ကြီးထွားနေဆဲ ဘိန်းစိုက်ပျိုးမှုနဲ့ ၂၀၂၄
2024.12.26

မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ မူးယစ်ဆေးဝါး သိမ်းဆည်းရရှိမှု အများဆုံး နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါတယ်။
◼ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးစံချိန် ဆက်ရှိနေဆဲ
ကမ္ဘာတစ်ဝန်းမှာ ဘိန်းစိုက်ပျိုးမှု အများဆုံးအဖြစ် ရပ်တည်ခဲ့တဲ့ အာဖဂန်နစ္စတန်ဟာ ၂၀၂၂ ခုနှစ်ကစလို့ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက်လာပြီးနောက် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ထိပ်ဆုံးစားရင်မှာ ရောက်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) က ပြောဆိုထားပါတယ်။
“အာဏာသိမ်းတဲ့နောက်ပိုင်းမှာ တရားဥပဒေစိုးမိုးရေးက မရှိသလောက်ဖြစ်နေတာ။ ဒါ့ကြောင့် မြို့အတွင်းမှာတော့ အဲဒီမူးယစ်ဆေးဝါးတွေက များပါတယ်"
ပြီးခဲ့တဲ့ ၂၀၂၃ မှာ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဧရိယာ ဟက်တာ ၄၇၀၀၀ ရှိခဲ့ရာကနေ ၂၀၂၄ မှာ လေးရာခိုင်နှုန်း လျော့ကျခဲ့ပေမဲ့ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးနိုင်ငံအဖြစ် ဆက်ရှိနေဆဲပဲလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) ရဲ့ ဒီဇင်ဘာ ၁၂ ရက် နေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ရှမ်းပြည်နယ်ဟာ တစ်နိုင်ငံလုံးရဲ့ ၈၈ ရာခိုင်နှုန်းအထိ ရှိပြီး ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ဗဟိုချက်မဖြစ်နေတယ်လို့ UNODC က ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်းက ဘိန်းအဓိကစိုက်ပျိုးတဲ့ နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ၂၀၂၄ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု လျော့နည်းသွားခဲ့ပေမဲ့ ကိုးကန့်တပ် MNDAA သိမ်းပိုက်လိုက်တဲ့ ကွတ်ခိုင်မြို့နယ် တာမိုးညှဲမြို့နယ်ခွဲ၊ မုံးစီးဒေသ၊ လားရှိုးမြို့နယ် မိုင်းယော်ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု ဆက်ရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် မြန်မာ ဆက်လက်ရပ်တည်
ပိုများလာနေတဲ့ ချင်းတောင်က ဘိန်းစိုက်ခင်းများ
တီးတိန်က ဘိန်းစိုက်ခင်းတွေ ချင်းကာကွယ်ရေးအဖွဲ့ ဖျက်ဆီး
စစ်ကောင်စီတပ်နဲ့ UWSA “ဝ” တပ်ဖွဲ့ ပူးတွဲ ထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့နယ် အတွင်းမှာတော့ အခုနှစ် ဘိန်းစိုက်ပျိုးမှု အရှိန်ပိုကောင်းလာတယ်လို့ တန့်ယန်းမြို့ခံ တစ်ဦးက ပြောပါတယ်။
“စိုက်တာပေါ့ အကုန်စိုက်နေကြတာ။ တန့်ယန်းရဲ့ လယ်တွေမှာ အကုန်စိုက်တယ်လေ။ ရွာတွေဘက်မှာ နမ့်မူဆယ်၊ နောင်လိုင် တစ်ကြောတွေ တန့်ယန်းမြို့ရဲ့ မြောက်ဘက်လည်းရှိတာပဲ၊ တောင်ဘက်လည်းရှိတာပဲ၊ အရှေ့ဘက်လည်းရှိတာပဲ စိုက်နေကြနေရာတွေပဲပေါ့”
