ထီးလင်းမှာ မီးလောင်ကျွမ်းနေတဲ့ ဒေသခံလေးဦးအလောင်းတွေ့

2022.10.14
ထီးလင်းမှာ မီးလောင်ကျွမ်းနေတဲ့ ဒေသခံလေးဦးအလောင်းတွေ့ မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် သရခါကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
Photo: PDF- Htilin

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ထဲက ရွာတွေကို စက်တင်ဘာလ ၃၀ ရက်နေ့စပြီး စစ်ကောင်စီတပ်သားတွေ စီးနင်းဝင်ရောက် မီးရှို့ခဲ့ပြီးနောက် အောက်တိုဘာလ ၁၃ ရက် မနေ့ကတော့ အနောက်ဘက်ရွာမှာ မီးလောင်ကျွမ်းသေဆုံးနေတဲ့ အလောင်းလေးလောင်း တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) စစ်ကြောင်းနဲ့ ပျူစောထီးတွေအပါအဝင် အင်အား တစ်ရာကျော်ပါတဲ့ စစ်ကြောင်းဟာ ထီးလင်းကနေတစ်ဆင့် အနောက်ဘက်ရွာနဲ့ တောင်ဘက်ရွာကို ရောက်လာပြီး နေအိမ်တွေ ဖျက်ဆီး မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"ကျနော်တို့အိမ်နဲ့ အခုပါတဲ့အိမ်တွေက သိန်း ၅၀၀ တန်ကြေးရှိတယ်"

လက်ရှိအချိန်အထိ ရွာပေါင်းငါးရွာက နေအိမ် ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့မှာ အနောက်ဘက်ရွာကို ပြန်ဝင်ရောက်လာပြီး နေအိမ်တွေကို ထပ်မံမီးရှို့ခဲ့ပြီးနောက် မီးကျွမ်းနေတဲ့ အလောင်းတွေ တွေ့ခဲ့တာလို့ ကိုယ်တိုင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာထဲတွေသွားပြီးတော့မှ ချောင်းမြောင်းပြီးတော့ သွားကြည့်တဲ့အချိန်မှာ ဦးမောင်ထူး အိမ်မှာ လူသေပြီးသား ရုပ်အလောင်းနှစ်လောင်း။ ဦးမဲလုံးအိမ်မှာ လူသေပြီးသား ရုပ်အလောင်းနှစ်လောင်း တွေ့ရှိရတယ်။ ပျောက်ဆုံးနေတဲ့ အနေအထားလည်း တွေ့နေ ရတယ်။ အဲဒါတော့ သက်ကြီးရွယ်အိုနှစ်ယောက် ဘယ်မှာနေလို့ ဘယ်မှာ ရောက်မှန်း လည်း မသိရသေးဘူး။ အခု ရွာသူရွာသား အကူအညီနဲ့ ရှာဖွေနေရသေးတယ်။ အခု အချိန်အထိ သတင်းလုံးဝ မရသေးပါဘူး"

အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူတွေပါရှိသလို ပြန်တွေ့တဲ့ ရုပ်အလောင်းတွေက လည်း မီးကျွမ်းနေတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ အတိအကျမသိရသေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ ဒေသခံ ကိုဟိန်းထက်၊ ကိုညိုမင်း၊ အောင်ဖြိုးကိုအပါအဝင် အသက် မပြည့်သေးတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အို စုစုပေါင်းခြောက်ဦးလည်း ပျောက်ဆုံးနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနောက်ဘက်ရွာဟာ ထီးလင်းမြို့နဲ့ တစ်မိုင်ဝန်းကျင်သာဝေးပြီး အိမ်ခြေ ၈၀ ခန့်နဲ့ လူဦးရေ ၃၅၀ ခန့်ရှိတဲ့ ရွာဖြစ်ပါတယ်။

အဲဒီ စစ်ကြောင်းဟာ ရွာတွေတစ်လျှောက် ဝင်ရောက်မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးလင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီစစ်ကြောင်းက အရင်ဆုံး မီးရှို့တဲ့ရွာက အညာတောပေါ့နော်။ ထီးလင်းမြို့နယ် အညာတောရွာ နေအိမ် ခြောက်လုံး မီးလောင်တာပေါ့နော်။ ၂၂ ရက်နေ့ ကံသာရွာ။ ကံသာရွာပြီးလို့ရှိရင် ပုဏ္ဏားရွာကို ဝင်တယ်"

