အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ပိုတွင်ကျယ်လာ

RFA Burmese
2023.06.26
အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ပိုတွင်ကျယ်လာ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားအား ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Ta'ang State TV

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ မေလအထိ ငါးနှစ်တာ ဖမ်းဆီးရမိခဲ့တဲ့ ကျပ်သိန်းပေါင်း ကိုးထောင်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်ဆီး လိုက်တယ်လို့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ငါးနှစ်တာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းစိမ်း (၉၃.၇) ပိဿာ၊ ဘိန်းဖြူ (၅၆.၆၄၅) ကီလိုဂရမ်၊ ရာဘလို့ခေါ်တဲ့ စိတ်ကြွဆေးပြား သုံးသန်းကျော် (၃,၄၁၄,၄၂၉) ပြား ပါဝင်တယ်လို့ ဆိုပါတယ်။

"အများဆုံးကတော့ မြို့ပတ်ဝန်းကျင်တွေမှာသွားပြီး သုံးစွဲကြတာဖြစ်တယ်။ တောဘက်မှာတော့ သိပ်ပြီးမရှိဘူး”

မူးယစ်ဆေးဝါးသုံးစွဲမှုတွေကလည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ပိုများလာတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က RFA ကို ပြောပါတယ်။

“ရောင်းဝယ်မှုက ဘယ်ကနေလာလဲဆိုရင် မြို့ပေါ်ကနေ စီးဆင်းလာတဲ့ဟာတွေပဲ ဖြစ်တယ်။ တရားဥပဒေ စိုးမိုးမှုရှိတဲ့ ရဲတို့ စစ်တပ်တို့ရှိတဲ့ အခြမ်းကနေပဲ စီးဆင်း လာတယ်။ အခြား တစ်နေရာကို ပို့ဖို့အတွက် ရောင်းဝယ်ဖို့အတွက် ကျွန်တော်တို့ ဒေသကို ဖြတ်သန်းသွားလာတဲ့အချိန်မှာ ကျွန်တော်တို့ ဖမ်းမိတာဖြစ်တယ်။ သုံးစွဲမှုကတော့ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး နောက်ပိုင်းက နည်းနည်းပိုများ တယ်လို့တော့ အဲလိုမျိုးတော့ မြင်တယ်။ တစ်ခါတလေ မြို့အတွင်းထိကို ဝင်ဖမ်းရတဲ့ အဆင့်ကိုရှိတယ်ပေါ့နော်။ အများဆုံးကတော့ မြို့ပတ်ဝန်းကျင်တွေမှာ သွားပြီး သုံးစွဲကြတာဖြစ်တယ်။ တောဘက်မှာတော့ သိပ်ပြီးမရှိဘူး”

TNLA တပ်ဖွဲ့အနေနဲ့ ၂၀၁၂ ကနေ ၂၀၁၇ အထိ မူးယစ်ဆေးဝါးသုံးစွဲသူ (၇၆၄၆) ဦးကို မူးယစ်ဆေးဖြတ်ပေးနိုင်ခဲ့သလို ဘိန်းစိုက်ခင်းဧက ၄၀၀၀ ကျော်ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS တပ်ဖွဲ့တို့ရဲ့ ထိုးစစ်တွေကြောင့် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးတာမလုပ်နိုင်ခဲ့ဘဲ ဒီနှစ်မှ ပြန်လည်မီးရှို့ဖျက်ဆီးနိုင်တာလို့ TNLA က ပြောပါတယ်။

တချို့မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေဟာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်နေပြီး အများစုက ပြည်သူ့စစ်တွေရဲ့ လစာနဲ့ရိက္ခာတွေအတွက် အသုံးစရိတ်ပြန်ရဖို့ လုပ်ဆောင်နေကြတဲ့ အခြေအနေကို တွေ့ရတယ်လို့ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းမှာလည်း မူယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အသိပညာပေး လုပ်ငန်းတွေကို လုပ်ခဲ့တယ်လို့ RCSS က သတင်းထုတ်ပြန်ပါတယ်။

