ပြည်သူတွေအတွက် တပ်မတော်နေ့ကို ဝမ်းနည်းကြေကွဲဖွယ်ရာနေ့လို့ KNU သတ်မှတ်

စစ်တပ်က မြန်မာတစ်ပြည်လုံးမှာ သူတို့အပေါ် ဆန့်ကျင်သူတွေကို ဖမ်ဆီးသတ်ဖြတ်တာ၊ ပြည်သူတွေရဲ့ လယ်ယာမြေတွေကို သိမ်းဆည်းတာအပါအဝင် ရပ်ရွာတွေကို မီးရှို့ ဖျက်ဆီးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခေတ်အဆက်ဆက်ကနေ ဒီနေ့အထိ ပြုလုပ်နေဆဲ ဖြစ်တာကြောင့် တပ်မတော်နေ့လို့ သတ်မှတ်ထားတဲ့ မတ်လ ၂၇ ရက်နေ့ ဒီနေ့ဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာနေ့ နေ့တစ်နေ့ ဖြစ်ခဲ့ရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့ ဖော်ပြထားပါတယ်။
မတ်လ ၂၇ ရက် ဒီနေ့ ကျရောက်တဲ့ ၇၇ နှစ်မြောက် တပ်မတော်နေ့ကို နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ပြီး စစ်ရေးပြ အခမ်းအနားနဲ့ ကျင်းပနေပါတယ်။ တစ်ချိန်တည်းမှာပဲ ကရင်ပြည်နယ် မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်ထဲက အထက်တန်း ကျောင်းဝန်းဟောင်းနဲ့ ထီးလေးကွီးရွာ အတွင်းကို စစ်ကောင်စီက တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ဒီနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တပ်မတော်နဲ့ပတ်သက်လာရင် ခါးသီးတဲ့ဖြစ်ရပ်တွေနဲ့ပဲ ကြုံတွေ့ရတာကြောင့် ဒီလိုနေ့မှာ ဂုဏ်ပြုရခြင်းထက် ဝမ်းနည်းဖွယ်ကောင်းတဲ့နေ့သာဖြစ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။
“အခုကတော့ တပ်မတော်နေ့ဆိုပြီးတော့၊ ဒီတိုင်းပြည်ရဲ့ တပ်မတော်ဆိုတာလည်း ကျနော်တို့အတွက် အရမ်းကို ခါးသီးတဲ့ဟာတွေပဲ ကြုံတွေ့နေရတယ်လေ။ အဲဒါကြောင့် မို့ ဒီနေ့ဟာလည်း တော်တော်ကို ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့လို့လည်း ပြောလို့ရတာပေါ့။ အနီးကပ်ဆုံး ပြောမယ်ဆိုရင် ပြီးခဲ့တဲ့နှစ် ဒီလိုနေ့မျိုး မတ်လ ၂၇ ရက်နေ့မှာ ကျနော်တို့ဘယ်လိုမှ မေ့ပျောက်လို့မရဘူးလေ။ အဲဒီနေ့မှာပဲ ရမ်းရမ်း ကားကားနဲ့ ကျနော်တို့လူမျိုးတွေကို ကလေးပါမကျန် လျှောက်ပြီးတော့ ပစ်သတ် နေတဲ့ဟာတွေကို ကျနော်တို့ ဘယ်လိုမှ မေ့လို့မရတဲ့ အပေါ်မှာတော့ ဒီလိုနေ့မျိုးမှာ ကျနော်တို့ ဂုဏ်ပြုရခြင်းထက် အင်မတန် ဝမ်းနည်းစရာကောင်းတဲ့နေ့လို့ပဲ ကျနော်ပြောချင်တယ်”
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့က မြို့ပေါင်း ၁၇ဝ လောက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး အဲဒီထဲက ၇၃ မြို့မှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ဖြိုခွင်းသတ်ဖြတ်ခံရလို့ ပြည်သူ ၁၁၄ ယောက် သေဆုံးခဲ့ပြီး ၂၉၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ Data for Myanmar အဖွဲ့ကလည်း ဒီကနေ့ ကြေညာချက် ထုတ်ထားပါတယ်။
