ပြည်တွင်းစစ်နဲ့ တိုက်ရိုက်အချိုးကျနေတဲ့ ဘိန်းခင်းများ

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2025.03.14
ပြည်တွင်းစစ်နဲ့ တိုက်ရိုက်အချိုးကျနေတဲ့ ဘိန်းခင်းများ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘိန်းခင်းတစ်ခုတွင် ဘိန်းစေးများ ထုတ်ယူနေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Gemunu Amarasinghe/RFA

စိုင်းအောင် လို့နာမည်လွှဲထားတဲ့ အသက် (၃၀) ဝန်းကျင်လူငယ်ဟာ ခေတ်သစ်မြန်မာ့သမိုင်းမှာထင်ရှားတဲ့ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ရဲ့ အနောက်တောင်ကြောမှာ မွေးဖွားကြီးပြင်းခဲ့တဲ့သူပါ။ အဲဒီတောင်ကြောဟာ လွိုင်လင်မြို့နယ်နဲ့ ဟိုပိုးမြို့နယ်အထိ ရှည်လျားတဲ့ တောင်ကြောတစ်ကြောဖြစ်ပြီး တောင်ကြီးမြို့အရှေ့ဘက် မိုင် ၆၀ အတွင်းမှာပဲ ရှိပါတယ်။

စိုင်းအောင်ဟာ မိဘလက်ထက်ကတည်းက စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နေတဲ့ တောင်သူတွေပဲ ဖြစ်ပါတယ်။

ပင်လုံအနောက်တောင်ကြောက ဘိန်းခင်းများ

အဲဒီတောင်တန်းဒေသက ဆနင်း၊ ဆဟောင်း၊ ပန်ဟူ စတဲ့ရွာတွေမှာ ကော်ဖီ၊ လက်ဖက်၊ သနပ်ပင်တွေကို အဓိကစိုက်ပျိုးကြပါတယ်။ ဒါပေမဲ့ ၁၉၉၈ ခုနှစ်ကစပြီး ဒီသီးနှံတွေ ဈေးကွက်မကောင်းတော့တဲ့အတွက် လဲချားနဲ့ နမ့်စန်မြို့နယ်ဘက်က ဘိန်းမျိုးစေ့ယူလာပြီး ၂၀၀၃ ခုနှစ်မှာ အစမ်းစိုက်ပျိုးခဲ့ရာကနေ ဒီနေ့အထိဖြစ်တယ်လို့ စိုင်းအောင်က ပြောပြပါတယ်။

“အဲဒီအချိန်က ကော်ဖီတွေ လက်ဖက်တွေ သနပ်ဖက်တွေက လုံးဝ အလုပ်မဖြစ်တော့ဘူး။ အဲဒီအချိန်ကတည်းက ကျွန်တော်တို့ စတင်စိုက်ပျိုးလာတယ်။ ဒါကတော့ ကျွန်တော်တို့ ဒေသမှာ ဘိန်းကို ဘယ်အချိန်ကစပြီး စိုက်ပျိုးလာတာလဲဆိုတာ လူကြီးတွေကနေသိရတဲ့ သမိုင်းကြောင့်ပေါ့နော်”

၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ငါးနှစ်လောက်အထိ လူအရောက်နည်းတဲ့ တောင်စောင်းတွေမှာ စိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်လောက်ကစပြီး ရွာတွေထဲ ပေါ်ပေါ်ထင်ထင် စိုက်ပျိုးလာကြတယ်လို့ စိုင်းအောင်က ပြောပါတယ်။

“ငယ်ငယ်ကတည်းက ဒါတွေကို ထိတွေ့လာခဲ့ရဖူးတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဘိန်းခင်းနဲ့ပဲ ကြီးပြင်းလာခဲ့တာပါ”

