စစ်ကောင်စီတပ် ဖိအားကြောင့် ဖားကန့်ဒေသခံ ခုနစ်ရာနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရ

RFA Burmese
2023.12.12
စစ်ကောင်စီတပ် ဖိအားကြောင့် ဖားကန့်ဒေသခံ ခုနစ်ရာနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်‌ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က မှော်ရှန်ဘုန်းကြီးကျောင်းတွင် တွေ့ရစဉ်။
Kachin News Group

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာအနီးက နန့်ပုတ်ရွာနဲ့ ပင်းရံခရွာက ဒေသခံတွေကို နိုဝင်ဘာ ၂၃ ရက်နေ့ ည ၁၂ နာရီမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တို့က စစ်ဆင်ရေးအကြောင်းပြပြီး နေအိမ်တွေကနေ ဖယ်ရှားပေးဖို့ အမိန့်ပေးလာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီနှစ်ရွာမှာ နေထိုင်တဲ့ ဒေသခံ ခုနစ်ရာနီးပါးဟာ နေ့ဘက်တွေမှာသာ အိမ်ခဏပြန်ရပြီး ညဘက်တွေမှာ တောတောင်တွေထဲမှာ ပုန်းရှောင်နေကြရတာကြောင့် ရေရှည်မှာ စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။

နန့်ပုတ်ရွာက ဒေသခံတွေကတော့ ပြောင်းရွှေ့ဖို့အတွက် အချိန် မိနစ် ၃၀ နီးပါးပဲ ရခဲ့တာကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ စစ်ဆင်ရေး ကင်းလွတ်ရာ နေရာတွေကို တိမ်းရှောင်ခဲ့ကြရတာလို့ ဆိုပါတယ်။

"ကျွန်တော်တို့ တစ်ရွာလုံးကလေ ငါတို့ကို အချိန်မရွေး ရှမ်းနီကုန်းကနေ လှမ်းပစ်လိုက်နိုင်ပါလားဆိုတဲ့ စိတ်က အကုန်လုံးကြောက်တဲ့စိတ်နဲ့ အသက်ရှင်နေထိုင်နေရတယ်"

နန့်ပုတ်ရွာမှာ နေထိုင်တဲ့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးကတော့ ရှမ်းနီတပ်က စစ်ဆင်ရေးအကြောင်းပြပြီး ဖယ်ရှားခိုင်းခဲ့ကြောင်းနဲ့ မဖယ်ပေးရင် ပစ်မယ်လို့ ခြိမ်းခြောက်ကြောင်း ပြောပါတယ်။

"ရှောင်ခိုင်းတဲ့ ညက ကျွန်တော်တို့ တစ်ရွာလုံးက အိပ်နေကြပြီ။ အိပ်နေတဲ့အချိန် ၁၀ နာရီလောက် ရောက်တဲ့အခါကျတော့ ရွာထဲကနေ လူကြီးတွေက SNA ကုန်းက စိုင်းပန်ဆိုတဲ့ လူက ရှောင်ခိုင်းတယ်ပေါ့။ တစ်ရွာလုံးရှောင်ကြ၊ ဘုန်းကြီးကအစ မမြင်ချင်ဘူးပြောတယ်။ ဘယ်လောက် အချိန်ရမလဲဆိုတော့ နာရီဝက်အတွင်း ရွှေ့တဲ့။ မဟုတ်ရင် မင်းတို့တစ်ရွာလုံးကို ပစ်မယ်တဲ့။ အဲဒါကြောင့် တစ်ရွာလုံးက ရှိသမျှလူအကုန်လုံးက ထွက်ပြေးရတယ်"

ဒါ့အပြင် နန့်ပုတ်ရွာနဲ့ ရှမ်းနီတပ် (SNA) အထိုင်ချထားတဲ့ စခန်းနဲ့ နှစ်မိုင်ကျော်သာ ကွာဝေးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မကြာခဏဆိုသလို ရွာဘက်ကို ပစ်ခတ်လေ့ရှိတယ်လို့ သူက ပြောပါတယ်။

နန့်ပုတ်ရွာဟာ အိမ်ခြေ နှစ်ရာနီးပါးနဲ့ လူဦးရေ ငါးရာကျော် နေထိုင်ပြီး ဒေသခံအများစုဟာ စိုက်ပျိုးရေးနဲ့ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်ရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

