အာဏာသိမ်းနှစ်နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု သိသိသာသာတိုးလာ
2023.02.02

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်းမှာပဲ မြန်မာနိုင်ငံမှာ စီးပွားရေး အကြီးအကျယ် ကျဆင်းမှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ရှမ်း၊ ကချင်နဲ့ ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု တိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ကလည်း “ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို လေ့လာခြင်း - ၂၀၂၂ ” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ တစ်စောင်ကို ဇန်နဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း ရှမ်း၊ ကချင်၊ ကယားနဲ့ ချင်းပြည်နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု သိသိသာသာ တိုးလာတယ်လို့ (UNODC) က ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ပထမဘိန်းစိုက်ရာသီကနေ စတင် လေ့လာ ကြည့်တဲ့အခါ မြန်မာနိုင်ငံ တောင်တန်းဒေသတွေမှာ ဘိန်းစိုက်ပျိုးမှုဟာ ဟက်တာ ၄၁,၀၀၀ (ဧကပေါင်း တစ်သိန်း ကျော်) တိုးလာတယ်လို့ (UNODC) က ဖော်ပြပါတယ်။ ဒီစိုက်ပျိုးမှုကနေ ဘိန်းစိမ်း တန်ချိန် ၇၉၀ ထွက်ရှိနိုင်ပြီး ဒါဟာ ၂၀၁၄ - ၂၀၂၀ ကာလ ကထက် ဘိန်းစိမ်းထုတ်လုပ်မှု ၈၈ ရာခိုင်နှုန်း တိုးလာတာလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မှာ လက်ဖက်ဈေးကွက် လုံးဝပျက်သွားတဲ့အတွက် ဒေသခံတွေဟာ တခြားရွေးချယ်စရာမရှိတော့ဘဲ ဘိန်းစိုက်လာကြတာလို့ ရှမ်းလူ့ အခွင့်အရေး မဏ္ဍိုင်အဖွဲ့ ပြောခွင့်ရသူ ယိင်းလျန်းဟန် က RFA ကို ပြောပါတယ်။
"အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်ဖက်ဈေးကွက်က လုံးဝမရှိသလောက် ပျက်သွားတယ်။ တခြားသီးနှံဈေးကွက်တွေလည်း မဖော်ဆောင်နိုင်ဘူး။ အဲဒီမှာ ဒေသခံတွေက ရွေးချယ်စရာ မရှိတော့ဘူး။ ဘိန်းမှမစိုက်ရင် တခြားစီးပွားရေး လုပ်စရာမရှိဘူး။ နောက်တစ်ခုက ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ပဋိပက္ခတွေပေါ့နော်။ အခုဘိန်းစိုက်တဲ့ ဒေသအများစုက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ဒေသတွေမှာ ဖြစ်တယ်။ အဲဒီကဒေသခံတွေရဲ့ လူမှုစီးပွားဘဝက အဆင်မပြေဘူး။ မဖွံ့ဖြိုးဘူး။ စီးပွားရေးအဆင်ပြေနိုင်ဖို့အတွက် သူတို့မှာ ရွေးချယ်စရာမရှိဘူး။ ဘိန်းမှမစိုက်ရင် ထမင်းငတ်သွားမှာ။ စားစရာမရှိတဲ့ အဆုံးမှာ ဘိန်းစိုက်ပျိုးမှုက ပြန်ပြီးတော့ မြင့်တက်လာရတယ်"
ရှမ်းပြည်နယ်က ပင်လောင်း၊ ဖယ်ခုံ၊ ပင်လုံ၊ တန့်ယန်း၊ နမ့်မတူ နဲ့ ရှမ်းအရှေ့ပိုင်း ဒေသတွေမှာ ဘိန်းစိုက်ပျိူးမှု ပိုများလာတယ်လို့ သူက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်မှာ ရှမ်းပြည်နယ်မှာ ပြည်သူ့စစ်အဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့ မျိုးစုံပေါ်လာပြီး ဘိန်းစိုက်ပျိုးမှုလည်း ပိုများလာတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲဒေသခံတစ်ဦးက ပြောပါတယ်။
"ခေတ်အခြေအနေ၊ နိုင်ငံရေးအခြေအနေတွေပြောင်းသွားတော့ အရင်နဲ့မတူတော့ဘူး ဖြစ်သွားတာပေါ့။ လက်နက်ကိုင်တဲ့ အဖွဲ့တွေကလည်းများ၊ ပြည်သူ့စစ်တွေလည်း များတော့ သူတို့အပေါ်မှာပဲ မူတည်တယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဒေသအခြေအနေ၊ ဒေသအပေါ် ဩဇာရှိတာက သူတို့ပဲလေ။ ဒေသတည်ငြိမ်ရေးရော မူးယစ်ဆေးဝါး အစစအရာရာ သူတို့အပေါ်မှာပဲ မူတည်တယ်"