RFA
RFA

ဘာကြောင့် ဘိန်းကို စိုက်ပျိုးရတာလဲ

မိဘတွေက ဘိန်းစိုက်တောင်သူတွေဖြစ်ခဲ့တဲ့အတွက် စိုင်းအောင်လည်း သူအိမ်ထောင်ကျတဲ့အခါမှာ သူ့မိသားစု စားဝတ်နေရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်ကစပြီး သုံးဧက ဘိန်းစိုက်တယ်လို့ ပြောပြပါတယ်။

“ဘာကြောင့်လဲဆိုတော့ မိသားစုဝင်ငွေအတွက် အကောင်းဆုံး နည်းလမ်းက ဒီဟာပဲ ဖြစ်တဲ့အတွက် စိုက်ပျိုးရတာဖြစ်တယ်”

ကော်ဖီနဲ့ လက်ဖက်စိုက်လို့ရပေမဲ့ လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် သူ့မိသားစုဝင်ငွေအတွက် စျေးကွက်ကို သူမယုံကြည်ခဲ့ပါဘူး။ အဲဒီအပြင် စိုက်ပျိုးရေးနည်းပညာတွေ ခေတ်မမှီသေးတဲ့ဒေသဖြစ်လို့ သဘာဝကိုမှီပြီး လုပ်ကိုင်ရတဲ့အတွက် သီးနှံအောင်မြင်နှုန်းကလည်း မသေချာလှပါဘူး။

ကော်ဖီစိုက်တဲ့အခါ အပင်တွေ နှင်းရိုက်ပြီး သေသွားတာရှိသလို လက်ဖက်ဈေးကွက်ကလည်း မသေချာတဲ့အတွက် စားဝတ်နေရေး မဖြေရှင်းပေးနိုင်ဘူးလို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ သုံးနှစ် ငါးနှစ်လောက်က လက်ဖက်ဈေးကွက် လုံးဝ မရှိခဲ့ဖူးဘူး။ အဲဒီလက်ဖက်ခြံတွေဖျက်ပြီး ဘိန်းတွေကို ဘိန်းစိုက်လာကြတယ်”

ဒါကြောင့် စိုင်းအောင်လိုပဲ သူတို့ဒေသက လူတစ်ရာမှာ ကိုးဆယ်လောက်က ဘိန်းစိုက်ကြတယ်လို့ ပြောပါတယ်။

ဘိန်းစိုက်ခင်းက တောင်သူတွေတွက်ခြေကိုက်

ဘိန်းဟာ တစ်နှစ်ကို နှစ်ကြိမ်စိုက်ပျိုးလို့ရသလို တစ်ကြိမ်စိုက်ရင် သုံးလကနေ လေးလအထိပဲ အချိန်ကြာလို့ အချိန်တိုအတွင်း အရောင်းအဝယ်ဖြစ်တယ်လို့ ပြောပါတယ်။

အဖြူရောင်ဘိန်းပွင့်ဆိုရင် သက်တမ်းလေးလအထိ အထားခံပြီး ပန်းရောင်နဲ့ ကြက်သွေးရောင်ဆိုရင် သက်တမ်းသုံးလကနေ သုံးလခွဲအထိ ထားလို့ရတယ်လို့ ပြောပါတယ်။

“ခု ကျွန်တော်တို့က သက်တမ်းတိုတာကို ရွေးပြီးစိုက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နှစ်ကို နှစ်ကြိမ် စိုက်လို့ရတယ်”

စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ တစ်ကြိမ်၊ အဲဒီကနေ မတ်လအထိ တစ်ကြိမ် စိုက်ကြတယ်လို့ဆိုပါတယ်။ မိုးရာသီမှာစိုက်တဲ့ ဘိန်းခင်းဆိုရင် တစ်ဧကကို ငါးပိဿာရပြီး နွေရာသီမှာစိုက်ရင် တစ်ဧကကို ခြောက်ပိဿာကနေ ရှစ်ပိဿာအထိ ရနိုင်တယ်လို့ စိုင်းအောင်ကပြောပြပါတယ်။


