အာဏာသိမ်းပြီးနောက် ကမ္ဘာမှာ မြန်မာ ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာ
2023.12.12

မြန်မာနိုင်ငံဟာ လက်ရှိ ကမ္ဘာပေါ်မှာ ဘိန်းအများဆုံးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်လာပြီလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့ (UNODC) က ပြောလိုက်ပါတယ်။
အရင်က ကမ္ဘာပေါ်မှာ ဘိန်းအများဆုံးထွက်တဲ့ အာဖဂန်နစ္စတန်ကို ကျော်လွန်ပြီး မြန်မာက အများဆုံးထုတ်လုပ်တဲ့နိုင်ငံအဖြစ် ရောက်ရှိလာတာလို့ ဒီဇင်ဘာ ၁၂ ရက် မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"တောင်သူတွေ စိုက်တဲ့ လက်ဖက်တို့ ထောပတ်တို့က စျေးမရတာမျိုးတွေ ရှိတယ်။ အဲဒီအခါကျတော့ ရွေးချယ်စရာမရှိတဲ့အခါ လူထုက ဘိန်းကိုစိုက်ရတာပေါ့နော်"
အခု ၂၀၂၃ ခုနှစ်တစ်နှစ်ထဲမှာတင် ဘိန်းတန်ချိန် ၁၀၈၀ ထုတ်လုပ်ခဲ့ပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်ထက် ၁၈ ရာခိုင်နှုန်း တိုးလာခဲ့တာလို့ ဆိုပါတယ်။ ဘိန်းစိုက်ဧကဟာလည်း မနှစ်က ၉၉,၀၀၀ ကျော်ရှိရာကနေ အခုနှစ်မှာ ဧက ၁၁၆,၀၀၀ ကျော်အထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် Jeremy Douglas က ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမငြိမ်သက်မှု ပဋိပက္ခတွေကြောင့် အခုလို မြန်မာမှာ ဘိန်းစိုက်ပျိုးမှု ပိုများလာတာလို့ ပြောပါတယ်။
"ပဋိပက္ခဖြစ်တဲ့ ဒေသတွေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဆက်စပ်မှုတွေ တွေ့ရတယ်။ ပဋိပက္ခကြောင့် ပြည်သူတွေ အိုးအိမ်မဲ့ ထွက်ပြေးရတယ်။ နိုင်ငံမှာ စီးပွားရေး မတည်မငြိမ်ဖြစ်တယ်။ ဒီအကြောင်းအရင်းတွေက လူတွေကို ဘိန်းထုတ်လုပ်ဖို့ကို တွန်းအားပေးနေတာ"
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ သုံးနှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာခဲ့တာဖြစ်ပြီး ဘိန်းစိုက်တောင်သူတွေရဲ့ ဝင်ငွေကလည်း ၇၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ပြောပါတယ်။
အများဆုံး တိုးချဲ့စိုက်ပျိုးတဲ့နေရာက ရှမ်းပြည်နယ်မှာဖြစ်ပြီး ဧကတစ်သိန်းကျော်၊ ကချင်ပြည်နယ်မှာ ဧက ၁၁၀၀၀ ကျော်၊ ချင်းပြည်နယ်မှာ ဧက ၁၇၀၀ ကျော်နဲ့ ကယားပြည်နယ်မှာ ဧက ၁၂၀၀ နီးပါး တိုးချဲ့စိုက်ပျိုးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ပြောခွင့်ရ ယိင်းလျန်းဟန်ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေဟာ ရွေးချယ်စရာ မရှိတော့တာကြောင့် အခုလိုတိုးလာတာလို့ ပြောပါတယ်။
