တီးတိန် ဒေသခံတစ်ဦး မိုင်းနင်းမိပြီး အပြင်းအထန် ဒဏ်ရာရ

RFA Burmese
2024.08.23
တီးတိန် ဒေသခံတစ်ဦး မိုင်းနင်းမိပြီး အပြင်းအထန် ဒဏ်ရာရ တီးတိန်ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

ချင်းပြည်နယ်၊ တီးတိန်မြို့၊ ပြည်သူ့ဆေးရုံက ဝန်ထမ်းအိမ်ရာအနီး ပြောင်းဖူးခင်းထဲမှာ သြဂုတ် ၂၃ ရက် မနက်ပိုင်းက အရပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မိုင်းနင်းမိသူဟာ အသက် ၄၅ နှစ်အရွယ် ဦးခမ်ခေါ်ထောင် ဖြစ်ပြီး ဒူးအောက်ကနေ ညာခြေတစ်ဖက် ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဦးခမ်ခေါ်ထောင်ဟာ လွယ်ဘွားလ်ရပ်ကွက်ကို ရေပေးဝေဖို့ ရေသွားဖွင့်ချိန်မှာ အခုလို မိုင်းနင်းမိခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူက ရပ်ကွက်ရေပေးဖို့ သွားဖွင့်ချိန်မှာ ရင်ခွဲရုံနဲ့ ဝန်ထမ်းအဆောင်နားက ပြောင်းခင်းထဲမှာ နင်းမိတာ။ စကစ မိုင်းပဲဖြစ်မှာ၊ အရင်က ဆေးရုံမှာ သူတို့ တပ်စွဲထားတာလေ။ သူ နင်းမိတဲ့နေရာက အသွားအလာ မလုပ်ဖို့ သတိပေးထားတဲ့နေရာလည်း ဖြစ်တယ်။ အခု တီးတိန်ဆေးရုံမှာ ဆေးကုနေတယ်”

ဦးခမ်ခေါ်ထောင် နင်းမိတဲ့မိုင်းဟာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းလို့ ဒေသခံတွေက ပြောပေမဲ့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံ ၃၆ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြီးခဲ့တဲ့ မေလထဲမှာ RFA ကို ပြောထားပါတယ်။

နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်ပစ္စည်းတွေကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း အရပ်သား ၁၀၂ ဦး သေဆုံးခဲ့ပြီး ၅၉၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ဇူလလိုင်အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။