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ကလည်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု အများဆုံးက ရှမ်းပြည်နယ်ဖြစ်ပြီး ရှမ်းပြည်နယ်မှာ ၃၉ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှာ ၁၄ ရာခိုင်နှုန်း၊ ကယားပြည်နယ်မှာ ၁၁ ရာခိုင်နှုန်းနဲ့ ကချင်ပြည်နယ်မှာ ၃ ရာခိုင်နှုန်း အရင်ကထက် ဘိန်းစိုက်ပျိုးမှု ပိုတိုးလာတယ်လို့ ဆိုပါတယ်။
ပြည်နယ်အားလုံးရဲ့ ဘိန်းစိုက်ပျိုးမှု ပမာဏဟာ ပျမ်းမျှအားဖြင့် ၄၁ ရာခိုင်နှုန်း တိုးလာပြီး တစ်ဧကကို ဘိန်းစိမ်း ၁၀ ကီလိုဂရမ်နီးပါး ထွက်ရှိနိုင်တယ်လို့ (UNODC) က ခန့်မှန်းပါတယ်။
"သူတို့ရဲ့ စားဝတ်နေရေးအတွက်၊ ဘဝရပ်တည်ရေးအတွက် ဒီဘိန်းသီးနှံက သူတို့အတွက်က အသက်ကယ်တဲ့ သီးနှံဖြစ်နေတော့ စိုက်မှာပဲ"
မြန်မာနိုင်ငံရဲ့ ဧရိယာအကျယ်ဆုံး ရှမ်းပြည်နယ်ကြီးဟာ နဂိုကတည်းက တိုင်းရင်းသား ပေါင်းစုံ လက်နက်ကိုင်အဖွဲ့မျိုးစုံ များပြား ရှုပ်ထွေးတဲ့အပြင် စစ်အာဏာသိမ်း နောက်ဆက်တွဲ ပဋိပက္ခဒေသတွေက ဘိန်းစိုက်ပျိုးမှု ပိုများအောင် တွန်းပို့သလို ဖြစ်လာတာလို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (ကျောက်မဲခရိုင်) ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က ပြောပါတယ်။
"တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေက ရှမ်းပြည်နယ်ထဲမှာ အရောင်စုံစုံပဲ၊ အဖွဲ့အများဆုံးပဲ။ အဲဒီလိုဖြစ်တဲ့အခါကျတော့ အခုဒီအာဏာထိန်းတယ်ဆိုတဲ့ စစ်အုပ်ချုပ်ရေးကာလမှာ ပဋိပက္ခတွေ အသွင်ဆောင်လာတဲ့အခါ ပိုဆိုးသွားတာပေါ့။ စစ်ပွဲတွေ ဖြစ်နေတာကိုး။ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်သလို၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ဖြစ်နေကြတယ်။ ဒီတော့ ကန့်သတ်ဧရိယာက ပိုပြီးဘောင်ကျယ်လာတဲ့ သဘောပဲ။ အဲဒီဧရိယာထဲမှာကျတော့ မရွှေ့ပြောင်းနိုင်ဘူး။ အဲဒီမှာပဲ အခြေချပြီးတော့ တစ်သက်လုံး ဘိုးစဉ်ဘောင်ဆက် နေလာတဲ့ တိုင်းရင်းသားတွေက လမ်းပန်းဆက်သွယ်ရေးက မကောင်း၊ ပညာရေး၊ ကျန်းမာရေးက မရှိ၊ ဖွံ့ဖြိုးရေးက နိမ့်ကျ၊ သူတို့ရဲ့ စားဝတ်နေရေးအတွက်၊ ဘဝရပ်တည်ရေးအတွက် ဒီဘိန်းသီးနှံက သူတို့အတွက်က အသက်ကယ်တဲ့ သီးနှံဖြစ်နေတော့ စိုက်မှာပဲ"
(UNODC) ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အရာရှိ ဂျရယ်မီ ဒေါက်ဂလပ်စ် (Jeremy Douglas) ကလည်း မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး၊ လုံခြုံရေးနဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ များတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ နယ်စပ်တစ်လျှောက်က ဒေသခံတွေဟာ စားဝတ်နေရေးနဲ့ အသက်ရှင်သန်ရေးအတွက် ဘိန်းစိုက်ပျိုးမှုကလွဲပြီး တခြားရွေးချယ်စရာမရှိတော့တဲ့ အခြေအနေ ဖြစ်လာတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
တောင်တန်းထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ချင်းပြည်နယ်မှာလည်း ဒေသခံ တိုင်းတိုင်းရင်းသားတွေဟာ မိရိုးဖလာ ပြောင်းနဲ့ ပဲမျိုးစုံ စိုက်ပျိုးရာကနေ စီးပွားရေး ကျဆင်းပြီး ဈေးကွက်ပျက်စီးမှုတွေကြောင့် အခုနောက်ပိုင်းမှာ ပိုက်ဆံလွယ်လွယ်ရတဲ့ ဘိန်းစိုက်ပျိုးမှုကိုပဲ တိုးလုပ်လာကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တွန်းဇံဒေသခံတစ်ဦးက RFA ကို ပြော ပါတယ်။
