ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် မြန်မာ ဆက်လက်ရပ်တည်
2024.12.12

[Update: 4: 30 PM, Dec 12, 2024]
မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၂၄ ခုနှစ်မှာ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပေမဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) က ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ အရင်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ မူးယစ်ဆေးဝါးကို ဆက်လက်တားမြစ်နေတာကြောင့် ကမ္ဘာ့ဘိန်းဈေးကွက်မှာ မြန်မာဈေးကွက်က အချက်အချာကျလာတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံဒေသအဖြစ် ၈၈ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
"ဆင်းရဲမွဲတေမှုရယ်၊ ဒီပဋိပက္ခတွေရယ် ပြီးတဲ့အခါကျတော့ ဒီနိုင်ငံရေး ဒီလိုစစ်ပွဲတွေက ကျွန်မတို့ ရှမ်းပြည်မှာ ဘိန်းစိုက်ပျိုးမှုကို ပိုပြီးမှ မြင့်တက်လာစေတာပေါ့နော်"
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ အခုနှစ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အနည်းငယ်ကျဆင်းခဲ့ပေမဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့ ဘိန်းစိုက်ပျိုးမှု ဆယ်ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဖော်ပြပါတယ်။
အခုနှစ်အတွင်း ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုကျဆင်းခဲ့တာက သဘာ၀ဘေးနဲ့ ပဋိပက္ခတွေကြောင့်ဖြစ်တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာချုပ် စိုင်းမိဏ်းက RFA ကို ပြောပါတယ်။
“ဒီနှစ်ထဲမှာလေ ဒီရှမ်းပြည်က ဒီရှင်းရှင်းပြောလို့ရှိရင် ကပ်ဘေးအမျိုးမျိုး ကြုံရတာပေါ့။ တစ် အချက်ကတော့ စစ်ဘေးစစ်ဒဏ် အရမ်းခံရတယ်။ ရှမ်းပြည်တောင်ပိုင်းရော၊ ရှမ်းပြည်မြောက်ပိုင်းရော။ နှစ်အချက်ကတော့ ရေဘေးပေါ့နော် မိုးကြီး ရေဘေးဒဏ်ခံရတယ်။ အဲဒါကြောင့်မို့လို့ ကောင်းကောင်းမွန်မွန် မလုပ်နိုင်ဘူး”
ဒါပေမဲ့ တိုက်ပွဲအခြေအနေတွေတည်ငြိမ်လာတာနဲ့ ဘိန်းစိုက်ပျိုးတာတွေပြန်ပြီး မြင့်တက်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
ဆက်နွှယ်သောသတင်းများ
ကမ္ဘာ့ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံ မြန်မာဖြစ်လာ
အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ပိုတွင်ကျယ်လာ
တီးတိန်က ဘိန်းစိုက်ခင်းတွေကို ဒေသကာကွယ်ရေးတပ်တွေ ဖျက်ဆီး
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ပြောခွင့်ရ ယိင်းလျန်းဟန်ကလည်း စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းပဋိပက္ခတွေကြောင့် ဒေသခံတွေဟာ ရွေးချယ်စရာမရှိတော့ဘဲ ဘိန်းစိုက်ပျိုးလာရပေမဲ့ တကယ်အကျိုးအမြတ်ရှိနေတာက ကုန်သည်တွေသာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အဓိက ကတော့ပေါ့နော် ဒီဆင်းရဲမွဲတေမှုရယ်၊ ဒီပဋိပက္ခတွေရယ် ပြီးတဲ့အခါကျတော့ ပိုပြီးမှ ဒီနိုင်ငံရေး ဒီလိုစစ်ပွဲတွေက ကျွန်မတို့ ရှမ်းပြည်မှာပိုပြီးမှ ဘိန်းစိုက်ပျိုးမှုကို ပိုပြီးမှ မြင့်တက်လာစေတာပေါ့နော်။ အဓိက ကတော့ ဒီဒေသတွင်း တိုက်ပွဲတွေကြောင့် ကျွန်မတို့ ဒီအရင်ပုံမှန် ကျွန်မတို့စိုက်နေကျ၊ ကျွန်မတို့သွားလို့ရနေကျ ဒီကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်ကုန်တယ်။ အဲဒီအခါမှာ ဒေသခံတွေဟာ ရွေးချယ်စရာမရှိဘဲ ဒီဘိန်းကို စိုက်ရတာပေါ့နော်”