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာလ ၂၈ ရက်မှာ ကျောက်ထုဘက်က စစ်ကြောင်းနဲ့ ပေါင်းပြီး အောင်းတောင်ရွာက နေအိမ် ခြောက်လုံးကို မီးရှို့ခဲ့သလို အောက်တိုဘာလ ၇ ရက်နေ့မှာလည်း အိမ်ခြေ ၁၄၃ လုံးရှိတဲ့ သရခါရွာက နေအိမ် ခြောက်လုံးကို မီးထပ်ရှို့ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သရခါရွာဒေသခံတစ်ဦးက သူရဲ့ နေအိမ်နဲ့ ဆန်၊ စပါးတွေအားလုံး မီးအရှို့ခံလိုက်ရတယ်လို့ RFA ကို ပြောပါတယ်။

309190752_199484982437638_1112333996019317325_n.jpg
မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် သရခါကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့နှင့် ဆန်၊ စပါးများအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: PDF - Htilin)

"ကျနော်တို့အိမ်နဲ့ အခုပါတဲ့အိမ်တွေက သိန်း ၅၀၀ တန်ကြေးရှိတယ်။ ကျနော့် အစ်ကို အကြီးဆုံးအိမ်ပါတယ်။ ကျနော်ရဲ့ တူအရင်း နှစ်အိမ်ပါတယ်။ တစ်ဝမ်းကွဲတူအိမ် တစ်အိမ်ပါတယ်။ ကျနော်တို့မှာ မွေးချင်းတွေချည်းဆိုတော့ တအားဒုက္ခရောက်တယ်။ ကာလပေါက်ဈေးနဲ့ဆိုရင် ပိုက်ဆံငါးရာရှိတောင် ကျနော့်အိမ်ကို မဆောက်နိုင်ဘူး။ စားဝတ်နေရေးမှအစ အခက်အခဲ ရောက်နေတော့တာ။ ဆန်းစပါးရှိသမျှတွေ အကုန်လုံး မီးကျွမ်းသွားတာဆိုတော့"

စစ်ကောင်စီတပ်သားတွေဟာ  ရွာထဲမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ ပါတီကို ထောက်ခံနေသူတွေရဲ့ အိမ်ကြီးအိမ်ကောင်းတွေကိုပဲ ရွေးပြီး မီးရှို့သွားတာလို့ ဆိုပါတယ်။

တိုက်ပွဲ ကြီးကြီးမားမားမရှိဘဲနဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် မီးရှို့နေတာလို့ ထီးလင်း PDF အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"အခုစစ်ကြောင်းကတော့ ဒီအတိုင်း ရွာစဉ်တစ်လျှောက် မီးရှို့ပြီးဆင်းလာတဲ့ စစ်ကြောင်းပေါ့နော်။ အိမ်တွေ မွှေတယ်။ တိုက်ပွဲကို အဓိက အဲလိုကြီးဖြစ်နေတာ မဟုတ်ဘူး။ ညီမတို့ဘက်က ခုခံတယ် ဆိုတာကလည်း ဒီအတိုင်း မိုင်းထောင်တာတို့ ခဏလောက်ပဲ ထိတွေ့တိုက်ပွဲ ဖြစ်တာလောက်ပဲ ရှိတာ။ ကိုယ့်ဘက်က တိုက်ပွဲလုပ်လိုက်လို့ မီးရှို့လိမ့်မယ် အဲဒါမျိုးတွေကို ရွာတွေလက်မခံလို့ရှိရင် အဲနေရာတွေမှာ တိုက်ပွဲဖော်လို့ မရဘူး။ ဒီစစ်ကြောင်းတစ်လျှောက်မှာ တိုက်ပွဲက အဲလောက် အများကြီး ဖြစ်လာခဲ့တာတော့ မရှိဘူးရှင့်"

လက်ရှိအချိန်မှာလည်း စစ်ကြောင်းဟာ ထီးလင်းမြို့မှာရှိနေပြီး မြို့ရဲ့ငါးမိုင်ပတ်လည် ရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံလေးဦး မီးလောင်သေဆုံးတာနဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့အပေါ်  RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်ကိုလည်း ဒီကနေ့ နေလယ်ပိုင်းမှာ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြား တာ မရှိပါဘူး။

လက်ရှိ သရခါရွာနဲ့ အနောက်ဘက်ရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံတွေဟာ တောတောင်ထဲအထိ ထွက်ပြေးနေရတာ ၁၀ ရက်ကျော် လာပြီဖြစ်လို့  အစာရေစာ ငတ်ပြတ်နေတဲ့အပြင် စစ်ကောင်စီတပ်သားတွေ လိုက်လံရှာဖွေနေတာကြောင့်လည်း ချင်းပြည်နယ်ထဲအထိ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။