"ချင်းပြည်နယ်မှာဆိုရင် အရင်က ပြောင်းတို့၊ ဆပ်ဆန်တို့ စိုက်ပျိုးကြတယ်။ အဓိက အိမ်သုံးအစားအစာအဖြစ် အဲဒါတွေကို အသုံးပြုကြတယ်လေ။ နှစ်ရှည်လာတဲ့အခါ ကျတော့၊ မြေဩဇာခမ်းခြောက်လာတဲ့အခါကျတော့ ပြောင်းဖူးတွေ၊ ဘာတွေကျတော့ တစ်နှစ်စာ နေထိုင်စားသောက်စရိတ် မလောက်ဘူး။ ဒီတော့ ပြည်သူတွေက တစ်နှစ်လုပ်ရင် အနည်းဆုံး နှစ်နှစ်စားရတဲ့ ဒီဘိန်းစိုက်ခင်းကို တစ်ဧက၊ နှစ်ဧက စိုက်လိုက်တယ်ဆိုရင် သားသမီးတွေကအစ ပညာရေး (ကျောင်း) ထားနိုင်တယ်။ အရင်က တစ်ဧက စိုက်တဲ့သူက အခုနောက်ပိုင်း နှစ်ဧက၊ သုံးဧက စိုက်လာတယ်လေ"
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ရွာပေါင်း ၉၀ ရှိတဲ့ အနက် ရွာ ၃၀ နီးပါးက ဘိန်းစိုက်ပျိုးပြီး တစ်ဦးကို အနည်းဆုံး သုံးဧကကနေ ဧက ၃၀ လောက်အထိ စိုက်ပျိုးကြပါတယ်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်ခင်းတစ်ခုမှ ဘိန်းပင်များကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်က တွေ့ရစဉ်။ (Photo: RFA)
ပြည်တွင်းစစ်ဒဏ်ကို ကလာကြာရှည် ခံစားနေရတဲ့ ကချင်ပြည်နယ်မှာလည်း ပြည်သူ့စစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ဖြစ်စေ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေတယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဘာဖြစ်သလဲဆိုတော့ အဖွဲ့အစည်းတွေက များတယ်လေ။ သူတို့ရဲ့ရပ်တည်မှုအတွက် ဒီလိုဘိန်းစိုက်ပျိုးမှုမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးတော့သော် လည်းကောင်း ပါဝင်ပတ်သက် နေရတာပေါ့။ ပိုက်ဆံရတဲ့အလုပ်၊ အလွယ်ရတဲ့အလုပ်က ဒီဟာလေ။ အဖွဲ့အစည်းတွေ ရပ်တည်နိုင်ဖို့ အစစအရာရာအတွက် အလွယ်ရနိုင်တဲ့ ဘိန်းနဲ့ပတ်သက်တဲ့ မူးယစ်ဆေးဝါးရောင်း ဝယ်ရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍမှာတွေ ဘိန်းစိုက်တဲ့ကဏ္ဍမှာတွေ ပါဝင်ပတ်သက်နေရတဲ့ အနေအထား ရှိတယ်ပေါ့"
ဒါပေမဲ့ တချို့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ ကချင်ပြည်နယ်ထဲက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍတွေမှာလည်း ပါဝင်ကူညီနေကြတယ်လို့ သူက ပြောပါတယ်။ ဘယ်အဖွဲ့ဆိုတာကိုတော့ သူက တိတိကျကျ ထုတ်မပြောပါဘူး။
၂၀၂၂ ခုနှစ်မှာ အာရှ-ပစိဖိတ်ဒေသအတွင်း ဘိန်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရှိခဲ့ပြီး အဲဒီအထဲက နှစ်ဘီလီယံဟာ မြန်မာနိုင်ငံက ဘိန်းကုန်သွယ်မှုတန်ဖိုး ဖြစ်တယ်လို့ (UNODC) ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် ကလည်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု တိုးလာတာကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ အစည်းအဝေးအတွင်း ဝန်ခံ ပြောဆိုထားပါတယ်။ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။
ရှမ်း၊ ကချင်နဲ့ ချင်းပြည်နယ်က ဒေသခံတွေကတော့ ဌာနနေတိုင်းရင်းသားတွေရဲ့ ကျပ်တည်းလာတဲ့ စားဝတ်နေရေး အခြေအနေကို မဖြေရှင်းပေးနိုင်သရွေ့ ဝေးလံခေါင်ဖျား တောင်တန်းဒေသတွေမှာ ဘိန်းစိုက်ပျိုးမှုက တိုးလာနေဦးမယ်လို့ RFA ကို ပြောပါတယ်။