နန့်ပုတ်ရွာနဲ့ ဘေးချင်းကပ်ရွာဖြစ်တဲ့ ပင်းရံခရွာကလည်း အိမ်ခြေ တစ်ရာနီးပါးနဲ့ လူဦးရေ နှစ်ရာနီးပါး နေထိုင်ပြီး အများစုဟာ လက်လုပ်လက်စားနဲ့ ကျောက်လုပ်ငန်း လုပ်ကိုင်ကြသူတွေ နေထိုင်ကြတာပါ။

အခုကာလဟာ အအေးဓာတ်ပိုကဲနေတဲ့ ဆောင်းတွင်းကာလဖြစ်တာကြောင့် တောတောင်တွေထဲမှာ ပုန်းရှောင်နေရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ ကျန်းမာရေးထိခိုက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပင်းရံခရွာကိုတော့ ဆယ်ဇင်းရွာအထွက်မှာ စခန်းချနေထိုင်နေတဲ့ စစ်ကောင်စီတပ်က နေအိမ်တွေကနေ ဖယ်ရှားပေးဖို့ အမိန့်ပေးလာတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တပ်ကတော့ ပင်းရံခဘက်ကို အဲဒီနေ့ ညပိုင်း ၈ နာရီလောက်ကို ဖုန်းဆက်တယ်။ ည ၁၂ နာရီမတိုင်ခင် ပြောင်းပေးဖို့ ပြောတယ်။ အဲဒီလိုမဟုတ်ရင် လေကြောင်းကနေ လာဖို့ရှိတယ်ဆိုပြီး ပြောတယ်။ ဘယ်သူမှ မမြင်ချင်ဘူးပေါ့။ တစ်ခါတစ်ခါ တိုက်ပွဲဖြစ်တဲ့အခါကျရင် ဘုန်းကြီးကျောင်းတွေမှာ ကျွန်တော်တို့က စစ်ဘေးသွားရှောင်ကြတယ်လေ။ အဲဒီတော့ အခုက ဘုန်းကြီးကျောင်းမှာလည်း လုံးဝမနေနဲ့လို့ ပြောတယ်"

အခုနှစ် ဩဂုတ်လအတွင်းမှာလည်း နန့်ပုတ်ရွာဈေးအနီးကို ရှမ်းနီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံရှစ်ဦး ကိုယ်လက်အင်္ဂါတချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောတောင်တွေထဲမှာ ရွှေ့ပြောင်းနေထိုင်နေရပေမယ့်လည်း ရှမ်းနီတပ်ဘက်ကနေ အချိန်မရွေး လက်နက်ကြီး တွေနဲ့ ပစ်ခတ်လာနိုင်တာကြောင့် နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေရတယ်လို့ နန့်ပုတ်ရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဓိက ကတော့ ခန္ဓာကိုယ်မလုံခြုံတာထက် စိတ်မလုံခြုံမှု ဖြစ်နေတာဗျ။ ကျွန်တော်တို့ တစ်ရွာလုံးကလေ ငါတို့ကို အချိန်မရွေး ရှမ်းနီကုန်းကနေ လှမ်းပစ်လိုက်နိုင်ပါလား ဆိုတဲ့ စိတ်က အကုန်လုံးကြောက်တဲ့ စိတ်နဲ့ အသက်ရှင်နေထိုင်နေရတယ်။ ပြီးတော့ အရင်လို လုပ်ငန်းကိုင်ငန်းကလည်း ကောင်းကောင်းမွန်မွန် မလုပ်နိုင်တော့ဘူး။ သူများလို ဆောင်းတွင်းကြီးမှာ နွေးနွေးထွေးထွေး မနေရဘူးပေါ့။ အဝတ်တစ်ထည် ဝယ်ဖို့ကအစ ခက်ခက်ခဲခဲ ဖြစ်နေတယ်။ အပြင်ဘက်ထွက်မယ်ဆိုရင်လည်း စစ်တပ်က ပိတ်ထားတယ်။ ဟိုဘက်ထွက်မယ်ဆိုလည်း ရှမ်းနီဂိတ်က ပိတ်ထားတယ်။ ပိုက်ဆံရှိရင်တောင် ဘာမှဝယ်မရတဲ့ အခြေအနေပါ"

ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင် စောင့်ကြည့်နေတဲ့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ရဲ့ တာဝန်ခံ ကိုဂျက်ကော့ကတော့ အရပ်သားတွေ နေထိုင်ရာတွေမှာ စစ်ပွဲတွေ ဖော်ဆောင်တာ မလုပ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