"အဓိကပြောရရင်တော့ အာဏာသိမ်းပြီးနောက်ပိုင်း လူထုက စီးပွားရေးကျပ်တည်းလာတယ်။ ပြီးတော့ စစ်ပွဲတွေဖြစ်တယ်။ စစ်ပွဲတွေဖြစ်တော့ ကုန်ထုတ်လုပ်ငန်းတွေ လမ်းတွေ ခရီးတွေခက်ခဲတယ်။ ကုန်ထုတ်လုပ်ငန်းတွေမှာလည်း အဲလိုမျိုး နိုင်ငံခြားပို့တာမျိုး ဥပမာ တရုတ်ဆိုလည်း ပို့မရဘူး။ ဘယ်မှ ပို့မရဘူး လမ်းတွေပိတ်တယ်။ လူထုက ရွေးချယ်စရာ မရှိဘူးပေါ့နော်။ ပြီးတော့ သီးနှံပေါ့နော်။ အဓိကတောင်သူတွေ စိုက်တဲ့ လက်ဖက်တို့ ထောပတ်တို့က စျေးမရတာမျိုးတွေ ရှိတယ်။ အဲဒီအခါကျတော့ ရွေးချယ်စရာမရှိတဲ့အခါ လူထုက ဘိန်းကိုစိုက်ရတာပေါ့နော်။ အဲဒီတော့ ဘိန်းစိုက်ပျိုးမှု ပိုတိုးလာတယ်လို့ ပြောလို့ရတယ်"
ကယားပြည်နယ်မှာတော့ တိုက်ပွဲတွေကြောင့် ဘိန်းစိုက်ပျိုးမှုတိုးမလာပေမဲ့ ကရင်နီပြည်ဆိုရင်တော့ ဖယ်ခုံမြို့နယ်မှာ တိုးလာတယ်လို့ ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂)လည်းဖြစ် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူလည်းဖြစ်တဲ့ ဗညားခွန်အောင်က ပြောပါတယ်။
"ကယားပြည်နယ်မှာ သိသိသာသာ တိုးပွားလာတာ မရှိဘူးပေါ့နော်။ ကျွန်တော်တို့ပြည်နယ်က အရင်တုန်းက ရှိနေတဲ့အတိုင်းပဲ။ ဒါပေမဲ့ အခေါ်အဝေါ်တစ်ခုဆိုရင်တော့ တိုးနိုင်တာပေါ့။ ကယားဆိုရင်တော့ ခုနစ်မြို့နယ်ဆိုရင် တိုးမလာဘူး။ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘူး၊ ပိုတောင်မှ လျော့သွားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ကရင်နီဆိုတဲ့ အသုံးနဲ့ သုံးမယ်ဆိုရင်တော့ ဖယ်ခုံမြို့နယ်ထဲမှာတော့ တော်တော်တိုးလာတယ်ပေါ့နော်။ အဲဒါတော့ ကျွန်တော်တို့က လက်ခံထားတယ်။ ကရင်နီအနေနဲ့ဆို တိုးလာတယ်။ ကယားအနေနဲ့ဆို တိုးမလာဘဲနဲ့ လျော့သွားတယ်။ ဘာဖြစ်လို့လည်းဆို အရင်တုန်းက စိုက်ခဲ့တဲ့ လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုအနောက်ခြမ်းမှာဆိုရင် မတိုးလာဘူး။ လွိုင်ကော်မြို့နယ်ထဲမှာဆိုရင် လုံးဝစိုက်လို့မရတဲ့အခြေအနေ ဖြစ်သွားတယ်ပေါ့နော် "
စစ်ကိုင်းတိုင်းမြောက်ပိုင်းမှာလည်း ဘိန်းစိုက်ခင်း ဧက ၆၂၀ ရှိနေပြီး ၂၀၁၅ ခုနှစ်ကထက် ငါးဆ ပိုများလာတာတွေ့ရတယ်လို့ UNODC က ဖော်ပြပါတယ်။
UNODC ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်း စုစုပေါင်း ရွာပေါင်းတစ်ရာက ဘိန်းစိုက်ခင်း ၃၇၀ နဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းက ဘိန်းစိုက်ခင်း ၁၇ ခင်းကို သွားရောက်လေ့လာပြီး စစ်တမ်းကောက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမြေပြင်မှာလည်း အများကြီးမြင်နေရတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ကျောက်မဲခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်သိန်း ကပြောပါတယ်။