ဆက်နွှယ်သောသတင်းများ

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် မြန်မာ ဆက်လက်ရပ်တည်

ပိုများလာနေတဲ့ ချင်းတောင်က ဘိန်းစိုက်ခင်းများ

ကြီးထွားနေဆဲ ဘိန်းစိုက်ပျိုးမှုနဲ့ ၂၀၂၄


ဘိန်းခင်း သုံးဧကစိုက်ဖို့ အရင်း ကျပ်သိန်းတစ်ရာ့ငါးဆယ်လောက် ရှိပါတယ်။ တစ်ဧကကို ၁၀ ပိဿာကျော် ထွက်တဲ့အခါ သုံးဧကဆိုရင် ဘိန်းအချိန် ပိဿာသုံးဆယ်ကျော်ရတဲ့အတွက် စိုင်းအောင်အနေနဲ့ သိန်းနှစ်ရာကျော်လောက် အမြတ်ပြန်ထွက်မယ်လို့ သူက အကြမ်းဖျင်းတွက်ပြပါတယ်။

“ကျွန်တော့် အသိခြံဆိုရင် တော်တော်ကောင်းတယ်။ ကျပ်သိန်းတစ်ရာလောက် သူရင်းရင် သိန်းသုံးရာ လောက် ပြန်ရတယ်”

ပြည်တွင်းစစ်ကျယ်ပြန့်လာသလို ဘိန်းစိုက်ခင်းလဲတိုးလာ

ပင်လုံ-လွိုင်လင် အနီးတစ်ဝိုက်မှာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်က ဘိန်းဈေးကွက်ရှိခဲ့ပေမဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ဝန်းကျင်မှာတော့ ဘိန်းစိုက်ပျိုးမှု လျော့ကျသွားခဲ့ပါတယ်။

NLD အစိုးရလက်ထက်၂၀၁၅ ခုနှစ်ကစလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) ကနေ ပင်လုံအနောက်တောင်ကြောမှာ ဘိန်းအစားထိုးသီးနှံဆိုပြီး လက်ဖက်တို့ ကော်ဖီတို့ ထောက်ပံ့ပေးတယ်လို့ စိုင်းအောင်က ပြောပါတယ်။

“၂၀၁၅ ကနေ ၂၀၂၁ အထိ ဘိန်းက တော်တော်လျော့သွားတယ်။ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ လောက်က ဘိန်းတအားလျော့ သွားတယ်။ အိမ်ခြေတစ်ရာမှာ ၂၀ လောက်ပဲ စိုက်ကြတော့တယ်”

ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ဒီ လေးနှစ်အတွင်းမှာ ဘိန်းစိုက်တာ ပြန်များခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မြေပြန့်တွေမှာ ‌ပေါ်ပေါ်ထင်ထင် စိုက်ပျိုးလာကြပြီး မြေပြန့်မှာစိုက်တဲ့အခါ ဘိန်းအထွက်နှုန်း ပိုကောင်းတယ်လို့ စိုင်းအောင်က ပြောပါတယ်။

“ဒီတောင်ယာမှာ စိုက်တယ်ဆိုလို့ရှိရင် ဘိန်း ၁၀ ပိဿာရဖို့အတွက် နေရာ တစ်ဧကခွဲကနေ နှစ်ဧက အဲဒီလောက်လိုတယ်။ မြေပြန့်မှာ စိုက်မယ်ဆိုလို့ရှိရင်တော့ ‌မြေတစ်ဧကဆိုလို့ရှိရင် ၁၀ ပိဿာကနေ ၁၅ ပိဿာအထိရမယ်။ အဲဒီလိုမျိုး ဖြစ်သွားတယ်”

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘိန်းစိုက်ခင်းတစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘိန်းစိုက်ခင်းတစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