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နဲ့ မိုင်သုံးဆယ်လောက်သာဝေးတဲ့ ဟိုပုံးမြို့နယ် ကျောက်တန်းဒေသနဲ့ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်ပူးတွဲ ထိန်းချုပ်တဲ့ ပင်လုံမြို့နယ်၊ လွိုင်လင်မြို့နယ်တွေမှာတော့ လမ်းဘေးမှာပဲ ဘိန်းခင်းတွေကိုတွေ့ရလို့ အခုနှစ် ခရီးသွားတွေကြားမှာ ဘိန်းပန်းတွေနဲ့ အလှဓါတ်ပုံပြီး ဆိုရှယ်မီဒီယာတွေမှာ ပြန်လည်မျှဝေနေတာကို တွေ့ရပါတယ်။
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ မြို့နယ်တွေမှာတော့ လမ်းပန်းဆက်သွယ်ရေး ပိတ်ပင်ခံရတာကြောင့် စိုက်ပျိုးရေးပစ္စည်းမရတဲ့အတွက် ၂၀၂၃ ခုနှစ်ကလို ဘိန်းဧကနဲ့ချီ မစိုက်နိုင်ဘူးလို့ ဖယ်ခုံမြို့ခံ ဘိန်းစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။
“ကားလမ်းလည်း မပေါက်ဘူး မြေသြဇာတွေလည်း သယ်လို့ မရဘူးပေါ့နော်။ လမ်းပဲလျှောက်ရတယ် ဆိုင်ကယ် တော့ပေးသွားတယ်။ ကားသုံးလို့ မရဘူးလေ။ စိုက်ပျိုးရေးက မဖြစ်နိုင်ပါဘူး။ တစ်ပိုင်တစ်နိုင် အဲလောက်ပါပဲ။ အခါတိုင်းနှစ်ဆို တစ်ဧကဆို အခုတော့ ဧကဝက်လောက်တောင် မလုပ်နိုင်ဘူးပေါ့နော်။ သုံးပုံမှာ တစ်ပုံပဲ လုပ်နိုင်တယ်”
ကယားပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကြားမှာ ဘိန်းစိုက်ပျိုးမှုကို အဓိကထားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ အခုနှစ်နွေရာသီမှာပါ စိုက်ပျိုးမှုရှိလာပြီး အရင်နှစ်တွေထက် ၂၅ ရာခိုင်နှုန်း ပိုမိုစိုက်ပျိုးလာတာကို တွေ့ရတယ်လို့ ကရင်နီကြားကာလ စီမံအုပ်ချုပ်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ကိုဗညားက ပြောပါတယ်။
“အဓိက လူထုတွေရဲ့ စီးပွားရေးက တစ်ခြားရွေးချယ်စရာ မရှိတော့လောက်အောင် ဖြစ်သွားတယ်။ တခြားသီးနှံတွေကလည်း ဈေးကွက်မငြိမ်မှုတွေအပေါ်မှာ ဒီဘိန်းက ဈေးကွက်အရ ငြိမ်တဲ့အပေါ်မှာ ပိုတိုးလာတယ်လို့ အကြမ်းဖျဉ်း ပြောလို့ရပါတယ်ခင်ဗျ”
UNODC ရဲ့စစ်တမ်းတွေမှာလည်း ကယားပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ရှစ်ရာခိုင်နှုန်းတိုးလာတယ်လို့ ဖော်ပြပါတယ်။
◼ အာဏာသိမ်းပြီးနောက် ဘိန်းစျေးကွက်ပိုကောင်းလာ
စစ်တပ်အာဏာမသိမ်ခင် ၂၀၂၀ ခုနှစ်ဝန်းကျင်မှာ ရှမ်းပြည်နယ်အတွင်း ဘိန်းစိမ်း တစ်ပိဿာကို မြန်မာကျပ်ငွေ သုံးသိန်းကျော်ရှိခဲ့ရာကနေ အခု ၂၀၂၄ ခုနှစ်မှာ ဒေသအလိုက် ဘိန်းစိမ်း တစ်ပိဿာကို မြန်မာကျပ်ငွေ ရှစ်သိန်းကနေ ဆယ်နှစ်သိန်းအထိရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဘိန်းအထွက်နှုန်းကောင်းရင် တစ်ဧကကို ဘိန်းစိမ်း သုံးပိဿာကျော် အထိရတာကြောင့် အခြားစိုက်ပျိုး သီးနှံထက် ဈေးကွက်ရှိပြီး တွက်ခြေကိုက်တဲ့ ဘိန်းကို ပိုစိုက်လာကြတာလို့ ဘိန်းစိုက် တောင်သူတွေက ပြောပါတယ်။
အိန္ဒိယနယ်စပ် ချင်းပြည်နယ်မှာတော့ ၂၀၂၄ ခုနှစ်မှာ ဘိန်းစိမ်း တစ်ပိဿာကို မြန်မာကျပ်ငွေ သိန်း ၇၀ ကနေ သိန်း ၁၂၀ အထိရတာကြောင့် ဘိန်းကိုပိုစိုက်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
UNODC ရဲ့စစ်တမ်းတွေအရ ချင်းပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။
