၁ဝ၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီအင်အား ထောင်ချီလျော့သွားကြောင်း NUG ပြော
2023.11.14

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် နှစ်ပတ်ကျော်ကာလအတွင်း စစ်ကောင်စီဘက် က အင်အားပြုန်းတီးမှု သုံးထောင်ကျော်ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက RFA ကို ပြောပါတယ်။
“ ကျွန်တော်တို့အဖွဲ့တွေလာတယ်ဆိုရင် လုံးဝကို ခံမတိုက်ဘူး။ လာဖို့ကိုစောင့်တယ်။ ပြီးရင်သူတို့က ထွက်ပြေးတာတွေရှိတယ်။ လက်နက်ချတာတွေရှိတယ်။ အဲ့လိုပဲလုပ်နေတယ်။ အကြမ်းဖျင်း ပြောမယ်ဆိုရင် သုတ်သင် ခံရတဲ့ ပမာဏက နှစ်ပတ်လောက်အတွင်းမှာ လေးရာကျော်ရှိတယ်။ စစ်ဆင်ရေး ၁၀၂၇ စပြီးချိန်ကစလို့ နှစ်ပတ်လောက်အတွင်းမှာ အင်အားပြုန်းတီးမှုက ကျဆုံးတာရယ်၊ သုတ်သင်ခြေမှုန်း နိုင်တာရယ်၊ အညံ့ခံပြီး အလင်းဝင်တာရယ်၊ ထွက်ပြေးတာရယ်ပေါင်းလိုက်မယ်ဆိုရင် သုံးထောင် လောက်ရှိမယ်လို့ အကြမ်းဖျင်း ပမာဏတွေအရ သိရပါတယ်။”
အောက်တိုဘာလ ၃၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်၊ ကံမိုင်းဒေသမှာရှိတဲ့ အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီရဲ့ ခလရ-၁၄၃ တပ်ရင်းတစ်ခုလုံး မြောက်ပိုင်းအဖွဲ့ထံ လက်နက်ချပူးပေါင်းခဲ့တယ်လို့ မြောက်ပိုင်းအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့မှာတော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၅ ဦးလက်နက်တွေနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၂၂ လက်အောက်ခံ အင်အား ၅၀ ပါ စစ်ကြောင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ ဦးက တော်လှန်ရေးအဖွဲ့တွေထံ လက်နက်ချခဲ့တယ်လို့ NUG က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ တပ်ရင်းမှူး အပါ အဝင် အရာရှိတွေ၊ တပ်မတော်သားတွေ ၁၄ ဦးလောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကိုးကန့်တပ်မတော် MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်း က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ရှီရှမ်းဒေသက တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့မှာလည်း လောက်ကိုင်က တပ်ရင်း ၁၂၉ တပ်ရင်း တစ်ခုလုံး လက်နက်ချ လာခဲ့တာရှိတယ်လို့ RFA ကိုပြောပါတယ်။
“ ဒီနေ့ကတော့ ကျွန်တော်တို့ ကိုးကန့်ခရိုင်၊ ရှီရှမ်းဒေသ ဟွာရှပန် ရွာအနီးမှာရှိတဲ့ တပ်စခန်းတစ်ခုကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်။လက်နက်ချအညံ့ခံတာတို့၊ သေဆုံးတာတို့၊ သိမ်းဆည်းရမိတဲ့ လက်နက် ခဲယမ်းတွေကိုတော့ ကျွန်တော်တို့ အခုလောလောဆယ် အတည်မပြုပေးနိုင်သေးဘူး။ နိုဝင်ဘာလ ၁၂ ရက် နေ့မှာလည်း လောက်ကိုင် တပ်ရင်းက ၁၂၉ တပ်ရင်းတစ်ခုလုံး ကျွန်တော်တို့ဆီ အလင်းဝင်လာခဲ့ပါတယ်ခင်ဗျ။”
နိုဝင်ဘာလ ၁၂ ရက်နေ့က လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ရင်းမှာ အင်အား ၁၂၀ ကျော် ပါဝင်တယ်လို့ ဆိုပါ တယ်။
