ရေငုပ်သင်္ဘောဝယ်ယူမှုအပေါ် အမြင်အမျိုးမျိုးရှိနေ
2020.10.27
မြန်မာက အိန္ဒိယနိုင်ငံကနေ ရေငုပ်သင်္ဘော ဝယ်ယူခဲ့တာကို အခြေခံပြီး အရှေ့တောင်အာရှမှာ တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှုကို တန်ပြန်တုံ့ပြန်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ အယူအဆဟာမှားနေကြောင်း တရုတ်အစိုးရ အာဘော် Global Times သတင်းစာရဲ့ အင်တာနက်စာမျက်နှာ ဆောင်းပါးတစောင်မှာ မနေ့က ဖော်ပြထား ပါတယ်။
တရုတ်အရေးကျွမ်းကျင်သူတွေက ဒါဟာ အိန္ဒိယနဲ့ အနောက်နိုင်ငံ မီဒီယာတွေက စိုးရိမ်လွန်တာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ဒေသတွင်းနိုင်တွေရဲ့ ဆက်ဆံရေး ကမောက်ကမဖြစ်အောင်လုပ်တာလို့ ဆောင်းပါးမှာ ရေးထားပါတယ်။
မြန်မာနိုင်ငံက လေ့လာသူတွေကတော့ ဒီလိုကိစ္စတွေပေါ်လာတိုင်း တရုတ်ဘက်က အမြဲတမ်း ငြင်းဆိုတာ တွေ့ရတယ်လို့ သုံးသပ်ပါတယ်။
မြန်မာ့တပ်မတော်နဲ့ အိန္ဒိယတပ်မတော် ဆက်ဆံရေးဟာ အရင်ကထက် ပိုရင်းနှီးလာတာကို တွေ့ရသလို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံ သွားတာတွေဟာလည်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ အေးစက်လာတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက သုံးသပ်ပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးထွက်ပေါက်အဖြစ် အိန္ဒိယသမုဒ္ဒရာကို လိုနေတဲ့အပြင် လုံခြုံရေးအရ စစ်အခြေစိုက် စခန်းတွေ၊ စစ်သင်္ဘောတွေ တပါတည်းပါလာမှာကို အိန္ဒိယနိုင်ငံဘက်က တန်ပြန် တုံ့ပြန်တာလို့ ဗမာပြည် ကွန်မြူနစ်ပါတီဝင်အဖြစ် တရုတ်နယ်စပ်မှာ ၁၅ နှစ်လောက်နေထိုင်ခဲ့ဖူးတဲ့ ဦးရဲထွန်းက ပြောပါတယ်။
“အိန္ဒိယသမုဒ္ဒရာကိုလည်း တရုတ်က သူ့စီးပွားရေးအရ ဒီလမ်းကြောင်းကို လိုချင်တဲ့အပြင် အဲဒါကိုလိုချင်တဲ့ အတွက် စစ်အခြေစိုက်စခန်းတွေ၊ စစ်သင်္ဘောတွေ လွှတ်ဖို့ဆိုတာလည်း တပါတည်း ပါလာမှာပါပဲ။ အဲဒါကို အင်အားကြီးထွားမလာဖို့အတွက် အိန္ဒိယဘက်ကတော့ တန်ပြန်တာပေါ့။ သူ့မီဒီယာတွေ ဘာတွေကလည်း ဗြောင်ပြောတယ်ပေါ့ သူ့ကလည်း မငြင်းဘူးပေါ့။ တရုတ်ကကျတော့ တစ်ပါတီစနစ်ဖြစ်တဲ့အခါကြတော့ သူတို့က ဒါကိုတော့ ငြင်းတာပေါ့ဗျာ။ ဒါပေမဲ့ လက်တွေ့မှာကတော့ ကျွန်တော်ထင်တယ် သူတို့ရဲ့ စီးပွားရေး အသက်သွေးကြောလမ်းကြောင်း၊ စွမ်းအင်ပို့ဆောင်တဲ့လမ်ကြောင်း လုံခြုံဖို့အတွက် သူတို့လည်း စိတ်ထဲမှာ တော့ရှိမှာပါပဲ။”
