တီးတိန်မှာ သန်းခေါင်စာရင်းကောက်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရ

RFA Burmese
2024.10.04
တီးတိန်မှာ သန်းခေါင်စာရင်းကောက်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရ ချင်းပြည်နယ် တီးတိန်မြို့သို့ သွားရာလမ်းတစ်နေရာကို တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သလို သန်းခေါင်စာရင်း ကောက်ယူမှုမှာ ပါဝင်သူတစ်ဦးကို အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Zoland) က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူဟာ တီးတိန်မြို့ရဲ့ မြို့မိ မြို့ဖ ဖြစ်တဲ့ ဦးကမ်းလျန်ထန် ဆိုသူဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သန်းခေါင်စာရင်းကောက်ယူဖို့ လုပ်ဆောင်နေတာကြောင့် တီးတိန်မြို့ပေါ်မှာပဲ ဖမ်းဆီးခံလိုက် ရတာပါ။

သူဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်နေသူတစ်ဦးဖြစ်တာကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Zoland) ရဲ့ ပြန်ကြားရေးတာ၀န်ခံက RFA ကို ပြောပါတယ်။

"အခုဖမ်းဆီးထားတဲ့သူက သန်းခေါင်စာရင်းကောက်တဲ့နေရာမှာ Non CDM တွေရဲ့ အားအကိုးရဆုံးသူပေါ့။ သူ့ကို ထိန်းသိမ်းထားရင် သန်းခေါင်စာရင်းကောက်ခံတာကို အဟန့်အတားတစ်ခု ဖြစ်နိုင်မယ်လို့ ယူဆတယ်။ ဒါကြောင့် ဖမ်းဆီးထိန်းသိမ်းထားတာပါ။ မီတာကောက်ခံတယ်လို့ အကြောင်းပြပြီး အရင်ကလည်း အိမ်ထောင်စာရင်း ကောက်ခံတာမျိုး လုပ်တာလည်း ရှိခဲ့တယ်"

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်မှာ ချင်းညီနောင်အဖွဲ့က သူတို့ ထိန်းချုပ်ရာနယ်မြေတွေမှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူရာမှာ ပူပေါင်းပါဝင်တာ မလုပ်ဖို့ သတိပေးထားပြီး ကူညီပံ့ပိုးသူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီတားမြစ်ချက်ကို မလိုက်နာလို့ အခုလို ဖမ်းဆီးထိန်းသိမ်းတာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Zoland) က ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အောက်တိုဘာ ၁ရက်နေ့က ဟားခါးမြို့မှာလည်း စစ်ကောင်စီက လုံခြုံရေးတွေနဲ့ သန်းခေါင်စာရင်းကောက် ယူနေချိန်မှာ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF) ဟားခါးက တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်အထိ နိုင်ငံတစ်ဝန်း လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေပြီး ကာကွယ်ရေးတပ်ဖွဲ့နဲ့ သပိတ်အင်အားစုတွေကတော့ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။