ရှမ်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ SSPP အကြား စစ်ရေးတင်းမာနေ

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ကျောက်တန်းရွာ၊ ပင်လုံမြို့နယ် ဆနင်း တောင်ကြော နဲ့ ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာတစ်ဝိုက်မှာ ရှိတဲ့ SSPP တပ်ဖွဲ့စခန်း တချို့ကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းမှုဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ SSPP တပ်ဖွဲ့ဘက်က ဒုဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်း ဦးဆောင်တဲ့ အဖွဲ့တို့ မတ်လ ၃၁ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံချိန်မှာ စစ်ကောင်စီဘက်က အခုလို တောင်းဆိုခဲ့တာပါ။
မူလသတ်မှတ်ထားတဲ့နယ်မြေ ကျော်လွန်လာတဲ့အပြင် RCSS နဲ့ SSPP ကြား ပြဿနာ ပြေလည်နိုင်ဖို့ အခုလို တောင်းဆိုခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
"RCSS အနေနဲ့ကလည်း ရှမ်းတောင်ပေါ့နော်၊ ကျွန်တော်တို့ အကြမ်းဖျင်း သတ်မှတ်ချက်အရ သူ့နေရာတွေ သူ ရှိပါတယ် အသီးအခြားတွေ။ သို့သော် မြောက်ဘက်မှာ ရောက်နေတဲ့ဟာတွေကိုလည်း ပဋိပက္ခ ထပ်မံ မဖြစ်ပွားအောင် တောင်ဘက်ကိုပြန်ပြီး သူတို့နေရာ သူတို့ ပြန်သွားပါဆိုပြီး ပြောခဲ့တာတွေရှိတယ်။ SSPP ကလည်း ရှမ်းတောင်ဘက်ကို ရောက်နေတာ တွေရှိတယ်။ အဲဒါတွေကိုတော့ နှစ်ဖက်ပဋိပက္ခမဖြစ်အောင် လုပ်ခိုင်းခဲ့တာ တွေရှိတယ်။ တချို့ နေရာတွေမှာ သဘော တူညီချက်ရသလို တချို့နေရာတွေမှာ သဘောတူ၊ မတူ မပြောတဲ့ကိစ္စတွေ ရှိတယ်။ ဒါတွေ ဆောင်ရွက်ရတဲ့ ကိစ္စကတော့ သတ်မှတ်ပြီးသား သဘောတူညီချက်တွေ ရှိတယ်။ နံပါတ်နှစ်ကတော့ RCSS နဲ့ SSPP ကြားမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေ လျှော့ချဖို့ ရည်ရွယ် ပြီးတော့ ညှိနှိုင်းရေးအဖွဲ့က နေပြီး နှစ်ဖက်လုံးနဲ့ တွေ့ဆုံတဲ့အခါမှာ တိုက်တွန်းခဲ့ခြင်း ဖြစ်တယ်"
တပ်တွေ ဆုတ်ခွာဖို့ စစ်ကောင်စီဘက်က ပြောနေပေမယ့် သူတို့ နဲ့ တိုက်ပွဲဖြစ်နေတဲ့ RCSS တပ်ဖွဲ့တွေ ရှိနေသေးလို့ လတ်တလော ဆုတ်ခွာပေးနိုင်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီနဲ့ တွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ SSPP ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက ရှင်းပြပါတယ်။
"ဟိုပုံးမြို့နယ်နဲ့ ရပ်စောက်မြို့နယ်မှာပေါ့ RCSS လည်း ရှိနေတာလေ အဲ့ဘက်မှာ၊ သူတို့က ကျွန်တော်တို့ကို လာပြီးတော့ ဒုက္ခပေးဖူးတယ်ဆိုတော့ ဟိုအဖွဲ့ရှိနေရင် ကျွန်တော်တို့လည်း ဆက်ရှိနေမှာပဲလေ။ ကြိမ်းတောင်း ကြိမ်းခမ်းဘက်မှာ နောက်ပြီး ရပ်စောက်မြို့နယ်ထဲမှာ ခိုအောင်းနေတာက ခုနစ်ရာ၊ ရှစ်ရာလောက် ကျန်နေသေး တယ်လေ။ အဲ့အဖွဲ့တွေ မရှိလို့ရင်တော့ ထွက်ပါလို့ သူတို့ပြောရင်လည်း သဘာဝ ကျတာပေါ့။ ဒါပေမဲ့ ဟိုအဖွဲ့ကရှိနေတော့ ကျွန်တော်တို့ ထွက်လို့မရဘူ။ အခုက ဗမာစစ်တပ်နဲ့ ကျွန်တော်တို့ကျတော့ တင်းမာနေတယ်လို့ ပြောလို့ရတယ်။ တချို့ နေရာတွေပေါ့ တင်းမာနေတာတော့ အခုန ကျွန်တော်ပြောသွားတဲ့ ဟိုပုံးနဲ့ ရပ်စောက် မြို့နယ်တွေ ထဲမှာပါပဲ။ ထပ်ညှိနှိုင်းဖို့ကတော့ နေပြည်တော်အထိ တက်ပြီး ညှိနှိုင်းတယ် ဆိုတာ အဲ့ထက် မြင့်တာတော့ မရှိတော့ဘူး။ မြေပြင်အခြေအနေမှာပဲ စောင့်ကြည့် ရတော့မှာပါ"
SSPP ဘက်က တပ်တွေ ဆုတ်ခွာပေးဖို့ ငြင်းဆိုခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီဘက် SSPP တပ်ဖွဲ့တွေရှိတဲ့ နေရာတွေကို စစ်အင်အား တစ်ရာကျော်လောက် ထပ်မံဖြည့်တင်း ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် SSPP ဘက်ကလည်း အသင့်အနေအထား တပ်ဖြန့် ချထားတယ်လို့ ဒုဗိုလ်မှူးကြီး စိုင်းဆု က ပြောပါတယ်။