ချင်းပြည်နယ် တွန်းဇံနဲ့ တီးတိန်မြို့တွေမှာ ဘိန်းကိုတစ်နှစ်မှာ နှစ်ကြိမ်အထိ စိုက်ပျိုးလာကြပြီး တောင်သူ တစ်ယောက်ကို သုံးဧကကနေ ဧကသုံးဆယ်ကျော်အထိ ပိုစိုက်လာတယ်လို့ ချင်းပြည်နယ် တွန်းဇံမြို့နယ်က ဘိန်းစိုက်တောင်သူတွေက ပြောပါတယ်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ကတော့ ချင်းပြည်နယ်တောင်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးတွေ ထိန်းသိမ်းနိုင်ပေမဲ့ အိန္ဒိယနယ်စပ်တွေမှာတော့ ထိန်းဖို့ခက်တယ်လို့ ပြောပါတယ်။
“မူယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ချင်းပြည်နယ်မှာ ထန်တလန်တို့ တွန်းဇံတို့ပေါ့နော် ဖလန်းပေါ့ အစွန်ပေါ့နော် အိန္ဒိယနယ်စပ်တွေဖြစ်တဲ့ အဲဘက်မှာပိုများတယ်ခင်ဗျ။ ချင်းပြည်တောင်ပိုင်းမှာတော့သိပ် မရှိပါဘူး။ အဲဒီဘက်မှာကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေ လိုက်လံဖျက်ဆီးနေပါတယ်။ အဲဒီကြားထဲမှာ တရားမဝင် လျှို့ဝှက်စိုက်ပျိုးရောင်းချနေတာ ကုန်သွယ်နေတာမျိုးတွေတော့ ရှိပါတယ်ခင်ဗျ”
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာတော့ ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းက ဘိန်းစိုက်ခင်း ဧက ၂၀ ကျော်ကို ဇိုလဲန်းပြည်သူ့ရဲတပ်ဖွဲ့ (People's Police Force-Zoland) နဲ့ ဇိုလဲန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Zoland) တို့ ပူးပေါင်းဖျက်ဆီးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဘိန်းအစားထိုးသီးနှံတွေ စိုက်ပျိုးနိုင်ဖို့ခက်ခဲတာ၊ ထွက်ရှိတဲ့ သီးနှံတွေရောင်းချဖို့ အခက်အခဲရှိတာ၊ အိန္ဒိယဈေးကွက်ကြီးမားတာကြောင့် ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုက ဆက်ရှိနေဦးမယ်လို့ ဒေသခံတွေက ပြောပါတယ်။
◼ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေရဲ့ ဘိန်းတိုက်ဖျက်ရေး ကြိုးပမ်းမှု
ကချင်ပြည်နယ် အတွင်းမှာတော့ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီးဒေသ၊ ပူတာအိုမြို့နယ်နဲ့ တနိုင်း ဒေသတွေမှာ ဘိန်းကိုအများဆုံး စိုက်ပျိုးကြပါတယ်။
၂၀၂၄ မှာ အဲဒီဒေသတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/KIO) က ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်း ဘိန်းစိုက်ပျိုးမှုတွေ လျော့ကျခဲ့ပြီး လာမဲ့နှစ်မှာတော့ ဘိန်းစိုက်ခင်းတွေ ပပျောက်သွားနိုင်တယ်လို့ KIO မူးယစ်တိုက်ဖျက်ရေး ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ၂၀၂၃ ကနေ ၂၀၂၅ နှစ်အထိ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်သူ လက်ကြီးသမားတွေ ဖမ်းဆီးရေးကို စီမံချက်ချမှတ်ဆောင်ရွက်နေတာပါ။
