စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံရေးအကျဉ်းသားပါဝင်မှု နည်းပါး
2023.08.01

မနေ့က ဩဂုတ်လ ၁ ရက်မှာ ကျရောက်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့ အထိမ်းအမှတ်အဖြစ်နဲ့ တစ်နိုင်ငံလုံးက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရသူ ၇,၇၄၉ ဦးကို ခံဝန်လက်မှတ်ထိုးခိုင်းပြီး၊ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့် MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPနဲ့ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့က စုစုပေါင်း ၂၂ ဦး နဲ့ နိုင်ငံခြားသား ၁၂၅ ဦးတို့ ပါဝင်ပြီး တရားစွဲဆိုထားဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်သူ ၇၂ ဦးကိုလည်း လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ဒီသတင်းကြောင့် မနေ့က ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့မှာ လွတ်မြောက်လာမဲ့ အကျဉ်းသားတွေကို မိသားစုဝင်တွေ လာရောက်စောင့်ဆိုင်းနေခဲ့ကြတာကို တွေ့ရပါတယ်။
အဲဒီအထဲမှာ NLD အစိုးရ ရန်ကုန်တိုင်း လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီး ဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းလည်း ပါဝင်ပါတယ်။
“အခုလို အကျဉ်းသားတွေကို လွှတ်တဲ့အတွက် ဝမ်းတော့ ဝမ်းသာတယ်။ ကျေးဇူးတော့ မတင်ဘူး။ ကိုနိုင်ငံလင်း ကိစ္စတော့ မကြားသေးဘူး။ သူ့ကိုတော့ သိပ်ပြီးတော့ မမျှော်လင့်ဘူး။ သူတို့လက်ထဲမှာဆိုတော့ အချိန်မရွေး လွှတ်ရင်လည်း ရတယ်၊ မလွှတ်ရင်လည်း ရတယ်လေ။ သူကတော့ ပြစ်ဒဏ် ၁၅ နှစ် ကျထားတဲ့ အခါကျတော့ မျှော်တော့ မမျှော်လင့်ထားဘူး။ အဆိုးဆုံးတော့ တွေးထားတယ်။ အကောင်းဆုံး ဖြစ်လာရင်တော့ ဝမ်းသာစရာပေါ့”
ထောင်ဒဏ်ကျခံနေရဆဲ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေကတော့ မနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်ပဲပါဝင်တယ်လို့ RFA ကို ပြောကြပါတယ်။
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ မနေ့က ညနေအထိ စစ်ကောင်စီရဲ့ လွတ်ငြိမ်ချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသား ၁၈၀ ဦးခန့် ရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒီထဲမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ သက်ဌေး နဲ့ ဆရာတော် ဦးဝသုန် တို့ ပါဝင်ပြီး ပုဒ်မ ၅၀၅ အမှုနဲ့ အကျဉ်းကျနေသူတွေ အနည်းငယ်ပဲ ပါဝင်တယ်လို့ ပြောပါတယ်။
မနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ အထဲမှာ ရှမ်းပြည်တောင်ပိုင်း တောင်လေးလုံး အကျဉ်းထောင်က အကျဉ်းသား ၁၄၃ ဦး နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အကျဉ်းထောင်ကတော့ အကျဉ်းသား ၉၆ ဦး ပါဝင်ခဲ့ပေမဲ့ နိုင်ငံရေး အကျဉ်းသား အနည်းငယ်ပဲ ပါဝင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ပဲခူးတိုင်းမှာတော့ ပြည် နဲ့ ပေါင်းတည် အကျဉ်းထောင်တွေကနေ အကျဉ်းသား ၁၅၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပေမယ့်၊ နိုင်ငံရေး အကျဉ်းသား ဆယ်ဦးပဲ ပါဝင်ခဲ့ပါတယ်။
အခုလွတ်မြောက်လာသူတွေဟာ မကြာခင်မှာလွတ်ရက်စေ့မဲ့သူတွေ အများစုဖြစ်ပြီး၊ ပေါင်းတည် အကျဉ်းထောင်ထဲမှာ ထောင်ဒဏ်နဲ့ တရားရင်ဆိုင်နေရဆဲ နိုင်ငံရေး အကျဉ်းသား တစ်ရာကျော်နဲ့ ပြည် အကျဉ်းထောင်ထဲမှာ နှစ်ရာကျော်လောက် ရှိနေသေးတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