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားတည်ဆောက်နေတာ တွေ့ရတယ်၊ တရုတ် နိုင်ငံကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်နေသလို စစ်လက်နက်ရောင်းဝယ်မှုတွေလည်းရှိနေ တာ တွေ့ရတာကြောင့် အပြန်အလှန်အင်အားတွက်ဆမှုတွေရှိတယ်လို့ ဦးရဲထွန်း ရှုမြင်ပါတယ်။
နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုး ကတော့ တရုတ်ရဲ့ စီးပွားရေးအင်အား၊ စစ်အင်အားကြီးထွားလာမှုနဲ့ တောင်တရုတ်ပင်လယ်ပြင်ကိစ္စတွေမှာ အမေရိကန်နဲ့ အိန္ဒိယအပါအဝင် လေးနိုင်ငံလောက်က အမြဲတမ်း စောင့်ကြည့်နေပြီး ဒီကိစ္စဟာ အခုမှ အစပဲရှိသေးတယ်လို့ သုံးသပ်ပါတယ်။
“အင်အားပြိုင်ဆိုင်ဖြစ်မှုတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ တရုတ်နဲ့ အမေရိကန်ကြား စစ်အေးတိုက်ပွဲစပြီလို့ ပြောဆိုသုံးသပ်တာတွေနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် တရုတ်ကတော့ အမြဲတမ်းငြင်းဆန်လေ့ရှိပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ စစ်အင်အားကြီးထွားလာမှုရယ် တောင်တရုတ်ပင်လယ်ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ တို့ကတော့ ဒီလေးနိုင်ငံက မပြတ်စောင့်ကြည့်နေတာတော့ အမှန်ပဲဗျ။ အဲဒီတော့ ဒီအတိုင်းအတာက အခုမှ အစပဲရှိသေးလို့ ဘယ်လောက်ထိ ကြီးထွားလာမလဲဆိုတာ စောင့်ကြည့်ရဦးမယ် ထင်ပါတယ်။”
မြန်မာနိုင်ငံက တရုတ်နိုင်ငံဘက်ကနေ စစ်လက်နက်ဝယ်ယူတာကို လျှော့ချပြီး ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေဘက် ခြေဦးလှည့်သွားတာ လေးနှစ်လောက်ရှိနေပြီလို့ သူက ဆိုပါတယ်။ အခု ရေငုပ်သင်္ဘောဝယ်ယူတာဟာလည်း တကယ်တမ်း စစ်မြေပြင်မှာသုံးဖို့ထက် လေ့ကျင့်ဖို့နဲ့ ရင်းနှီးမှုရဖို့ ဖြစ်တယ်လို့ ဦးမောင်မောင်စိုးက ယူဆပါတယ်။
စစ်ရေးကျွမ်းကျင်သူ Li Jie ကလည်း ခေတ်မမီတော့တဲ့ ရေငုပ်သင်္ဘောကို အိန္ဒိယကလည်း ရောင်းချချင်သလို မြန်မာရေတပ်ကလည်း လေ့ကျင့်ဖို့ လိုအပ်နေတာကြောင့် နှစ်ဖက်လိုအပ်ချက် ပြေလည်သွားတာလို့ ဘေဂျင်း အခြေစိုက် Global Times ကို ပြောထားပါတယ်။
အိန္ဒိယက တရုတ်ရဲ့ အရှေ့တောင်အာရှမိတ်ဆွေနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးချဲ့ချင်နေပုံရှိပါတယ်။ တရုတ်က ဒီနိုင်ငံတွေနဲ့ စီးပွားရေး၊ လက်နက်ရောင်းချမှုတွေအပါအဝင် ကဏ္ဍအသီးသီးမှာ ရင်းနှီးမှုရှိပြီသားဖြစ်တယ်လို့ တရုတ်လေ့လာသူတွေက ဆိုပါတယ်။