လက်ရှိ နိုင်ငံရေးမတည်ငြိမ်တာကလည်း ဘိန်းစိုက်ဖို့ ပိုပြီး လွတ်လပ်သွားတယ်လို့ စိုင်းအောင်က ပြောပါတယ်။ ဒါပေမဲ့ ဒေသအာဏာပိုင်တွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေကို အခွန်ပေးရတယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စိုင်းအောင်တို့ဒေသမှာ တခြားမြို့က သူဌေးတွေလည်း ငွေသိန်းထောင်ချီရင်းပြီး ဘိန်းစိုက်တာတွေ ရှိလာတယ်လို့ စိုင်းအောင်က ပြောပါတယ်။

“ဘိန်းစျေးကွက် အရမ်းကောင်းလာတယ်။ ဘိန်းရောင်းတာ လွယ်တယ်။ ရှိသမျှအကုန်လုံး ပွဲစားတွေ ဝယ်တယ်။ တကယ့်လက်ဝါးကြီး ပွဲစား‌တွေက ဘယ်သူလဲဆိုတာ ကျွန်တော်တို့လည်း မသိရဘူး။ ကျွန်တော်တို့ သိသလောက်တော့ လက်နက်ကိုင်အဖွဲ့တွေ လာဝယ်တာ များပါတယ်။ ဒါက ကျွန်တော်တို့ ရွာအဆင့်မှာ လာဝယ်တာပဲ သိရတာပေါ့နော်”

လွိုင်လင်မြို့နယ်လိုပဲ တောင်ကြီးမြို့ရဲ့ တောင်ဖက်မိုင် ၆၀ ကျော်အကွာက ပင်လောင်းမြို့နယ်မှာဆိုရင် အရင်အရပ်သားအစိုးရလက်ထက်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်တာ ရှိခဲ့ပေမဲ့ အခု စစ်တပ်အာဏာသိမ်းထားတဲ့ ကာလမှာတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သိသိသာသာ တိုးလာတယ်လို့ ကိုကေလို့နာမည်လွှဲထားတဲ့ ပင်လောင်းမြို့နယ်က ဘိန်းစိုက်တောင်သူက RFA ကို ပြောပါတယ်။

“တစ်ခုတိုးလာတာက အရပ်သားအစိုးရတုန်းက တောင်ပေါ်ရွာတွေပဲ ခပ်များများစိုက်ကြတယ်။ အခု နောက်ပိုင်းက ဒီအာဏာသိမ်းပြီးနောက်ပိုင်း အခုအနေအထားမှာကျတော့ မြေပြန့်မှာတောင် စိုက်လာတယ်”

ဘိန်းဟာ တခြားသီးနှံတွေနဲ့မတူဘဲ အရင်းနည်းပြီး အမြတ်များတဲ့အတွက် စိုက်ကြသလို ဝယ်လိုအားလည်း များလာတဲ့အတွက် စိုက်ပျိုးလာကြတယ်လို့ ပြောပါတယ်။

“အဓိကကတော့ ဝယ်လိုအားများတယ်လို့ ပြောရမှာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ လမ်းမှာလည်း စစ်လားဆိုတော့ စစ်ပါတယ်။ ဒါပေမဲ့ တစ်ခုက နိုင်ငံရေးကို အကြောင်းပြုပြီးတော့မှ ဟိုသယ် ဒီသယ်တဲ့ကိစ္စက ကျွန်တော်တို့ ဘက်မှာဆို ပြည်သူ့စစ်ပေါ့နော်။ အဖွဲ့အစည်းနဲ့ သွားတာများတယ်ပေါ့နော်။ အဖွဲ့အစည်းနဲ့ သွားတဲ့ခါကျတော့ ဂိတ်မှာ စစ်လားဆိုတော့ စစ်တယ်။ အတိအကျတော့ အဲဒီလောက်ကြီး မဟုတ်ဘူး”

ဘိန်းကို လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကားလမ်း၊ ဆိုင်ကယ်လမ်း မရှိတဲ့နေရာတွေမှာ အဓိက စိုက်ကြတယ်လို့ သူက ပြောပါတယ်။