ဧရာဝတီတိုင်းမှာတော့ မနေ့က ပုသိမ်အကျဉ်းထောင်ကနေ အကျဉ်းသား၊ အကျဉ်းသူ ၅၈၀ ကျော် လွတ်ငြိမ်းသက်သာခွင့်နဲ့လွတ်မြောက်လာတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၈ ဦးသာ ပါဝင်တယ်လို့ ပုသိမ်အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်ကနေ မနေ့က အကျဉ်းသား ၁၄၆ ဦး လွတ်မြောက်လာတဲ့ အထဲမှာ ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရသူ နှစ်ဦးသာ ပါဝင်ပြီး ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာဘက်ကနေ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ ၂၅ ဦးနဲ့ နိုင်ငံခြားသားတချို့လည်း ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ ပြောခွင့်ရ ကိုနေဘုန်းလတ်ကတော့ စစ်ကောင်စီက အခုလို အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ နိုင်ငံတကာ ဖိအားတွေ လျော့ချဖို့ ဟန်ပြ လုပ်ရပ်သာ ဖြစ်တယ်လို့ ပြောပါတယ်။
“အထူးသဖြင့်ကတော့ အဘက်ဘက်ကနေ တော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ ဖိအားပေးနေတဲ့ ဖိအားတွေပေါ့နော်။ ဒါတွေရှိမယ်။ ပြီးတော့ နိုင်ငံတကာရဲ့ ဖိအားတွေရှိမယ်။ ဒါတွေကို လျှော့ပေါ့စေလိုတဲ့ အနေနဲ့လုပ်တယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကျတော့လည်း သူတို့က အကျပ်အတည်း ဖြစ်နေတာပေါ့နော်။ နိုင်ငံတကာ ဖိအားကိုလည်း လျော့စေချင်တယ် တစ်ဖက်မှာလည်း ဒီခေါင်းဆောင်တွေကို လွှတ်ပေးဖို့ မဝံ့မရဲဖြစ်တာမျိုး ဒီလုံပုံစံမျိုး အကျပ်အတည်းကို ကျရောက်နေတယ်လို့ ကျွန်တော်တို့က သုံးသပ်ပါတယ်”
အကျဉ်းသားတွေလွှတ်ပေးတဲ့ တစ်ချိန်တည်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ကို စွဲဆိုထားတဲ့ အမှု ၁၉ မှုထဲက ငါးမှုအတွက် ထောင်ခြောက်နှစ်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုလည်း စွဲဆိုထားတဲ့အမှု ၁၂ မှုထဲက နှစ်မှုအတွက်ကိုလည်း ထောင်ဒဏ် လေးနှစ် လျှော့ပေါ့ပေးလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဘယ်တော့မှာ လွှတ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ရဲဘူး ထွက်ပေါက်လည်းပိတ်နေတယ် နိုင်ငံတကာကိုလည်းမျက်လှည့်ပြဖို့ ကြိုးစားတယ် သို့သော်လက်ရှိဥပဒေမဲ့ ဆက်လက်လုပ်ဆောင်ချက်တွေအတွက် ဆင်ကန်းတောတိုး ဆက်သွားလိမ့်အုန်းမယ် ဆင်ကန်းတောတိုးဆိုတာ ပြည်သူကိုဆက်လက်နှိပ်စက်သတ်ဖြတ်မယ် ရသလောက် ချေမှုန်းမယ်ပေါ့”
ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ နေထိုင်တဲ့ ဦးမြင့်ဦး(အမည်လွှဲ)ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ကွင်းလုံးကျွတ် လွှတ်ပေးတာမျိုး မဟုတ်တဲ့အတွက် အားမလိုအားမရ ဖြစ်မိတယ်လို့ ဆိုပါတယ်။
“အားမလို အားမရတော့ ဖြစ်တာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အမေစုတို့ ဦးဝင်းမြင့်တို့ကို လွှတ်ပေးတယ်ဆိုတာက သူတို့က ကွင်းလုံးကျွတ်လွှတ်ပေးတာမဟုတ်ဘဲ ကြိုးပြန်ချည်ထားတာပဲလေ။ လွှတ်တယ်ဆိုရင်တော့ အားလုံးက ပျော်ရွှင်ချမ်းမြေ့စွာနဲ့ မီးရှုးမီးပန်းတွေပါ ထဖောက်မှာ။ ပြည်သူတွေရင်ထဲမှာ အဲဒီလောက်အထိ အမေ့ကို ချစ်ကြတာ။ ပထမတော့ တဒင်္ဂပျော်သွားတယ်။ လွတ်ငြိမ်းခွင့်ပေးတဲ့ ပုံစံနဲ့ ပြစ်ဒဏ်လျှော့ပေါ့ လိုက်သည်ဆိုတော့ လွှတ်ပေးလိုက်တဲ့ ပုံစံမျိုး။ ပြီးတော့မှ ပုဒ်မ ငါးခုလောက်ကို ပြစ်ဒဏ်လျော့ပေါ့ လိုက်တာ။ ဗမာစကားလုံးကို ရှုပ်အောင်လုပ်တာ။ ဘာမှလဲ ကျေးဇူးတင်စရာ အကြောင်းမရှိဘူး။ သူတို့က ကျေးဇူးတင်ရမဲ့ လူတွေလည်း မဟုတ်ဘူး”
စစ်ကောင်စီရဲ့ ကြေညာချက်ထဲမှာ သေဒဏ်ချမှတ်ခံထားရသူတွေထဲက ပြစ်ဒဏ်လျှော့ပေါ့သင့်သူတွေကိုလည်း ထောင်ဒဏ်တစ်သက်ကို ပြောင်းလဲလိုက်တယ်လို့ ကြေညာထားပြီး၊ အခုလို သေဒဏ်ကနေ ပြောင်းလဲလိုက်တဲ့ လူဦးရေ အရေအတွက်ကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူတွေအနေနဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်ကျူးလွန်ရင်တော့ ဒီပြစ်ဒဏ်အပြင် လက်ရှိပြစ်ဒဏ်ကျခံဖို့ကျန်ရှိနေတဲ့ နှစ်တွေကိုပါ ဆက်ပြီးကျခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား နှစ်သောင်းနီးပါး (၁၉၇၃၃ ဦး) ရှိတယ်လို့ ဖော်ပြထားပါတယ်။