၂၀၂၃ မှာ မူးယစ်ဆေးထုတ်လုပ် ရောင်းဝယ်တဲ့ လက်ကြီးသမား အယောက် ၃၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး အခုနှစ်မှာတော့ လက်ခွဲတွေကအစ ဖမ်းမိတာကြောင့် အယောက် ၆၀ ကျော်အထိ ရှိနိုင်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ အများဆုံးဖမ်းမိတာက ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အစပ်က လွယ်ဂျယ်၊ မန့်ဝိန်းကြီး၊ မိုးညှင်း၊ တနိုင်း ရွှေမှော်နဲ့၊ ကျောက်စိမ်း အဓိကထွက်တဲ့ ဖားကန့်မြို့ နယ်တွေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ခေတ်နဲ့အညီပေါ်လာတဲ့ မူးယစ်ဆေးတွေ လူငယ်တွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားလာနေပြီး စစ်ကောင်စီထိန်းချုပ် နယ်မြေတွေမှာ အဆိုးရွားဆုံးဖြစ်နေတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။
“အာဏာသိမ်းတဲ့နောက်ပိုင်းမှာ တရားဥပဒေစိုးမိုးရေးက မရှိသလောက်ဖြစ်နေတာ။ ဒါ့ကြောင့် မြို့အတွင်းမှာတော့ အဲဒီမူးယစ်ဆေးဝါးတွေက များပါတယ်။ မူးယစ်ဆေးဝါးဆိုတဲ့နေရာမှာ နံပါတ်ဖိုးတို့၊ ယာဘတို့ နောက် ကာရာအိုကေ၊ ကေတီဗွီ၊ နှိုက်ကလပ်မှာ သုံးနေတဲ့ အီးတို့၊ ကေတို့၊ ဟက်ပီးဝါတာတို့ ရွှေတို့ပေါ့နော် အဲတာတွေကတော့ပိုပြီးမှ များလာတာကိုတွေ့ ရပါတယ်”
ကချင်ပြည်နယ်အတွင်းက မူးယစ်ဆေး အများစုဟာ ရှမ်းပြည်နယ် နယ်စပ်တွေကနေ အများဆုံးဝင်ရောက်လာတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် ၂၀၂၃ နှစ်ကုန်ပိုင်းအထိ ရှမ်းပြည်မြောက်ပိုင်းဒေသက ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူမြို့နယ်တွေဟာ ဘိန်းစိုက်ပျိုးမှုအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေမှာပါ နာမည်ကြီးပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ်မှာ ကွတ်ခိုင်၊ နမ့်ခမ်းမြို့တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီမြို့ တွေမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးကို ဆောင်ရွက်နိုင်ခဲ့ပေမဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကတော့ ဆက်လက်လုပ်ဆောင်ရဦးမယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦး က RFA ကို ပြောပါတယ်။
“လက်ရှိ တအာင်းဒေသမှာဆို ဘိန်းစိုက်ပျိုးမှုတွေက တော်တော်လေး လျော့နည်းလာတယ်။ သို့ပေမဲ့လည်း နယ်စပ်မြို့တွေဖြစ်တဲ့ နမ့်ခမ်းတို့ ကွတ်ခိုင်မြို့တွေကျတော့ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေက အနည်းနဲ့အများ တွေ့နေရတာမျိုးတွေ ရှိပါတယ်။ လက်ရှိအချိန်မှာ စစ်ရေးတင်းမာနေတာကို အခွင့်ကောင်းယူပြီးမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတာမျိုးတွေလည်း ရှိပါတယ်။ ကျွန်မတို့ဘက်ကတော့ ဒီဟာကို အားစိုက်ပြီးတော့မှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ ပပျောက်အောင် ဆောင်ရွက်နေတာ ရှိပါတယ်”
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မြို့ပေါ်တွေကို ထိန်းချုပ်ပြီးနောက်ပိုင်းမှာ မြို့တွင်းမှာ မူးယစ်ဆေး သုံးသူတွေ သိပ်မတွေ့ရတော့ပေမဲ့ မြို့ပြင်နေရာတွေမှာတော့မူးယစ်ဆေး သုံးစွဲသူတွေ ရှိနေသေးတယ်လို့ ရှမ်းမြောက်ဒေသခံတွေက ပြောပါတယ်။