"ထပ်ညှိနှိုင်းဖို့ကတော့ နေပြည်တော်အထိ တက်ပြီး ညှိနှိုင်းတယ်ဆိုတာ အဲ့ထက် မြင့်တာတော့ မရှိတော့ဘူး။ မြေပြင်အခြေအနေမှာပဲ စောင့်ကြည့်ရတော့မှာပါ"
၂၀၁၅ ခုနှစ် မှာ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တပ်ဖွဲ့တွေဟာ ရှမ်းပြည် မြောက်ပိုင်းမှာရှိတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ ထိန်းချုပ် နယ်မြေတွေကို ဝင်ရောက်လာခဲ့ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
၂၀၁၈ မှာတော့ SSPP နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တွေက ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်း က RCSS သိမ်းယူထားတဲ့ နေရာတွေကို ပြန်လည်ထိုးစစ်ဆင်ခဲ့ပါတယ်။ ရှမ်းပြည် မြောက်ပိုင်းမှာ RCSS တပ်ဖွဲ့တွေ ပြန်ဆုတ်ခွာသွားခဲ့ပြီး အခုလက်ရှိမှာတော့ ရှမ်းပြည်နယ် တောင်ပိုင်းက ရပ်စောက်၊ ဟိုပုံး၊ ပင်လုံ စတဲ့ မြို့နယ်တွေမှာ RCSS နဲ့ SSPP တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ RCSS ပြန်ကြားရေး ဗိုလ်မှူး ခမ်းစံကို RFA က အွန်လိုင်းကနေ ဆက်သွယ် မေးမြန်းခဲ့တဲ့အခါ လက်တလော ဖြေကြားဖို့မရှိသေးဘူးလို့ တုံ့ပြန်ပါတယ်။

စစ်ကောင်စီက SSPP တပ်တွေ ဆုတ်ခွာပေးဖို့ပြောတဲ့ ဟိုပုံး၊ ပင်လုံ မြို့နယ်တွေဟာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကို ဆက်သွယ်တဲ့ လမ်းကြောင်းဖြစ်နေပြီး လက်ရှိ ကယားဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ မြောက်ပိုင်းမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ချိတ်ဆက်နိုင်မှုကို ဖြတ်တောက်ထားနိုင်ဖို့ ဖြစ်နိုင်တယ်လို့ တိုင်းရင်းသားအရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
စစ်ကောင်စီနဲ့ SSPP ဆွေးနွေးမှု အဆင်မပြေရင် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ရှမ်းပြည်အခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူ ဦးရဲထွန်းက သုံးသပ်ပါတယ်။
"အခုက ပြန်သွားလို့ ပြောနေတာက တပ်ကပြောနေတာဆိုတော့ တပ်က RC ဘက် ပြောသလိုဖြစ်နေတာပေါ့နော်။ ညှိနှိုင်းဆွေးနွေးလို့မရရင်တော့ ပြင်းပြင်းထန်ထန်ကြီး ဖြစ်မယ်ဆိုရင်တော့ တပ်က အမြော်အမြင် မကြီးရာ ရောက်တာပေါ့။ တိုက်ပွဲ ပြင်းထန် လာပြီ ဆိုရင်တော့ တခြားဘက်တွေပါ ပျံ့နှံ့လာရင် မကောင်းဘူးလေ။ မကောင်းဘူး ဆိုတာက ပြည်သူလူထုလည်း ဒုက္ခရောက်မယ်။ နောက်ပြီး စစ်နယ်မြေ ကျယ်သွားတယ် ဆိုရင် စစ်တပ်အတွက်လည်း တော်တော်လေး ဘေးကျပ်နံကျပ် တွေ့မှာပေါ့ဗျာ"
ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းရွာမှာ အခြေစိုက်တဲ့ SSPP တပ်ဖွဲ့ဟာ ၂၀၁၂ မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုး ထားပေမယ့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု စာချုပ် NCA မှာတော့ လက်မှတ် မထိုးထားပါဘူး။
၂၀၁၅ ခုနှစ်တုန်းက မိုင်းရှူး-မိုင်းနောင်ကားလမ်း အနောက်ဘက်က SSPP တပ်တွေ ဆုတ်ပေးရေးကိစ္စ စစ်တပ်နဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် စစ်တပ်နဲ့ SSPP တပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာခဲ့ရပါတယ်။
၂၀၁၇ ခုနှစ်ကနေ စစ်တပ်နဲ့ SSPP တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မရှိသလောက် ဖြစ်ခဲ့ပြီး အခု ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ နောက်ပိုင်းမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီ တပ်နဲ့ SSPP တပ်ဖွဲ့ကြား စစ်ရေး ပြန်လည် တင်းမာလာနေတာပါ။