ဒီနေ့ဟာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်ဂျပန် တော်လှန်ရေးကို အခြေပြု ထားပေမယ့် နောက်ပိုင်းမှာ တော်လှန်ရေးနေ့ဆိုတဲ့ စကားလုံးပျောက်ကွယ်သွားပြီး တပ်မတော်နေ့လို့ ဖြစ်လာတာကြောင့် အနှစ်သာရအားဖြင့်လည်း အများကြီး ပြောင်းလဲသွားပြီလို့ ပဒိုစောတောနီးက ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဖက်ဆစ်ကို တော်လှန်တဲ့နေ့လို့ ပြောကြတာရှိပေမယ့် ဗမာ့တပ်မတော်ဟာ အင်္ဂလိပ်ရဲ့ ကိုလိုနီ လက်အောက်မှာ စတင် ထူထောင်တာဖြစ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ့်ကြမ္မာကို ဖန်တီးပြီး ဆောင်ရွက်ခဲ့တဲ့ နေ့က မတ်လ ၂၇ ရက်နေ့ဖြစ်လို့ တော်မတော်နေ့ အဖြစ် သတ်မှတ်တာလို့ ဒီနေ့ စစ်ရေးပြ အခမ်းအနားမှာ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။
ကရင်နီ တိုးတက်ရေးပါတီ (KNPP) ရဲ့ တွဲဖက်အတွင်းအရေးမှူး ဦးအောင်ဆန်းမြင့် ကတော့ အာဏာသိမ်းစစ်တပ်က လုပ်တဲ့ တပ်မတော်နေ့ကို ဂုဏ်ယူစရာလည်းမလိုသလို အသိအမှတ်ပြုစရာလည်း မရှိဘူးလို့ ပြောပါတယ်။
“သူတို့ရဲ့ တပ်မတော်နေ့လို့ အမည်ခံပြီး လုပ်တဲ့နေ့ကလည်း သမိုင်းကြောင်းအရ တပ်မတော်နေ့လည်း မဟုတ်ပါဘူး။ ဒါကတော့ မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသား တွေ အားလုံးကနေပြီးမှ ဗြိတိသျှအစိုးရကို ကျနော်တို့က နှစ်ပေါင်းများစွာ စုပေါင်း တော်လှန်ပြီးတော့မှ တပ်မတော်အတွက် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ တော်လှန်ရေးကို ပြောတာ။ အဓိကတော့ သူတို့က တပ်မတော်ဆိုပြီးမှ ဗမာစစ်တပ်ကနေပြီးမှ ထူးထူး ခြားခြား လုပ်တာပေါ့နော်။ ဒါကိုလည်း ကျနော်တို့အနေနဲ့ အသိအမှတ်ပြုဖို့ရာလည်း မရှိပါဘူး။ အသိအမှတ်လည်း မပြုဘူး။ ဂုဏ်ယူစရာလည်း မလိုပါဘူး”

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂ဝ၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့အထိ ၁၃ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ငါးသိန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာဆိုရင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့တာ၊ အရပ်သားတွေကို သတ်ဖြတ်တာတွေ လုပ်နေတဲ့ အတွက် ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်တဲ့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်ကတော့ တပ်မတော်နေ့ဆိုတာကို လက်မခံဘူးလို့ ပြောပါတယ်။
