျော်စွာဝင်းနဲ့ မမြင့်မြင့်အေး၊ ပန်းရံလုပ်ငန်းလုပ်တဲ့ အင်းတော်မြို့ခံ ကိုအောင်ကျော်ကျော်မိုးတို့ကို စစ်ကောင်စီခုံရုံးက ဩဂုတ်လ ၁၈ ရက်နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၄၉(က)၊ ၅၂(က)တို့ သေဒဏ်ချခဲ့ပါတယ်။

ကိုဇော်မျိုးထွန်း(ခ)ကိုတိုနီက ၂၀၂၃ ခုနှစ်၊ ဧပြီလက အင်းတော်မြို့အဝင် စစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးခံခဲ့ရပြီး ကိုကျော်စွာဝင်း၊ မမြင့်မြင့်အေးနဲ့ ကိုအောင်ကျော်ကျော်မိုးတို့ ကတော့ ၂၀၂၃ ခုနှစ် ဇွန်လက အင်းတော်မြို့ထဲမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ အင်းတော်မြို့ခံတစ်ဦးကတော့ သူတို့အားလုံးဟာ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ မဆက်စပ်တဲ့ အရပ်သားတွေဖြစ်ပြီး စွပ်စွဲဖမ်းဆီးခံရတာလို့ RFA ကို ပြောပါတယ်။

“ကိုတိုနီကကျတော့ မုံရွာနဲ့မြစ်ကြီးနားကို ကားမောင်းတာ။ အင်းတော်စစ်ဆေးရေး ဂိတ်မှာ လက်နက်တွေ သယ်တယ်ဆိုပြီးတော့ အကြောင်းပြချက်နဲ့ တစ်ကယ်တော့ အဲကားမှာလည်း ဘာလက်နက်မှ မိသွားတာမရှိဘူး။ နောက်သုံးယောက်ကလည်း မြို့ထဲမှာစစ်ဆေးရင်းနဲ့ အဖမ်းခံလိုက်ရတာ တော်လှန်ရေးနဲ့ဆက်စပ်တယ် ဆိုပြီးတော့”

စစ်ခုံရုံးမှာ စစ်ဆေးအမိန့်ချခဲ့တာကြောင့် အဲဒီသူ လေးဦးအနေနဲ့ ရှေ့နေငှားခွင့် မရရှိခဲ့သလို အခုချိန်အထိ မိသားစုတွေနဲ့လည်း အဆက်အသွယ် မရကြသေးဘူးလို့ သိရပါတယ်။

အင်းတော်မြို့မှာ နှစ်ဆန်းပိုင်းကစပြီး လုံခြုံရေးတင်းကျပ်ထားသလို ဆိုင်ကယ်နဲ့ဖုန်းပါ မကျန် စစ်ဆေးပြီး ဖမ်းဆီးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းတော်မြို့ခံ တစ်ဦးက RFA ကိုပြောပါတယ်။

“အင်းတော်မြို့ပေါ်မှာ ဂိတ်က ပုံမှန်ဆိုရင် ပညာရေးမှူးရုံးရှေ့မှာပဲရှိတာ။ အခု နောက်ပိုင်းတွေကျတော့ အင်းတော်မြို့ အဝင်အထွက်ပေါက်တွေပါ လေးဂိတ်လောက် ထိုင်တယ်။ သူတို့က ကားတစ်စီးနဲ့ ပတ်နေတာ။ လာသမျှဆိုင်ကယ်တွေ စစ်တယ်။ နာမည်ဘယ်သူလဲ မေးတယ်။ ဘယ်ရွာကလဲမေးတယ်။ သူတို့ မသင်္ကာတော့ဘူး ဆိုရင် လက်ထိပ်ခတ် ခိုင်းတော့တာပဲ”

ဩဂုတ်လ ၁၇ ရက်ကလည်း အင်းတော်ဒေသခံ ကိုတင်မြင့်နဲ့ ကိုအောင်ဇော်ဦးတို့ကို အင်းတော်မြို့စစ်ခုံရုံးက အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