RCSS အနေနဲ့ ၂၀၂၂ ကနေ ၂၀၂၃ ခုနှစ်အတွင်း စိတ်ကြွဆေးပြား လေးသိန်းခွဲကျော် (၄၅၈,၆၀၄)၊ အိုက်စ်လို့ခေါ်တဲ့ မက်သာဖက်တမင်း (၉၇၅) ကီလိုဂရမ် ဖမ်းဆီးရမိ ခဲ့တယ်လို့ဆိုပါတယ်။ မူးယစ်ဆေး သုံးစွဲသူအမျိုးသား ၂၃၆ ဦးကို မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်လို့ RCSS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံဒေသအသီးသီးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲမှုတွေ ပိုများလာနေပြီး ဘိန်းစိုက်ပျိုးမှုလည်း ဆက်လက်ရှိနေတာကြောင့် RCSS အနေနဲ့ မူးယစ်ဆေး ဆန့်ကျင်တိုက်ဖျက်ရေးမှာ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းကာလအတွင်း မူးယစ်ဆေးသုံးစွဲမှုဟာ မြို့ပေါ်ကနေ ကျေးရွာတွေအထိပါ ပျံ့နှံ့လာနေပြီး ထိန်းချုပ်ရေးအပိုင်းမှာလည်း ပိုမိုခက်ခဲလာတယ်လို့ ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ဈေးကွက်အတွင်းမှာ လူသုံးအများဆုံး ယာဘလို့ခေါ်တဲ့ တံဆိပ်မျိုးစုံပါတဲ့ စိတ်ကြွဆေးပြား တစ်ပြားကို မြန်မာ ကျပ်ငွေ ၃၅၀ နဲ့ ၅၀၀ ဝန်းကျင် ဈေးပဲရှိတော့ပြီး ဘိန်းဖြူ ပနယ်စလင် တစ်လုံးကို ကျပ် ၅၀၀၀ နဲ့ ၇၀၀၀ ဝန်းကျင်နဲ့ ပေါပေါများများ ဝယ်လို့ရနေတဲ့ အခြေအနေအထိဖြစ်လာတယ်လို့ ဆိုပါတယ်။

ရပ်ကွက်အတွင်းမှာ တန်ဖိုးနည်း မူးယစ်ဆေးတွေ အလွယ်တကူရသလို အာဏာသိမ်းပြီးနောက် ပိုများလာတဲ့ KTV လို အပန်းဖြေနေရာတွေမှာဆိုရင်လည်း တန်ဖိုးကြီးခေတ်ပေါ် မူယစ်ဆေးဝါးတွေ အလွယ်တကူဝယ်လို့ရတဲ့ အခြေအနေထိ ဖြစ်နေတာကြောင့် မူးယစ်တိုက်ဖျက်ရေးလုပ်ငန်း လုပ်ကိုင်သူတွေအတွက် အခက်အခဲ ဖြစ်ရတယ်လို့ နှစ်ပေါင်း ၃၀ ကျော်ကြာအောင် မူးယစ်ဆေးဝါး တားဆီးရေးလုပ်ငန်းတွေ လုပ်ကိုင်လာတဲ့ ကျောက်မဲ မြို့ခံ ဦးတင်မောင်သိန်းက ပြောပါတယ်။