"ဒီစစ်ကောင်စီဘက်က လက်နက်နဲ့ ခြိမ်းခြောက်ပြီးမှ အရပ်သားပြည်သူလူထုကို သူတို့နေတဲ့ နေရာကို ပြောင်းရွှေ့ခိုင်းတာလိုမျိုး ဒီလိုမျိုးလုပ်တဲ့အပေါ်ကိုတော့ ကျွန်တော်တို့ အနေနဲ့ကတော့ လုံးဝကန့်ကွက် ရှုတ်ချပါတယ်။ စစ်ကောင်စီက ဒီလိုမျိုး မလုပ်သင့်ဘူး။ ပြည်သူလူထုက သူတို့နေတဲ့ နေရာဒေသမှာ လွတ်လပ်စွာ နေထိုင်ပိုင် ခွင့် ရှိပါတယ်ဗျ။ ဒီလိုမျိုး စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ်ကို ကန့်ကွက်ပါတယ်"

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ကချင်ပြည်နယ် ဖားကန့်မြို့တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ကချင်ပြည်နယ် ဖားကန့်မြို့တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဖားကန့်မြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) က တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီနဲ့ ရှမ်းနီတပ်တို့ကို သူတို့က ရိက္ခာ ဖြတ်တောက်နေတဲ့အပေါ် မကျေနပ်တာကြောင့် ဒေသခံလူထုကို ဖိအားပေးရွှေ့ပြောင်း ခိုင်းတာလို့ ပြောပါတယ်။

“ကျွန်တော်တို့ ဒီဘက်ကနေပြီးတော့ ဆီတို့၊ တခြားကုန်ပစ္စည်းတွေက နန့်ပုတ်ကနေ ဖြတ်ပြီးတော့မှ သူတို့ရွာကို သွားရတာပေါ့။ အခုဆိုရင် ဒီဘက်ကနေပြီးတော့ ဆီတွေ ဘာတွေကအစ ဆီလမ်းကြောင်းတွေကို အသွားမခံဘူး။ ကုန်ပစ္စည်းတွေအစ လစ်မစ် (အကန့်အသတ်) နဲ့ပဲ အသွားခံတဲ့အခါမှာ တစ်ဖက်က သူတို့က အကျပ်အတည်း ရိုက်တယ်။ စားဝတ်နေရေးကအစ အဆင်မပြေဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က တံတားတွေ ဘာတွေ ဖြတ်လိုက်တယ်။ ရှင်းရှင်းပြောရရင် စစ်ရေးအရ ဖြတ်လေးဖြတ်စနစ်နဲ့ ဖြတ်ထားတာဖြစ်တဲ့အတွက် သူတို့မှာ အရမ်းအကျပ် အတည်း ရိုက်နေတာ။ သူတို့မှာ ထွက်ပေါက်က ဘာမှမရှိဘူး။ အဲဒီတော့ သူတို့နိုင်တာ သူတို့နဲ့နီးစပ်တဲ့ နန့်ပုတ်နဲ့ ပင်းရံခရွာကိုပဲ အမြဲတမ်းခြိမ်းခြောက်ပြီး ဖိအားပေးတဲ့သဘောပေါ့"

ဒီ့အပြင် စစ်ကောင်စီတပ်တွေနဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား လတ်တလော တိုက်ပွဲမဖြစ်ပေမယ့် စစ်ရေးအရ အပြန်အလှန် စောင့်ကြည့်နေတာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

နန့်ပုတ်နဲ့ ပင်းရံခရွာက ဒေသခံတွေကို ဖိအားပေးရွှေ့ပြောင်းခိုင်းနေတာနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနဲ့ ရှမ်းနီတပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းအောင်မိန်းတို့ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းကျော် နေထိုင်တဲ့ ဖားကန့်မြို့နယ်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေ၊ လက်လုပ်လက်စားနဲ့ အခြေခံလူတန်းစားတွေ အများဆုံး ရှိနေတာပါ။ ဒေသခံအများစုဟာ ရွှေမျောတိုက်တာနဲ့ ရေမဆေး ရှာဖွေရေးတွေကိုသာ အဓိကလုပ်ကိုင်ကြပါတယ်။

စစ်အာဏာသိမ်းထားလို့ စားဝတ်နေရေးခက်ခဲနေတဲ့ အခုလိုကာလမှာ အလုပ်အကိုင်နဲ့ နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးနေရတာကြောင့် အခက်အခဲပေါင်းစုံ ကြုံနေရတယ်လို့ နန့်ပုတ်နဲ့ ပင်းရံခရွာက ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။