◼ ၂၀၂၄ အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု
စစ်ကောင်စီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွေအပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ မြန်မာကျပ်ငွေ တစ်ဘီလီယံနဲ့အထက် မူးယစ်ဆေးဖမ်းဆီးမှုပေါင်း ၅၃ မှု ရှိခဲ့တာကို တွေ့ရပါတယ်။
သိန်းနဲ့ချီတဲ့ စိတ်ကြွဆေးပြား ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၂၇ မှုနဲ့ အများဆုံးဖြစ်ပြီး အိုက်(စ်) လို့ခေါ်တဲ့ မူးယစ်ဆေးဝါးကတော့ တန်ချိန်နဲ့ချီပြီး ဒုတိယအများဆုံး ဖမ်းဆီရမိခဲ့တာကို တွေ့ရပါတယ်။
၂၀၂၄ မေလ ၆ ရက်နေ့က ကျောက်ဆည်သံရွာမှာ မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံတန်ကြေးရှိတဲ့ အိုက်စ် မူးယစ်ဆေး ငါးတန်ကို ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ၂၀၂၄ ခုနှစ်အတွင်း အများဆုံးဖမ်းဆီးရမိခဲ့တဲ့ ပမာဏ ဖြစ်ပါတယ်။
ဒုတိယ အအများဆုံးအနေနဲ့ ဇူလိုင် ၂၂ ရက်နေ့က ဧရာဝတီတိုင်း ဖျာပုံမြို့မှာ ပင်လယ်ရေကြောင်းကနေ ပို့ဆောင်မဲ့ ငွေကျပ် ၆၉ ဘီလီယံတန်ကြေးရှိတဲ့ အိုက်စ်မူးယစ်ဆေးတွေနဲ့ မူးယစ်ကုန်ကူးတဲ့ ဂိုဏ်းကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း တတိယအများဆုံး ဖမ်းဆီးရမိတာက ဘိန်းဖြူဖြစ်ပြီး ပရီကာဆာလို့ခေါ်တဲ့ မူယစ်ဆေး ချက်လုပ်ရာမှာသုံးတဲ့ ထိန်းချုပ်ဆေးဝါးတွေလည်း တန်နဲ့ချီ ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ၂၀၂၃ ခုနှစ်အတွက် ဒီဇင်ဘာလ တစ်လအတွက်သာ ဖော်ပြခဲ့တာတွေ့ရပြီး အဲဒီတစ်လအတွင်းမှာ ကျပ်ငွေ ဘီလီယံနဲ့ချီ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးအမှုပေါင်း လေးမှုရှိခဲ့တာကို တွေ့ရပါတယ်။
မြန်မာကျပ်ငွေ ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိတဲ့မြို့တွေဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္လာရီတိုင်းနဲ့ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်က ဖြစ်တာကို တွေ့ရပါတယ်။
မန္တလေးတိုင်းအတွင်းမှာ ပြင်ဦးလွင်၊ ကျောက်ဆည်၊ သာစည်၊ မတ္တရာစတဲ့မြို့တွေမှာ ဖမ်းဆီးရမိတဲ့ အကြိမ်ရေ ၁၄ ကြိမ်ရှိခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အများဆုံးဖြစ်တာကို တွေ့ရပါတယ
ရှမ်းပြည်နယ်အတွင်းမှာတော့ ရွှေတြိဂံဒေသလို့ လူသိများတဲ့ တာချီလိတ်၊ ကျိုင်းတုံနယ်စပ် မြို့တွေအပါအဝင် လွိင်လင်၊ နောင်ချို၊ ကွန်ဟိန်း၊ ရွာငံ စတဲ့မြို့နယ်တွေမှာ မူယစ်ဆေး ကျပ်ဘီလံနဲ့ချီပြီး ဖမ်းဆီးရမိတဲ့ အကြိမ်ရေ ၁၃ ကြိမ်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။
ဒီလိုဖမ်းဆီးရမိမှုတွေက ဒေသအတွင်းမှာ မူးယစ်ဆေးထုတ်လုပ်မှုတွေ ရှိနေသေးတယ်ဆိုတာကို ပြသနေတာလို့ ရှမ်းပြည်နယ် ကျောက်မဲမြို့အခြေစိုက် မာနာမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း တာဝန်ရှိသူ ဦးတင်မောင်သိန်းက မှတ်ချက်ပေးပါတယ်။