ကချင်ပြည်နယ်မှာလည်း အခုနှစ် ဘိန်းစိုက်ပျိုးမှုဟာ ၁၀ ရာခိုင်နှုန်းလျော့ကျခဲ့ပေမဲ့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာတော့ ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းနဲ့ ၈ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့တယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) လည်းဖြစ် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူလည်းဖြစ်တဲ့ ဗညားခွန်အောင်ကတော့ ပဋိပက္ခတွေကြောင့် ပိုကျပ်တည်းလာတဲ့ အတွက် ကယားပြည်နယ် (ကရင်နီပြည်) မှာလည်း ဘိန်းစိုက်ပျိုးတာ များလာတယ်လို့ ပြောပါတယ်။
“အခြေခံအားဖြင့်တော့ ကျွန်တော်တို့ အစားထိုးပေါ့နော် အစားထိုးသီးနှံတွေကို ဒီယန္တရားတွေက မတည်ဆောက်နိုင်ဘူးပေါ့နော်။ တော်လှန်ရေးလည်း ဖြစ်သွားတယ်။ တိုက်ပွဲတွေလည်းဖြစ်တယ်။ လူထုတွေကလည်း စားဝတ်နေရေး ပိုကျပ်တည်းသွားတော့ ဒီဝင်ငွေအရလည်း ကြည့်မယ်ဆိုရင်တော့ စိုက်ပျိုးတောင်သူတွေ၊ အထူးသဖြင့် ဖယ်ခုံမြို့နယ်မှာရှိတဲ့ စိုက်ပျိုးတောင်သူတွေကတော့ အရင်တုန်းက စိုက်ခဲ့ဖူးတဲ့ ဘိန်းတွေကို ပြန်စိုက်တာ ပိုများလာတာပေါ့နော်”
ချင်းပြည်နယ်မှာတော့ ထန်တလန်၊ ဟားခါး၊ ဖလမ်းနဲ့ တွန်းဇံမြို့ဘက်တွေမှာ ဘိန်းစိုက်ပျိုး၊ ရောင်းချတာတွေ ရှိလာတယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က RFA ကို ပြောပါတယ်။
“ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး အများအားဖြင့် ချင်းပြည် ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တွန်းဇံ ဘက်မှာပဲ ဘိန်းစိုက်ပျိုး၊ ရောင်းချမှု ရှိပါတယ်။ ကျန်တဲ့ဘက်တွေမှာတော့ စိုက်ပျိုးမှု သိပ်မရှိဘူး”
စစ်တပ်အာဏာသိမ်းပြီးနောက် သုံးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာခဲ့ပြီး ပဋိပက္ခဖြစ်ပွားမှုဟာ တရားမဝင်ဘိန်းစိုက်ပျိုးမှုရဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
UNODC ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရှမ်းပြည်နယ် ကျောက်မဲခရိုင်၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကတော့ တော်လှန်ရေးအင်အားစုနယ်မြေတွေမှာ တိုင်းရင်းသားအစိုးရအဖွဲ့တွေကိုတောင်းဆိုပြီး ဘိန်းစိုက်ပျိုးမှု လျော့ကျလာအောင် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
တိုင်းရင်းသားအသီးသီးက သူတို့ရဲ့ အုပ်ချုပ်မှုဘောင်ထဲကိုရအောင် ဆွဲသွင်းပြီးတော့မှ စစ်ပွဲတွေဖြစ်နေတယ်။ အဲတော့ တစ်ချိန်မှာတော့ တဖြည်းဖြည်းနဲ့ကတော့ ကျွန်တော်တို့က အဲဒီတိုင်းရင်းသားအစိုးရအဖွဲ့တွေကို ကျွန်တော်တို့က တောင်းဆိုလို့ရနိုင်တယ်လို့ ကျွန်တော်ကတော့ စိတ်ထဲမှာပေါ့ နည်းနည်းလေး မျှော်လင့်ချက် ရှိပါတယ်။ နောက်ပြီးတော့ မြန်မာပြည်က အာဖဂန်နစ္စတန်နဲ့ နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်လည်း လျင်မြန်စွာ လျော့ကျသွားနိုင်တဲ့ အနေအထားကို ရောက်နိုင်တယ်လို့ ကျွန်တော်ကတော့ ဒီလိုပဲ သုံးသပ်ပါတယ်”
ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ်က အာဖဂန်နစ္စတန်မှာ တာလီဘန်တွေက မူးယစ်ဆေးဝါး တားဆီးပိတ်ပင်လိုက်ပြီးနောက် ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက ကမ္ဘာ့မူးယစ်ဆေးဝါးထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
(မှတ်ချက် - ဤသတင်းတွင် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိဏ်း၊ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောခွင့်ရ ယိင်းလျန်းဟန်၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဗညားခွန်အောင်၊ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်၊ ကျောက်မဲခရိုင်၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းတို့၏ မှတ်ချက်များကို ဖြည့်စွက်ထားပါသည်။)