"အင်းတော်စစ်ဆေးရေး ဂိတ်မှာ လက်နက်တွေ သယ်တယ်ဆိုပြီးတော့ အကြောင်းပြချက်နဲ့ တစ်ကယ်တော့ အဲကားမှာလည်း ဘာလက်နက်မှ မိသွားတာမရှိဘူး။"

အင်းတော်ဒေသ သတင်းတွေကိုဖော်ပြနေတဲ့ Indaw Revolution ရဲ့ ဩဂုတ်လ ၂၃ ရက်ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း အင်းတော်မှာ ထောင်ဒဏ်တစ်သက်ချခံရတဲ့ အရပ်သား ဆယ်ဦးထက် မနည်းရှိပါတယ်။

ရှေ့နေဦးကြီးမြင့်က စစ်ခုံရုံးတွေမှာ စွပ်စွဲခံရသူဘက်ကို ခုခံချေပခွင့်မပေးဘဲ ပြစ်ဒဏ်တွေ ချမှတ်နေတာဟာ တရားမျှတမှုမရှိဘူးလို့ RFA ကိုပြောပါတယ်။

“အပြည့်အဝ သက်သေခံခွင့်မရဘူး။ အဲဒီအခွင့်အရေးတွေ ဆုံးရှုံးတယ်။ အမိန့်ချတဲ့ အခါမှာလည်း ဘာမှ ထွေထွေထူးထူး တရားခံဘက်က တင်ပြချက်တွေကို သုံးသပ်မနေဘူး။ တရားလို(စစ်ကောင်စီ)ဘက်က တင်ပြချက်တွေကို အဓိကထားပြီးတော့ ဒါ့ကြောင့်မို့လို့ အပြစ်ရှိတယ်။ ဒါ့ကြောင့် တစ်သက်တစ်ကျွန်း ချလိုက်တယ်။ သေဒဏ်ချလိုက်တယ်။ ဒါပဲ။ အဲဒါကြောင့် စစ်ခုံရုံးတွေဟာ လုံးဝတရားမျှမှု မရှိဘူး”

ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချခံရသည့် ဒေါ်အေးအေး၊ CDM ဆရာမ ဒေါ်သိန်းလှ၊ ဒေသခံ ဒေါ်ခင်ပြည့်ပြည့်ထွန်းတို့ကို တွေ့ရစဉ်။ (Photo: Indaw revilution IR)
ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချခံရသည့် ဒေါ်အေးအေး၊ CDM ဆရာမ ဒေါ်သိန်းလှ၊ ဒေသခံ ဒေါ်ခင်ပြည့်ပြည့်ထွန်းတို့ကို တွေ့ရစဉ်။ (Photo: Indaw revilution IR)

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်ကတော့ အခုလိုသေဒဏ်ချတာတွေဟာ ပြည်သူတွေကို တော်လှန်ရေးထဲ ပါမလာအောင် အကြောက်တရားနဲ့ ခြိမ်းခြောက်တာလို့ RFA ကိုပြောပါတယ်။

“တစ်ကယ်တော့ ဒါသည် ပြည်သူတွေအပေါ်မှာ အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံး လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ရှုမြင်သုံးသပ် ပါတယ်။ ပြည်သူတွေအပေါ်မှာ အကြောက်တရားတွေ ဝင်လာအောင်ပေါ့။ တော်လှန်ရေးမှာ မပူးပေါင်းဘူး၊ မဆောင်ရွက်ဘူး၊ မကူညီဘူး၊ မလှူတန်းဘူး အဲလိုမျိုးဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်နေတယ်လို့ ရှုမြင်သုံးသပ်တယ်”

အရပ်သားလေးဦးကို အခုလို သေဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ သယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၃ ရက် စာရင်းအရ အာဏာသိမ်းချိန်ကစလို့ နိုင်ငံတစ်ဝန်း သေဒဏ်ချထားခံရသူ ၁၄၄ ဦးအထိရှိပြီး အဲဒီအထဲက ၁၀၁ ဦးက အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရသလို ကျန်တဲ့ ၄၃ ဦးက မျက်ကွယ်သေဒဏ် ချခံထားရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။