“မူးယစ်ဆေးဝါးဆိုတာ မြန်မာပြည်ထဲမှာ ဖြန့်တာနည်းတယ်။ သူတို့က နိုင်ငံတကာပို့ဖို့လုပ်တယ် အဲမှာမိတယ်။ ဘီလီယံချီပြီးမိတယ်။ အဲဒါတွေ ထုနဲ့ထည်နဲ့ကြီးကို ဘယ်ဈေးကွက်ထဲ သွားပစ်မှာတုန်း။ ဒါက ဆိုင်ပေါ်မှာ ခင်းပြီးတော့ ရောင်းလို့ရတဲ့ ပစ္စည်းမျိုးလည်း မဟုတ်တဲ့အတွက် ဒီလောက်များတဲ့ဟာတွေ မိနေတယ်ဆိုတာ ဘာကိုတိတိကျကျ ပြောနိုင်လဲဆိုရင် ထုတ်လုပ်မှုတွေက မရပ်သေးဘူး။ ဒီဟာနဲ့ စီးပွားရှာတဲ့ လူအုပ်စုတွေ ရှိနေသေးလို့ပဲ။ ပရီကာဆာလို့ခေါ်တဲ့ ကုန်ကြမ်းတွေက အိန္ဒိယကလည်းဝင်တယ် တရုတ်ဘက်ကလည်းဝင်တယ်။ မမိဘဲနဲ့ လွတ်သွားတဲ့ဟာ ဘယ်လောက်ရှိမလဲပေါ့”
မြို့ပေါ်နေရာအနှံ့မှာ မူယစ်ဆေးရောင်းဝယ်မှုတွေ ပိုများလာနေတာကြောင့် ဒီမူးယစ်ဆေးဖြတ်ဖို့ မူးယစ်ဆေးဖြတ်စခန်းကို ရောက်လာသူတွေလည်း ပိုများလာတယ်လို့ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းလုပ်ဆောင်နေသူတွေက ပြောပါတယ်။
ဒါပေမဲ့ မူယစ်ဆေးက အလွယ်တကူ ဝယ်လို့ရတာကြောင့် ဆေးဖြတ်စခန်းကိုလာတဲ့ လူငယ်တွေ မူးယစ်ဆေး ပြန်စွဲတဲ့ စိန်ခေါ်ချက်က ကြီးမားတယ်လို့ ဧရာဝတီတိုင်းအတွင်းက မူးယစ်ဆေးစွဲလူငယ်တွေကို ဆေးဖြတ်ပေးနေတဲ့ နယ်လှည့်ကုသိုလ်ပြု နှလုံးလှ ဆရာဝန်များအဖွဲ့ တည်ထောင်သူ တေးရေးမင်းကိုက ပြောပါတယ်။
“လာဖြတ်တယ် ကျွန်တော်တို့လည်း သေသေချာချာ ဖြတ်ပေးလိုက်ပြီ သို့သော် ဖြတ်သွားတဲ့ ကောင်လေးရဲ့ မိသားစုဝင်ကိုယ်တိုင်က မူးယစ်ဆေးဝါး ရောင်းဝယ်နေတာမျိုးကျတော့ ကျွန်တော်တို့က အာမခံလို့ မရနိုင်ဘူး။ ကျွန်တော်တို့ ဘယ်လောက်ပဲဖြတ်ပေး ဖြတ်ပေး သူ့အသိုင်းအဝိုင်းက လွယ်လွယ်ကူကူ ရနေတယ်ဆိုလို့ရင် ပြန်စွဲနိုင်တယ်”
မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးထုတ်လုပ်မှု အများဆုံးဖြစ်နေတယ်ဆိုတဲ့ နိုင်ငံတကာအဖွဲ့တွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ဇွန်လ ၂၆ ရက်နေ့မှာ ရန်ကုန်၊ တောင်ကြီး၊ မန္တလေးမြို့အတွင်း မြန်မာကျပ်ငွေ ဘီလီယံ ၁,၂၀၀ ကျော် တန်ကြေးရှိတဲ့ မူးယစ်ဆေးတွေကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မြန်မာကျပ်ငွေ ၁၁၈၈ ဒသမ ၈၂ ဘီလီယံကျော်ရှိတဲ့ မူးယစ်ဆေးဝါး နဲ့ ဓာတုပစ္စည်း ၇၉ မျိုး ဖျက်ဆီးခဲ့ပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်း ၁၀၈ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် အနည်းငယ်လျော့ကျ ဖျက်ဆီးနိုင်ခဲ့တာကို တွေ့ရပါတယ်။
အခု ၂၀၂၄ ခုနှစ်ဇွန်လ မှာတော့ ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းနဲ့ ပြည်နယ် ခြောက်ခုက မြို့နယ် ၂၄ မြို့ မှာ မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်း ၇၇ မျိုး၊ စုစုပေါင်းကျပ် ၁၁၆၃ ဘီလျံကျော်အထိ ဖျက်ဆီးခဲ့တာကို တွေ့ ရပြီး ၂၀၂၃ ခုနှစ်ထက် ပိုများတာကို တွေ့ရပါတယ်။
ဒါဟာ ပြည်တွင်းမှာ မူးယစ်ဆေးတွေ ပိုမိုထုတ်လုပ်မှုရှိနေလို့ ဖမ်းဆီးရမိနေတယ်ဆိုတာကို ညွှန်ပြနေတာလို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေသူတွေက ထောက်ပြကြနေကြပါတယ်။