ရှမ်းပြည်တောင်ပိုင်းက ဒုက္ခသည် တစ်သောင်းကျော် ရေနဲ့ စားနပ်ရိက္ခာ ခက်ခဲနေ
2025.03.02

ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်က ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် တစ်သောင်းကျော်ဟာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
ညောင်ရွှေမြိုနယ်နဲ့ ပင်လောင်းမြို့နယ်အစပ်က တောင်ပေါ်ကျေးရွာတွေဖြစ်တဲ့ ထီးရီးရွာမ၊ နမ့်ပုံကျေးရွာ အပါအဝင် ကျေးရွာဆယ်ရွာလောက်က လူဦးရေငါးထောင်ကျော်အတွက် သောက်သုံးရေနဲ့ စားနပ်ရိက္ခာပါ အခက်အခဲဖြစ်နေတယ်လို့ ညောင်ရွှေမြို့နယ်မှာနေထိုင်တဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“ရွာတွေမှာက အစကတည်းက စိမ့်စမ်းရေကိုပဲ ဗူးဆွဲပြီး သုံးနေကြရတာ။ အခု ဒုက္ခသည်တွေများလာတော့ ရွာခံတွေနဲ့ဆိုတော့ ရေကမလောက်တော့ဘူး။ ရေခမ်းချိန်လည်း ဖြစ်တော့လေ။ ရေရဖို့ အတော်လေး ခက်ခဲလာတယ်”
ဒါ့အပြင် ဆီဆိုင်မြို့နယ်က ထီးစုံ၊ လွယ်ထွဲစတဲ့ ကျေးရွာတွေမှာလည်း လူဦးရေ ငါးထောင်ကျော်လောက် သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ အခက်အခဲဖြစ်နေပြီး အဲဒီကျေးရွာတွေဟာ လမ်းပန်းဆက်သွယ်ရေး ခက်တာကြောင့် စားနပ်ရိက္ခာရရှိဖို့လည်း ခက်ခဲတယ်လို့ အမည်မဖော်လိုတဲ့ ဒုက္ခသည်အရေးကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။
“စားနပ်ရိက္ခာအတွက် အကူအညီဘာမှမရတော့ စစ်ရှောင်တာ ကြာလာတော့ အကုန်လုံး အခက်အခဲဖြစ်နေကြတာ။ နေ့စားလည်း ပဲနှုတ်တဲ့ အလုပ်ပဲရှိတာ။ စစ်ရှောင်တွေရော၊ ဒေသခံရော ဆိုရင်လူပေါင်း ငါးထောင်ကျော် ခြောက်ထောင်လောက်ရှိတယ်။ သွားကူဖို့လည်း အလှူရှင်ကမရှိ လမ်းပန်းဆက်သွယ်ရေးလည်း ခက်တော့ အတော်ခက်ခဲကြတယ်”
လက်ရှိမှာလည်း တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
ညောင်ရွှေ၊ ပင်လောင်းနဲ့ ဆီဆိုင်မြို့နယ်တို့က ဒုက္ခသည်တွေ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အကူအညီလိုအပ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ဆက်နွှယ်သောသတင်းများ
တနင်္သာရီမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး အကူအညီလိုနေ
ဗန်းမော်စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး စားနပ်ရိက္ခာ လိုအပ်နေ
စစ်ဘေးဒုက္ခသည် သားပျောက်မိခင်တစ်ဦးရဲ့ သောက
အရပ်သားထိခိုက်မှုတွေကို မှတ်တမ်းတင်နေတဲ့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲကြောင့် အရပ်သား ခြောက်သောင်းခွဲကျော် နေရပ်စွန့်ခွာနေရပြီး လေးသောင်းနီးပါးဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။