မြန်မာ့ရေတပ်က ရေငုပ်သင်္ဘော ဝယ်ယူတဲ့ကိစ္စနဲ့ ပတ်သက်လို့ အာရှဒေသတွင်း တရုတ်သြဇာ လွှမ်းမိုးမှုနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ယူဆသူတွေလည်း ရှိပါတယ်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ဒီကိစ္စဟာ တောင်တရုတ် ပင်လယ်ရဲ့ အရေးပါမှုကြောင့် အင်အားကြီးနိုင်ငံတွေ ပြိုင်ဆိုင်နေတဲ့ကြားမှာ မြန်မာနိုင်ငံက ရေရှည်ရပ်တည်နိုင်ဖို့ နည်းမျိုးစုံနဲ့ လုပ်ရမှာပဲလို့ ကောက်ချက်ချပါတယ်။
“အင်အားကြီးနိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကတော့ သူတို့ အပြန်အလှန် ပြိုင်ဆိုင်မှုတွေကတော့ ရှိနေမှာပဲ။ နောက်တစ်ခုက အရေးကြီးတာက ဘင်္ဂလားပင်လယ်အော် အိန္ဒိယသမုဒ္ဒရာဒေသဖြစ်ပါတယ်။ ဒါ့အပြင် တောင်ပစ္စဖိတ်သမုဒ္ဒရာဒေသရဲ့ အရေးပါမှုကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကတော့ ပြိုင်ဆိုင်မှု သူတို့အချင်းချင်းအနည်းငယ်တော့ရှိနေပါတယ်။ မြန်မာနိုင်ငံကတော့ ဒီလိုမျိုးနိုင်ငံကြီးတွေနဲ့ ကျွန်တော်တို့ ကြားမှာပေါ့နော် ရေရှည်ရပ်တည်နိုင်ဖို့ ဒါကတော့ နည်းမျိုးစုံနဲ့ လုပ်ရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုပဲ မြင်ပါတယ်။”
တပ်မတော်တိုးတက်ဖို့ နည်းပညာကောင်းတွေရရှိဖို့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ နိုင်ငံတစ်နိုင်ထဲက ဝယ်ယူတာထက်စာရင် တခြားနိုင်ငံတွေက နည်းပညာတွေ ရနိုင်ဖို့၊ နောက်ပိုင်းမှာ တရုတ်အပြင် ရုရှားတို့၊ အိန္ဒိယတို့နဲ့ စစ်ဘက်ဆက်ဆံရေးတွေ တိုးမြှင့်လာတာလို့လည်း ဒေါက်တာနိုင်ဆွေဦးက သုံးသပ်ပါတယ်။
အခုလို ရေငုပ်သင်္ဘောဝယ်ယူတာဟာ မြန်မာ့ရေပိုင်နက်နဲ့ မြန်မာ့အချုပ်အခြာအာဏာကို ကာကွယ်နိုင်ဖို့ ဝယ်ယူတာဖြစ်ပြီး အာရှဒေသတွင်း တရုတ်လွှမ်းမိုးမှုနဲ့ မသက်ဆိုင်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဟောင်းလည်းဖြစ် နိုင်ငံရေးလေ့လာသူလည်းဖြစ်တဲ့ ဦးရဲထွဋ်က သုံးသပ်ပါတယ်။