ဘိန်းစိုက်တောင်သူတွေဟာ ဒေသအခြေစိုက် ပြည်သူ့စစ်အဖွဲ့တွေအပါအဝင် စိုက်ပျိုးရေးတို့ မီးသတ်တို့လို သက်ဆိုင်ရာ အာဏာပိုင်တွေအတွက် ဘိန်းတစ်သီးသီးတိုင်း အခွန်ငွေအဖြစ်နဲ့ တစ်ဧကကို တစ်သိန်းနှုန်းလောက်ပေးရတယ်လို့ သူကပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘိန်းစိုက်ခင်းတစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘိန်းစိုက်ခင်းတစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

ဒါကြောင့် ပြည်တွင်းစစ်နဲ့ ဘိန်းဟာ ဆက်စပ်နေတယ်လို့ ၂၀၁၈ -၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးစောင့်ကြည့်တဲ့ သုတေသနအဖွဲ့မှာ မန်နေဂျာအဖြစ် တာဝန်ယူထားသူလည်းဖြစ် လက်ရှိ သျှမ်းသံတော်ဆင့် CEO တာဝန်ယူထားတဲ့ စိုင်းခမ်းဖူးက RFA ကို ပြောပါတယ်။

“မူးယစ်ဆေးဝါးက ဘာကြောင့် ကျွန်တော်တို့နိုင်ငံမှာ ရှိတာလဲဆိုတော့ အဓိကကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ စစ်ရေးပဋိပက္ခတွေ ရှိတယ်။ အဲ့လို စစ်ရေးပဋိပက္ခရှိလာရင် လက်နက်ကိုင်တွေက လက်နက်တွေ လိုအပ်လာမယ်။ လက်နက်တွေဝယ်ဖို့ဆိုရင် ပိုက်ဆံလိုအပ်လာမယ်။ ငွေ အမြန်ရဖို့က မူးယစ်ဆေးဝါးတွေ ရောင်းဝယ်ဖို့ပဲ။ ဒါက ဖြစ်တည်လာခဲ့တဲ့ဟာတွေပါ”

၂၀၁၈ ကနေ ၂၀၂၀ ပြည့်နှစ်အထိ ရှမ်းပြည်နယ်ထဲမှာ အများဆုံး ဘိန်းစိုက်တဲ့နေရာက လွိုင်လင်မြို့နယ် ပင်လုံ အနောက်တောင်ကြောဖြစ်တဲ့ ဆနင်းဒေသ၊ ဆီဆိုင်မြို့နယ်၊ ရှမ်း-ကယားနယ်စပ် ဖယ်ခုံနဲ့ ပင်လောင်း မြို့နယ်တို့ဘက်ဖြစ်ပြီး အဲဒီဒေသတွေမှာ စစ်တပ်ရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွပါ ရှိတယ်လို့ စိုင်းခမ်းဖူးက ပြောပါတယ်။

“ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၈ ကနေ ၂၀၂၀ အထိ ရှမ်းပြည်နယ်အတွင်း ဘိန်းနဲ့ မူးယစ်ဆေးဝါး ကိစ္စတွေကို သုတေသန လုပ်လိုက်တဲ့အခါမှာတော့ တကယ့်လက်တွေ့မှာက ဘိန်းစိုက်ပျိုးတဲ့ဒေသမှာက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့အောက်ကလည်း ရှိတယ်။ အရင်က တပ်မတော် လက်အောက်မှာလည်း ရှိတယ်။ အဖက်ဖက်ကနေ သူတို့က အခွန်တွေ ကောက်ယူတာရှိတယ်။ ဒါက တကယ်ဖြစ်နေတဲ့ဟာပါ။ ကျွန်တော်တို့ မြေပြင်ကွင်းဆင်းပြီး သိခဲ့ရတဲ့ အချက်တွေပါ။ ဟိုသူ့ကို လက်ညှိုးထိုး ဒီသူ့ကို လက်ညှိုးထိုးဆိုတာက နိုင်ငံရေးကိစ္စပေါ့နော်။ တကယ်လက်တွေ့မှာက နှစ်ဖက် စလုံးရှိနေတယ်”

