တီးတိန်က ဘိန်းစိုက်ခင်းတွေ ချင်းကာကွယ်ရေးအဖွဲ့ ဖျက်ဆီး

RFA Burmese
2024.12.25
တီးတိန်က ဘိန်းစိုက်ခင်းတွေ ချင်းကာကွယ်ရေးအဖွဲ့ ဖျက်ဆီး ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်တောင်သူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် စီယင်းဒေသမှာရှိတဲ့ ဘိန်းစိုက်ခင်း သုံးဧကခန့်ကို ဖျက်ဆီးလိုက်တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ - စီယင်း (CDF CDM- Siyin) ရဲ့ အဖွဲ့ခေါင်းဆောင် ထောင်းပူက RFA ကို ဒီဇင်ဘာ ၂၅ ရက် ဒီနေ့ပြောပါတယ်။

“ဒီဇင်ဘာ ၁၈ ရက်နေ့က ဖျက်တာပေါ့။ စိုက်တာကတော့ ရွာသားတွေ စိုက်ထားတာ။ အခုဖျက်ဆီးထားတာတော့ သုံးဧကလောက်ရှိတယ်။ ဆက်ပြီးလည်း အတော်လေးဖျက်ရမှာ”

စီယင်းဒေသနဲ့ ထိစပ်နေတဲ့ တွန်းဇံမြို့နယ်မှာလည်း ဘိန်းစိုက်ခင်းတွေ အများအပြားရှိနေပြီး ဒီနှစ်ထဲမှာ ဘိန်းစိုက်ပျိုးတာတွေ ပိုများလာတယ်လို့ သူက ပြောပါတယ်။

တွန်းဇံမြို့နယ်ထဲက ရွာတွေမှာ အရင်က ဘိန်းစိုက်ပျိုးသူ အနည်းအကျဉ်းသာရှိပေမဲ့ လက်ရှိမှာတော့ ရွာလုံးကျွတ်နီးပါး ဘိန်းစိုက်ပျိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းဒေသကာကွယ်ရေးအဖွဲ့တွေကတော့ အဲဒီဒေသမှာ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးနိုင်ရေးအတွက် စီစဉ်နေတာ ရှိတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်က ဘိန်းစိုက်ပျိုးမှု အခြေအနေနဲ့ပတ်သက်ပြီးတုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆယ်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေး ဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) က ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။