“စစ်ကောင်စီက တိုင်းရင်းသားဒေသတွေမှာဆိုရင် လူ့အခွင့်အရေးတွေ ဟိုးအရင် ကတည်းက ချိုးဖောက်နေတာ များစွာရှိပါတယ်။ လက်ရှိအခြေအနေကတော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ခဲ့တဲ့ပုံစံမျိုးပဲ ကျနော်တို့ ဒီပြည်မအထိပေါ့နော်။ ကျေးရွာတွေဘက်မှာ ဆိုလို့ရှိရင် မုဒိမ်းကျင့်၊ သတ်ဖြတ်၊ အရှင်လတ်လတ် မီးရှို့တာမျိုး တွေဟာ ပြည်မထိအောင် ကူးစက်လာတဲ့သဘောတော့ ရှိတာပေါ့။ အဲဒီတော့ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေက သူတို့ပြောတဲ့ မတ်လ ၂၇ ရက်နေ့ ဟာ တပ်မတော်နေ့ မဟုတ်ဘဲနဲ့ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ နေ့တစ်နေ့လို့တောင် ကျနော်တို့ မှတ်ချက်ပြုလိုပါတယ်”
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ အခု ၂ဝ၂၂ ခုနှစ် တပ်မတော်နေ့ကို ငြိမ်းချမ်းရေးနေ့အဖြစ် သတ်မှတ်ပြီး ဒီနှစ်ကုန်အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲတာနဲ့ ကြိုတင်ကန့်သတ်ချက်တွေ မထားဘဲ ဆွေးနွေးပွဲတွေကို ဆွေးနွေးပြီး ငြိမ်းချမ်းရေးအတွက် အားထည့်ပြီး ဆောင်ရွက်မယ်လို့ ဒီနေ့ စစ်ရေးပြ အခမ်းအနားမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောပါတယ်။
ကရင်မျိုးသားအစည်းအရုံး KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကတော့ နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် တပ်မတော်ဟာ အရပ်သားတွေရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိတဲ့ ဒီမိုကရေစီနည်းကျတဲ့ တပ်မတော်တစ်ခုကို မြင်တွေ့ချင်တယ်လို့ ဆိုပါတယ်။
"လက်ရှိ ကာလမှာရှိနေတဲ့ တပ်မတော်ကြီးကတော့ ကျွန်တော်တို့ တိုင်းပြည်အတွက် လုံးဝအဆင်မပြေဘူး"
“ကျနော်တို့ရဲ့ ပြည်သူတစ်ရပ်လုံး တောင်းဆိုနေတဲ့ တပ်မတော်ဟာ နိုင်ငံရေးကနေ စွန့်ခွာရမယ်ဆိုတဲ့ အဓိက အလုပ်လုပ်နေရတယ်ဆိုတာ နောက်ဖြစ်ပေါ်လာမယ့် အနာဂတ်မှာတော့ တပ်မတော်ဟာ ဘယ်လိုပဲဖြစ်ဖြစ် အရပ်သားတွေရဲ့ အုပ်ချုပ်မှု အောက်မှာ ဒီမိုကရေစီနည်းကျဖြစ်တဲ့ ပုံစံကျတဲ့ တပ်မတော် တစ်ခုကို ကျနော်တို့ အရမ်းမြင်ချင်တယ်။ လက်ရှိ ကာလမှာရှိနေတဲ့ တပ်မတော်ကြီးကတော့ ကျွန်တော်တို့ တိုင်းပြည်အတွက် လုံးဝအဆင်မပြေဘူး”
ဥရောပသမဂ္ဂနဲ့ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ ဒီနေ့ ကျရောက်တဲ့ တပ်မတော်နေ့မှာ အရင်နှစ်က အနည်းဆုံး လူတစ်ရာလောက် သတ်ဖြတ်ခံရတာတွေ အပါအဝင် တစ်နှစ်တာအတွင်း သတ်ဖြတ်ခံရသူတွေနဲ့ နေရပ် စွန့်ခွာသူတွေကို အမှတ်ရနေတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ပို့ဆောင်ပေးဖို့အတွက်လည်း အဲဒီနိုင်ငံတွေက တောင်းဆိုကြပါတယ်။
ဒီနေ့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို အာဆီယံ ၁ဝ နိုင်ငံက သံတမန်တွေ၊ ရုရှား၊ ပါကစ္စတန် အပါအဝင် မြန်မာနိုင်ငံမှာ စစ်သံရုံး ရှိတဲ့ နိုင်ငံတချို့လည်း တက်ရောက်ခဲ့ပြီး NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့လည်း တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။