ဘိန်းစိုက်တောင်သူတွေ အခွန်ပေးရတယ်ဆိုတာလည်း တရားဥပဒေနဲ့ မညီညွတ်တဲ့အတွက် အခွန်မဟုတ်ဘဲ လာဘ်ငွေဖြစ်တယ်လို့ သူကပြောပါတယ်။

လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျသွားမှာ မဟုတ်ဘူးလို့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ကျောက်မဲခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။

“အစိုးရထိန်းချုပ်မှုက တော်တော်လေးကို နည်းသွားပြီးတယ်။ နယ်မြေဒေသအသီးသီးမှာ စိုးမိုးနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းက မထိန်းချုပ်ဘူးလား။ မကာကွယ်ဘူးလားဆိုတဲ့ မေးခွန်းလေးတစ်ခု မေးစရာ ရှိလာတာပေါ့။ ကျွန်တော်တို့ မြင်တာကတော့ သူတို့လည်း မထိန်းချုပ်နိုင်သေးလို့ ကျွန်တော်တို့ မသိနိုင်တဲ့အနေအထားအရ ပါဝင်ပတ်သက်မှုတွေ ဘယ်လောက်ရှိလဲဆိုတာ ကျွန်တော်တို့က မသိနိုင်ဘူး”

UNODC အစီရင်ခံစာ

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) ရဲ့ ၂၀၂၃ အစီရင်ခံစာအရ ၂၀၂၂ နှစ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ဧက တစ်သိန်းနီးပါး စိုက်ပျိုးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ဧက ၇ သောင်းခွဲနီးပါး စိုက်ပျိုးခဲ့တဲ့အတွက် ဘိန်းစိုက်ပျိုးထုတ်လုပ်တာ ၂၀၂၂ ခုနှစ်အတွင်း ၃၃ ရာခိုင်နှုန်း တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဘိန်းစိုက်ပျိုးမှုကို တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးတာတွေ၊ တိုင်းတာဖျက်ဆီးတာတွေ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှတ်တမ်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ မှာ ဘိန်းစိုက်ပျိုးမှုဧရိယာ လေးရာခိုင်နှုန်း လျော့ကျခဲ့ပေမဲ့ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှုမှာ အမြင့်ဆုံးနိုင်ငံအဖြစ် ဆက်ရှိနေသေးတယ်လို့ (UNODC) ရဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်ဟာ တစ်နိုင်ငံလုံးဘိန်းစိုက်ပျိုးမှုရဲ့ ၈၈ ရာခိုင်နှုန်းအထိ ရှိတယ်လို့ UNODC က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနဲ့ ဆီဆိုင်မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေက ဘိန်းခင်း ၄၁ ဧကကို ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာနရဲ့ အင်တာနက်ဝက်ဆိုက်မှာ ထုတ်ပြန်ထားပါတယ်။

ဘိန်းစိုက်တောင်သူတွေရဲ့ ကျန်းမာရေးနဲ့ ကလေးတွေရဲ့အနာဂတ်

ဘိန်းစိုက်တောင်သူတွေဟာ မိသားစုစားဝတ်နေရေးအတွက် လုပ်နေရပေမဲ့ သူတို့ရဲ့ ကျန်းမာရေးကို သတိမထားနိုင်ခဲ့ပါဘူး။ ပေါင်းပင်တွေကို ပိုးသတ်ဆေးဖျန်းတဲ့အခါမှာ PPE ဝတ်စုံလို့ခေါ်တဲ့ ဓာတုဆေးဝါးအကာအကွယ်ပေးတဲ့ အင်္ကျီတွေ အများစုက အသုံးပြုတာမရှိပါဘူး။

ဒါကြောင့် ဒေသခံ တောင်သူတစ်ချို့ လည်ချောင်းကင်ဆာ၊ နှာခေါင်းကင်ဆာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်လာတယ်လို့ စိုင်းအောင်က ပြောပါတယ်။