“မြို့တိုင်းမြို့တိုင်းမှာ မပုပ်မသိုးတဲ့ပစ္စည်း ရောင်းအားဝယ်အား ကောင်းတဲ့ပစ္စည်း ရောင်းမယ်၊ ဝယ်မယ်ဆိုရင် အန္တရာယ်ကင်းတဲ့ပစ္စည်းက မူးယစ်ဆေးဝါးဖြစ်နေတယ်။ နောက်မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အစဉ်တစိုက် ဆေးကုသခဲ့တယ်။ ကုသတိုင်း လည်းပဲရတဲ့ ရာခိုင်နှုန်းပေါ့နော်၊ နေကောင်းကျန်းမာသွားတဲ့ ရာခိုင်နှုန်းက အင်မတန်မှ နည်းတယ်။ ဆေးကုပေးပြီးမှ ပြန်ကောင်းသွားတဲ့ကလေးတွေ ပြန်သုံးတယ်။ ဒါတွေကိုလည်း စိစစ်တဲ့အခါမှာ နောက်ဆုံးတစ်ချက်ပဲတွေ့တယ်။ အလွယ်တကူ ဝယ်လို့ရနေတယ်။ ဘယ်ပတ်ဝန်းကျင်မှာဖြစ်ဖြစ် အလွယ်တကူဘာလို့ ဝယ်လို့ရနေ တာလဲ။ ရောင်းတဲ့လူက လိုင်စင်ရနေသလိုဖြစ်နေတယ်။ အဲဒါတွေက အဖြေ။ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ မြေပြင်မှာ အမှန်တကယ်ဖြစ်နေတဲ့ အခြေအနေတွေပါ။ ရှေ့လျှောက်ကတော့ နောက်ပိုင်း ရင်လေးစရာအလွန်ကောင်းပါတယ်”

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုတွေ ဖမ်းဆီးနိုင်မှုတွေ ရှိနေပေမယ့် မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုတွေ ကတော့ လျော့နည်းသွားတာ မရှိဘူးလို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အတွက်ပေးပို့တဲ့ သဝဏ်လွှာမှာထည့်သွင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

တိုင်းနဲ့ ပြည်နယ်တချို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးတွေ ထုတ်လုပ် သုံးစွဲမှု ပိုများလာတာဟာ ရာဘနဲ့ ဘိန်းဖြူတွေကို အရင်လို တစ်နေရာတည်းမှာပဲ ကုန်ချောအနေနဲ့ ထုတ်တာမဟုတ်ဘဲ ကုန်ကြမ်းအဆင့်ဆင့်ကို ရွှေ့ပြောင်းစနစ်နဲ့ ထုတ်လုပ်နေတဲ့ အနေအထားကြောင့်ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ အရာရှိကြီးတစ်ဦးက ပြောပါတယ်။

ရောင်းဝယ်ရာမှာလည်း အွန်လိုင်းကနေ ငွေချေတဲ့စနစ်နဲ့ ချိတ်ဆက်လုပ်ဆောင် လာတာကြောင့် ဖမ်းဆီးရေးအပိုင်းမှာလည်း အရင်ထက် ပိုခက်ခဲလာတယ်လို့ အဲဒီ ပြည်သူ့စစ်အရာရှိက ပြောပါတယ်။

ဒီနေ့ ဇွန်လ ၂၆ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ စစ်ကောင်စီက မြန်မာငွေကျပ် ၉၃၆ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၄၄၆ သန်းကျော်) တန်ဖိုးရှိတဲ့ ဖမ်းမိမူးယစ်ဆေးတွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေး၊ အိုက်စ်၊ ဆေးခြောက်၊ ဘိန်းစားရွက်နဲ့ ဘိန်းစားမှုန့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၆၂ သန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၅၃၃ သန်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းမိခဲ့တယ်လို့ ဖော်ပြပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက ထုတ်လုပ်တဲ့ စိတ်ကြွဆေးတွေကို အရင်က ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို ကုန်းလမ်းကနေ ပို့ဆောင်ခဲ့ပေမယ့် တင်းကျပ်တဲ့စစ်ဆေးမှုတွေကြောင့် လှေတွေနဲ့ ရေလမ်းကနေ တင်ပို့ရောင်းချလာတယ်လို့ အခုနှစ် UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း နှစ်နှစ်အတွင်း ရှမ်း၊ ကချင်၊ ကယားနဲ့ ချင်းပြည်နယ်တို့မှာ ဘိန်းစိုက်ပျိုးမှုပါ သိသိသာသာ တိုးလာတယ်လို့ (UNODC) က ဆိုပါတယ်။ ဘိန်းစိုက်ပျိုးမှု အများဆုံးက ရှမ်းပြည်နယ်ဖြစ်ပြီး ရှမ်းပြည်နယ်မှာ ၃၉ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှာ ၁၄ ရာခိုင်နှုန်း၊ ကယားပြည်နယ်မှာ ၁၁ ရာခိုင်နှုန်းနဲ့ ကချင်ပြည်နယ်မှာ ၃ ရာခိုင်နှုန်း အရင်ကထက် ဘိန်းစိုက်ပျိုးမှု ပိုတိုးလာတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့နယ်မှာ ကျေးရွာပေါင်း ၉၀ နီးပါးရှိပြီး ကျေးရွာ ထက်ဝက်လောက်ဟာ အာဏာသိမ်းပြီးနောက် ဘိန်းကိုပိုစိုက်ပျိုးလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားအား ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Ta'ang State TV)
တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားအား ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Ta'ang State TV)