“ကျနော့်အမြင်အရပြောရရင်တော့ မြန်မာ့တပ်မတော်ရေက ရေငုပ်သင်္ဘောဝယ်တာဟာ တရုတ်နိုင်ငံရဲ့ အာရှဒေသအတွင်း သြဇာလွှမ်းမိုးမှုနဲ့ မသက်ဆိုင်ဘူးလို့မြင်ပါတယ်။ မြန်မာ့တပ်မတော်မှာ ရေငုပ်သင်္ဘော တစ်စီး ပိုင်ဆိုင်ရမယ်ဆိုတာက အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံတို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်လာတဲ့ အချိန်ကတည်းက စတင်ပြင်ဆင်လာခဲ့တာဖြစ်တယ်။ အဓိကပြော ရရင်တော့ မြန်မာ့ရေပိုင်နက်နဲ့ မြန်မာ့အချုပ်အချာအာဏာကို ကာကွယ်နိုင်ဖို့အတွက်ပဲ ဝယ်တာပါ။ တရုတ်နိုင်ငံနဲ့ ဘာမှမဆိုင်ဘူးလို့ပဲ ကျနော်မြင်ပါတယ်။”
နောင်မှာ ဒီထက်ပိုကောင်းတဲ့ ရေငုပ်သင်္ဘောတွေ ဝယ်နိုင်ဖို့ ရည်မှန်းချက်ရှိပြီးသားပဲလို့ ဦးရဲထွဋ်က ဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံဟာ အရှေ့ဘက်က နိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ရမယ်ဆိုတဲ့ နိုင်ငံရေးမူဝါဒ ရှိတာကြောင့် မြန်မာနိုင်ငံတင်မဟုတ်ဘဲ တခြားနိုင်ငံတွေနဲ့ပါ နိုင်ငံရေး၊ စီးပွားရေး မဟာမိတ်ဖြစ်အောင် ကြိုးစားနေတာ ဖြစ်တယ်လို့ ဦးရဲထွဋ်က ထောက်ပြပါတယ်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တရုတ်နဲ့ မြန်မာ့တပ်မတော် ကြားမှာ ချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်ဆက်ဆံမှုရှိတယ်လို့ အောက်တိုဘာလ ၉ ရက်နေ့က RFA ကို ပြောဆိုထားပါတယ်။
ရေငုပ်သင်္ဘောဝယ်ယူဖို့ရာ ၂၀၀၁ ခုနှစ်က စတင်ကြိုးစားခဲ့ပြီး နိုင်ငံ သုံးနိုင်ငံလောက်နဲ့ ကြိုစားခဲ့ရကြောင်း၊ ရေငုပ်သင်္ဘောရဲ့ အရည်အသွေး၊ ကျွမ်းကျင်တဲ့ လေ့ကျင့်မှု၊ ပြင်ဆင်မှုအပိုင်းတွေ အဆင်ပြေဖို့အတွက် အိန္ဒိယနိုင်ငံကို ရွေးချယ်ခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဧရာဝတီသတင်းဌာနကို ပြောထားပါတယ်။
တပ်မတော်က ပထမဦးဆုံး ပိုင်ဆိုင်တဲ့ ရုရှားနိုင်ငံလုပ် အိန္ဒိယနိုင်ငံက ဝယ်ယူထားတဲ့ Type 877 EKM အမျိုးအစား၊ Kilo-class submarine ရေငုပ်သင်္ဘောနဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန်မြစ်ဝအနီးမှာ လက်တွေ့လေ့ကျင့်တာကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
တပ်မတော်အနေနဲ့ ရေငုပ်သင်္ဘောပိုင်ဆိုင်နိုင်ဖို့ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကြိုးစားခဲ့ရတယ်၊ ရေငုပ်သင်္ဘောကို မင်းရဲသိင်္ခသူ လို့ အမည်ပေးထားတာဟာ ရေကြောင်းတိုက်ပွဲတွေကို ရဲဝံ့စွာဆင်နွှဲနိုင်ဖို့ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
မင်းရဲသိင်္ခသူ ဆိုတာ ရှေးခေတ် စစ်သူကြီးတယောက်ရဲ့ အမည် ဖြစ်ပါတယ်။