၁၀၂၇ စစ်ဆင်ရေးပြီးနောက် စစ်ကောင်စီဘက်က စစ်အင်အားပြုန်တီးမှု သုံးထောင်ခန့်ရှိလာတယ်ဆိုတဲ့ NUG ပြောဆိုချက်နဲ့ပတ်သက်လို့တော့ စာရင်းကောက်ယူနေဆဲဖြစ်တာမို့ အတိအကျ မပြောနိုင်သေးဘူးလို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်မှာ ခြေလျင်တပ်ရင်း ၂၁၄ ရင်း၊ ခြေမြန်တပ်ရင်း ၃၀၇ ရင်း ရှိပြီး မြေပြင်အင်အား ၆၅၀၀၀၊ လေတပ်၊ ရေတပ်၊ လက်ရုံးတပ်အင်အားဟာ ၂၂၅၀၀၀ ကနေ ၂၄၀၀၀၀ ကြားရှိတယ်လို့ NUG က အခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က နှစ်နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား သုံးသောင်းကို ခြေမှုန်းနိုင်ခဲ့လို့ စစ်တပ်ရဲ့ အင်အား ၁၂.၅ ရာခိုင်နှုန်း ပြုန်းတီးပြီး ဖြစ်တယ်လို့ NUG က ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာမှာ ပြောထားပါတယ်။
CDM တပ်မတော်သားတစ်ဦးဖြစ်တဲ့ ရဲဘော်မိုင်းက စစ်တပ်အင်အား ၂၅ ရာခိုင်နှုန်းပြိုကျပြီဆိုရင် စစ်ကောင်စီ တပ်တစ်ခုလုံး ပြိုကျသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ ၁၀၀ ရာခိုင်နှုန်းကြည့်စရာမလိုဘူး။ ၁၀၀ ရှိတယ်ဆိုရင် ၂၅ ရာခိုင်နှုန်းလောက်ပြိုတယ်ဆိုရင် ကျန်တဲ့ ၇၅ ရာခိုင်နှုန်းက အလိုလိုပြိုတယ်လေ။ ၂၅ ရာခိုင်နှုန်းပဲ ကျွန်တော်တို့က ဖြိုစရာလိုတာကိုး။ စစ်တပ်မှာကလည်း အခုက တိုက်ပွဲကျတာတွေ၊ ထွက်ပြေးတာတွေ၊ CDM လုပ်တာတွေ များလာနေတယ်ဆိုတော့ အဲ့ဒီ Depression ဘက်ကနေပြီးတော့ ပြိုကျသွားနိုင်တယ်။”
တစ်ဖက်မှာလည်း ၁၀၂၇ စစ်ဆင်ရေးစလာချိန်မှာ စစ်ကောင်စီတပ်သားတွေ CDM ဝင်ဖို့ ဆက်သွယ်မေးမြန်းတာတွေ များလာတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က တပ်မတော်သား CDM အရာရှိ တပ်ကြပ်ကြီးဇေယျ က ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်နိုင်မယ် ဆိုရင် စစ်ကောင်စီတပ် ကျိန်းသေပြိုလဲသွားလိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။
“ တိုင်းရင်းသားတွေ စုပြုံပြီး အခုလိုဝိုင်းပြီး တိုက်မယ်ဆိုရင် ကျိန်းသေတာတော့ ဒီစစ်တပ်က ပြိုတော့မယ်။ အဓိက က အတွင်းထဲက လှိုက်ပြိုတာ။ ၁၂ ရက်နေ့က MNDAA က ကြေညာတဲ့ ခမရ ၁၂၉ အလင်းဝင်လိုက် တာ။ ဒီလိုဖြစ်စဉ်မျိုးတွေက အများကြီးဖြစ်လာဦးမှာ။ အခုကာလမှာ။ လက်ရှိစစ်ရေးမြှင့်လိုက်တဲ့အချိန်မှာ။ ဒါက တိုက်မယ်ခိုက်မယ်ဆိုပြီး ဝင်လာတဲ့ပုဂ္ဂိုလ်တွေ။ ဒီလိုလူတွေတောင် ဝင်ပြီဆိုရင် စစ်တပ်ကို နောက်က ထောက်ပံ့ပေးနေတဲ့ လက်ရုံးတပ်တွေက အလင်းဝင်တာတွေ အများကြီး ဖြစ်လာမယ်။ ဒီအတိုင်း ကျွန်တော်တို့ ဘက်က စည်းစည်းလုံးလုံးနဲ့ ဖိအားပေးမယ်ဆိုရင် ကျိန်းသေတာ လုံးဝပြိုလဲပါလိမ့်မယ်။”
မြောက်ပိုင်းညီနောင်သုံးဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ က စပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေးကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့ နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာကြောင့် တိုင်းရင်းသားဒေသတွေမှာ တစ်ပြိုင်နက် တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
ရှမ်း၊ ကယား (ကရင်နီ) ၊ ရခိုင်နဲ့ ချင်း ပြည်နယ်တွေမှာ တစ်ပြိုင်နက်တိုက်ပွဲတွေဖြစ်လာပြီးနောက် စစ်ကောင်စီဘက်က အင်အားတွေ ထောင်နဲ့ချီဆုံးရှုံးမှုတွေရှိနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကလည်း စစ်အင်အားအခြေအနေနဲ့ပတ်သက်လို့ ဖြေဆိုဖို့ငြင်းဆန်ပါတယ်။