"တရားဥပဒေစိုးမိုးရေးအဖွဲ့ဆိုတာက ကျွန်တော်လုပ်သက်နှစ်ပေါင်း ၃၀ မှာ ကျွန်တော်ကို ဘယ်သူမှ မကူခဲ့ကြဘူး။ ဒီနောက်မှာ ပိုဆိုးလာတယ်။ ဒီအတိုင်းသာ ဆက်သွားရင် တိုင်းပြည်ပိုဆိုးမယ်။ သူတို့ကိန်းဂဏန်းတွေ ထုတ်ကြတယ်ဆိုတာလည်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သုံးစွဲမှုတွေကို တိုင်းတာတဲ့ စနစ်တွေကလည်း နည်းပညာနဲ့ ပညာရှင်တွေက နှိုင်းယှဉ်ပြီး တိုင်းတာပြီးထုတ်ပြန်တာဖြစ်တယ်။ ကျွန်တော်တို့က ဘယ်လိုတိုင်းတာလဲ မသိပေမဲ့ မြေပြင်မှာလည်း အများကြီးမြင်နေရတယ်။ ဒါကြောင့်မို့ ဒီနေ့ကိန်းဂဏန်းတွေထွက်လာတာ အံဩစရာမကောင်းဘူး။ ဒါဟာ ပကတိအနေအထားကို လက်ခံရမဲ့ အနေအထားဆိုတာသိနေတယ်”
မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုရော၊ စိုက်ပျိုးရေးနည်းပညာတွေ ပိုမို တိုးတက်လာခဲ့တယ်လို့ UNODC က ဆိုပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်လာသလို့ သုံးစွဲတဲ့နှုန်းလည်း တိုးလာပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ရန်ကုန်က လူငယ်တွေမှာလည်း ဘိန်းဖြူအပါအဝင် စိတ်ကြွဆေးအမျိုးမျိုးကို အလွယ်တကူဝယ်လို့ရနေတယ်လို့ ရန်ကုန်မြို့ခံ မဂျူဝဲလ်က ပြောပါတယ်။
"ဘားသွားပြီ ကလပ်သွားပြီဆိုရင် စားပွဲပေါ်မှာ ပန်းကန်တွေနဲ့တင်ပြီးတော့ စိတ်လွတ်လက်လွတ် သုံးလို့ရတဲ့ အနေအထားတွေထိ ရှိတယ်။ စျေးအစားစားရှိတယ်။ အနိမ့်ဆုံး ခုနစ်သောင်းရှစ်သောင်းလောက်ကနေ စပြီးသုံးကြတယ်။ အဲဒီလိုကနေ သိန်းဂဏန်းဆိုရင် တစ်သိန်း တစ်သိန်းခွဲအထိ သုံးနိုင်ကြတယ်။ အရင်တုန်းကတော့ ဘားတွေ ကလပ်တွေ Festivalတွေမှာ ဆေးတွေ၊ မူးယစ်ဆေးတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးတာတွေရှိပေမဲ့ ဒီကာလမှာ လုံးဝ မဖမ်းဘူး။ အဲဒီလိုမျိုး သုံးချင်တိုင်းသုံးလို့ရအောင် ပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကားမှုတွေကို သူတို့ ခွင့်ပြုထားတယ်"
ဒီလိုမူးယစ်ဆေးဝါးတွေကို ဖမ်းဆီးတာတွေ မရှိဘူးဆိုတာနဲ့ စစ်အာဏာသိမ်းပြီး မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်သုံးစွဲမှုတွေ တိုးလာတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချူပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံတစ်ဝန်းသိမ်းဆည်းရမိတဲ့ အမေရိကန် ဒေါ်လာ ၄၄၆ သန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီနှစ်ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ်က အာဖဂန်နစ္စတန်မှာ တာလီဘန်တွေက မူးယစ်ဆေးဝါး တားဆီးပိတ်ပင်လိုက်တဲ့အတွက် နိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း တန်ချိန် ၃၃၀ ခန့် ကျဆင်းသွားခဲ့တဲ့နောက် မြန်မာနိုင်ငံက ကမ္ဘာ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိရာ အဓိကဖြစ်လာခဲ့တယ်လို့ UNODC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။