အာဏာမသိမ်းခင်က တစ်ပိုင်တစ်နိုင်စိုက်ပျိုးတဲ့ ဘိန်းခင်းတွေကို အာဏာပိုင်တွေက ဖျက်စီးတာတွေရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာ ဘိန်းစိုက်ပျိုးမှုဟာ နှစ်ဆ နီးပါးလောက် တိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘိန်းစိုက်ပျိုးမှုများလာကို တားဆီးဖို့အတွက် ဒေသကာကွယ်ရေးအဖွဲ့အနေနဲ့ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပေမယ့် တော်လှန်ရေးဖက်အားနည်းသွားမှာ စိုးရိမ်တာကြောင့် ဘိန်းစိုက်ပျိုးမှုကို တားဆီးတဲ့ကိစ္စကို နောက်ပိုင်းမှ သေချာကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ချင်းဒေသကာကွယ်ရေး CDF တွန်းဇံ အဖွဲ့ရဲ့ ဥက္ကဌ ဦးထန်ဆွမ်မုန့်က ပြောပါတယ်။

“အခုနောက်ပိုင်း ကျွန်တော်တို့ နယ်တွေမှာလည်း ရဲတွေ ဝင်လို့မရတော့ဘူး။ စစ်သားလည်း ဝင်လို့မရတော့ဘူး။ အာဏာသိမ်းပြီး အချိန်ကစပြီး ဒီနေ့အထိဆိုရင် အာဏာမသိမ်းခင်ကထက် အခုချိန်မှာ ပိုများတယ်လို့ ဆိုရမယ်ပေါ့။ တစ်ဧက စိုက်တဲ့လူက နှစ်ဧက စိုက်တယ်၊ နှစ်ဧက စိုက်တဲ့သူက လေးဧကစိုက်တယ်။ ၁၀ ဧက စိုက်တဲ့ သူက ဧက ၂၀ စိုက်တယ်။ အဲလောက်ထိ စိုက်နေကြတော့ နှစ်ဆတောင် ပိုတိုးသေးတယ်။ အဲဒါတော့ အမှန်အကန်ပဲ”

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကစတင်ပြီး တောင်တန်း ဒေသတွေမှာ ဘိန်းစိုက်ပျိုးတဲ့ ဧက တစ်သိန်းကျော် တိုးလာတယ်လို့ (UNODC) က အခုနှစ်ဇန်န ဝါရီလ ၂၆ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီစိုက်ပျိုးမှုကနေ ဘိန်းစိမ်း တန်ချိန် ၇၉၀ ထွက်ရှိနိုင်ပြီး ဒါဟာ စစ်တပ်အာဏာမသိမ်းမီ ကာလဖြစ်တဲ့ ၂၀၁၄ - ၂၀၂၀ ခုနှစ်ထက် ဘိန်းစိမ်းထုတ်လုပ်မှု ၈၈ ရာခိုင်နှုန်း တိုးလာတာလို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။