ကမ္ဘာ့ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံ မြန်မာဖြစ်လာ
2023.12.12
မြန်မာနိုင်ငံဟာ လက်ရှိ ကမ္ဘာပေါ်မှာ ဘိန်းအများဆုံးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်လာပြီလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့ (UNODC) က ပြောလိုက်ပါတယ်။ အရင်က ကမ္ဘာပေါ်မှာ ဘိန်းအများဆုံးထွက်တဲ့ အာဖဂန်နစ္စတန်ကို ကျော်လွန်ပြီး မြန်မာက အများဆုံးထုတ်လုပ်တဲ့နိုင်ငံအဖြစ် ရောက်ရှိလာတာလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
မြန်မာနိုင်ငံဟာ အခု ၂၀၂၃ ခုနှစ်အတွင်း ဘိန်းတန်ချိန် ၁၀၈၀ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၂၂ မှာ ဘိန်းတန်ချိန် ၇၉၀ ထုတ်လုပ်ခဲ့တဲ့အတွက် ဒီနှစ်မှာ ၁၈ ရာခိုင်နှုန်း တိုးလာခဲ့တာလို့ ဆိုပါတယ်။ ဘိန်းစိုက်ဧကလည်း မနှစ်က ၉၉,၀၀၀ ကျော်ရှိရာကနေ အခုနှစ်မှာ ဧက ၁၁၆,၀၀၀ ကျော်အထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။
UNODC က မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် က ဘိန်းစိုက်ခင်း ၃၇၀ ကို ကွင်းဆင်းလေ့လာခဲ့ပြီးနောက် တွေ့ရှိချက်ကို အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် Jeremy Douglas က ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမငြိမ်သက်မှု ပဋိပက္ခတွေကြောင့် အခုလို မြန်မာမှာ ဘိန်းစိုက်ပျိုးမှု ပိုများလာတာလို့ ပြောပါတယ်။
"ပဋိပက္ခဖြစ်တဲ့ ဒေသတွေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဆက်စပ်မှုတွေ တွေ့ရတယ်။ ပဋိပက္ခကြောင့် ပြည်သူတွေ အိုးအိမ်မဲ့ ထွက်ပြေးရတယ်။ နိုင်ငံမှာ စီးပွားရေး မတည်မငြိမ်ဖြစ်တယ်။ ဒီအကြောင်းအရင်းတွေက လူတွေကို ဘိန်းထုတ်လုပ်ဖို့ကို တွန်းအားပေးနေတာ"
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ သုံးနှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာခဲ့တာဖြစ်ပြီး ဘိန်းစိုက်တောင်သူတွေရဲ့ ဝင်ငွေကလည်း ၇၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ပြောပါတယ်။
ဘိန်းပွင့် ပျမ်းမျှစျေးနှုန်းဟာ တစ်ကီလို အမေရိကန်ဒေါ်လာ ၃၅၆ ဒေါ်လာအထိ ရှိနေတယ်လို့ ဆိုပါတယ်။ အများဆုံး တိုးချဲ့စိုက်ပျိုးတဲ့နေရာက ရှမ်းပြည်နယ်မှာဖြစ်ပြီး ဧက တစ်သိန်းကျော်၊ ကချင်ပြည်နယ်မှာ ဧက ၁၁၀၀၀ ကျော်၊ ချင်းပြည်နယ်မှာ ဧက ၁၇၀၀ ကျော်နဲ့ ကယားပြည်နယ်မှာ ဧက ၁၂၀၀ နီးပါး တိုးချဲ့စိုက်ပျိုးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
စစ်ကိုင်းတိုင်းမြောက်ပိုင်းမှာလည်း ဘိန်းစိုက်ခင်း ဧက ၆၂၀ ရှိနေပြီး ၂၀၁၅ ခုနှစ်ကထက် ငါးဆ ပိုများလာတာတွေ့ရတယ်လို့ UNODC က ဖော်ပြပါတယ်။
UNODC က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်း စုစုပေါင်း ရွာပေါင်းတစ်ရာက ဘိန်းစိုက်ခင်း ၃၇၀ နဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းက ဘိန်းစိုက်ခင်း ၁၇ ခင်းကို သွားရောက်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုရော၊ စိုက်ပျိုးရေးနည်းပညာတွေ ပိုမို တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ရေပေးဝေစနစ်နဲ့ ဓာတ်မြေသြဇာ သုံးစွဲမှုတွေ အပါအဝင် နည်းပညာတိုးတက်မှုတွေကြောင့် သီးနှံထွက်လည်း ပိုမိုတိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ်က အာဖဂန်နစ္စတန်မှာ တာလီဘန်တွေက မူးယစ်ဆေးဝါး တားဆီးပိတ်ပင်လိုက်တဲ့အတွက် နိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း တန်ချိန် ၃၃၀ ခန့် ကျဆင်းသွားခဲ့တဲ့နောက် မြန်မာနိုင်ငံက ကမ္ဘာ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိရာ အဓိကဖြစ်လာခဲ့တယ်လို့ UNODC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။