“ကျွန်တော်တို့တွေက ဖျန်းဆေး ပိုးသတ်ဆေးကို မိမိကျန်းမာရေးအတွက် အန္တရာယ်မဖြစ်အောင် ဘယ်လို အသုံးပြုရမလဲဆိုတာ သေချာမသိဘူး။ ပါးစပ်တွေ မပိတ်ဘဲနဲ့ ပိုးသတ်ဆေးတွေ ပေါင်းပင်တွေ ဖျန်းတဲ့အခါမှာလည်း ဘာအကာအကွယ်မှ အသုံးမပြုဘူး။ ဒါတွေဟာ ကျွန်တော်တို့နဲ့ အနီးဆုံး အန္တရာယ်ဖြစ်တယ်။ သို့ပေမဲ့ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိဘူးပေါ့နော်”

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘိန်းစိုက်ခင်းတစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘိန်းစိုက်ခင်းတစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

အဲဒီအပြင် ဘိန်းစိုက်တာဟာ ဥပဒေနဲ့ မညီညွတ်တဲ့အတွက် သူတို့ရဲ့ အနာဂတ် ကလေးတွေကို ခြေရာမနင်းစေချင်ဘူးလို့ စိုင်း‌အောင်က ပြောပါတယ်။ ဒါကြောင့် မိဘတစ်ယောက်အနေနဲ့ သူ့ရဲ့ အနာဂတ် မျိုးဆက်တွေကို ပညာရေးပိုင်းမှာ ပိုပံ့ပိုးပေးသွားမှာဖြစ်သလို ဘိန်းစိုက်ခင်းနဲ့ ကင်းဝေးဖို့ သွန်သင်သွားမယ်လို့ ပြောပါတယ်။

ဘိန်းစိုက်တဲ့အတွက် အမြဲစိုးရိမ်စိတ်နဲ့ ရှင်သန်နေရတယ်လို့ ပင်လောင်းမြို့နယ်က ဘိန်းစိုက်တောင်သူ ကိုကေက ပြောပါတယ်။

“ဘိန်းစိုက်တာက စိုက်ပျိုးချင်လို့ စိုက်တာမဟုတ်ဘူးပေါ့။ ခြံထဲရောက်ရင် ယူနီဖောင်းနဲ့ ရဲစစ်သား မဟုတ်ရင်တောင်မှ စတိုင်ဘောင်းဘီ၊ ဂျင်းဘောင်းဘီပဲဖြစ်ဖြစ် ရွာသားအချင်းချင်းတောင် ရဲထင်လိုက် ဌာနဆိုင်ရာ ထင်လိုက်နဲ့ ကြောက်နေရတယ်။ ပြေးနေရတယ်။ ဘိန်းစိုက်ပျိုးမှုက စိုးရိမ်မှု ကင်းကင်းနဲ့ မနေရဘူး။ အမြဲတမ်း စိုးရိမ်နေရတယ်။ ဘိန်းစစိုက်ပျိုးကတည်းက ငွေပေါ်တဲ့အထိ စိုးရိမ်နေရတယ်။ အိမ်ပြန်ရောက်ရင်လဲ ဘယ်သူက လာမလဲဆိုတာ စိုးရိမ်နေရတယ်”

ပင်လောင်းမြို့နယ်မှာ ဘိန်းမစိုက်ဘဲ တခြားသီးနှံစိုက်ချင်ကြပေမဲ့ ထွက်လာတဲ့ကုန်ပစ္စည်းကို စျေးကွက်ပို့ဖို့ လမ်းပန်းဆက်သွယ်ရေး မကောင်းတာကလည်း အခြေခံလိုအပ်ချက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဘိန်းစိုက်တာဟာ တရားဥပဒေချိုးဖောက်မှုဆိုတာ သိပေမဲ့ ရွေးချယ်စရာ လမ်းမရှိတော့တဲ့အတွက် စိုက်ပျိုးရတာလို့ ကိုကေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။