စစ်ကောင်စီရဲ့ သွေးခွဲရေးကြိုးစားမှုနဲ့ နွေဦးတော်လှန်ရေး
2023.08.02

ဒီမိုကရေစီအစိုးရထံက အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ထိခိုက်ဆုံးရှုံးမှုတွေကို တနေ့တခြား ပိုမိုကြုံတွေ့နေရပြီး ကျယ်ပျံ့လာနေတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ဖြိုခွဲဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေကို အထူးအခွင့်အရေးတွေပေးပြီး စည်းရုံးနေတယ်လို့ သတင်းရပါတယ်။
စစ်ကောင်စီ ဗိုလ်ချုပ်တွေနဲ့ သူတို့သြဇာခံ နိုင်ငံရေးပွဲစားတွေဟာ တိုင်းရင်းသား ခေါင်းဆောင်တွေကို သူတို့နေထိုင်ရာ ပြည်နယ်တွေနဲ့ ထိုင်းနိုင်ငံက မဲဆောက်နဲ့ ချင်းမိုင်လို ဒေသတွေမှာ သွားရောက်စည်းရုံးနေတာကြာပြီ ဖြစ်ပါတယ်။
ဒီလပိုင်းတွေအတွင်းမှာတော့ "ဝ" တိုင်းရင်းသားတွေနည်းတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေနဲ့ တခြားအခွင့်အရေးတွေပေးမယ်လို့ ပြောဆိုပြီး အပြင်းအထန်ညှိနှိုင်းနေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ NUG အသိုင်းအဝန်းက ပြောပါတယ်။
ဥပမာအားဖြင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ထိုင်း−မြန်မာနယ်ခြားဒေသတွေမှာ လွတ်လပ်စွာ နေထိုင်လုပ်ကိုင်ခွင့်တွေပေးထားသလို စစ်ကောင်စီတပ်ဖွဲ့တွေဖက်က နယ်မြေဆုံးရှုံးမှုနဲ့ တိုက်ပွဲကျဆုံးမှုတွေ တနေ့တခြားပိုမိုများပြားလာနေတဲ့ ကရင်ပြည်နယ်မှာဆိုရင်လည်း သူတို့အလိုကျလုပ်ဆောင်မဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်တချို့ကို ကော့ကရိတ်၊ ဖာပွန်၊ ဘားအံ၊ ကမမောင်း၊ ဝင်းရေးစတဲ့ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်ဆိုပြီး ကမ်းလှမ်းနေတယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက RFA ကို ပြောပါတယ်။
ဒီအတောအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်အနည်းငယ်လျှော့ပေ့ါပေးကြောင်း စစ်ကောင်စီက သြဂုတ်လ ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ကရင်တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုမန်းမန်းက စစ်ကောင်စီဟာ သူတို့အာဏာတည်မြဲရေးအတွက် နည်းလမ်းပေါင်းစုံကို သုံးနေတာဖြစ်တယ်လို့ ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က PDF ကို မထောက်ခံဘူး၊ NUG ကိုမထောက်ခံဘူး၊ လက်နက်ကိုင်တော်လှန်ရေးကို အားမပေးဘူး စသဖြင့် နုတ်အရရော ပေါ်လစီအရရော ထွက်လာအောင်ညှိနှိုင်းလို့ရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ကောင်းလွှတ်နိုင်ပါတယ်။ တဖက်မှာလည်း စစ်ကောင်စီက NUG ကိုရော CRPH နဲ့ PDF ကိုရော အမှုန့်ကြိတ်မယ့်ဗျူဟာကိုတော့ သူတို့ဆက်ပြီး ဆုပ်ကိုင်မှာပဲ။ တချိန်ထဲမှာပဲ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ NUG၊ PDF ကြားမှာ သပ်လျှိူဖြိုခွဲမှုတွေလုပ်လာမယ်၊ တိုင်းရင်းသားအဖွဲ့တွေကို အတိုင်းအတာတခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်၊ နယ်မြေတွေကို ပေးအုပ်ချုပ်မယ်ပေါ့။ တနည်းအားဖြင့် ဖက်ဒရယ်ကို ပေးသယောင်ယောင်နဲ့ ၂ဝဝ၈ ဥပဒေအောက်မှာပဲ သူတို့ရွေးကောက်ပွဲကိုဆက်လုပ်မယ်။ အဲဒီလမ်းကို စစ်ကောင်စီက လှမ်းနေတယ်လို့ မြင်တယ်”
ဒေါ်အောင်ဆန်းစုကြည် ဟာ စစ်အာဏာရှင်တွေရဲ့ သဘောထားအမှန်ကို ပေးဆပ်မှုများစွာနဲ့ သိရှိခဲ့ပြီးဖြစ်တဲ့အတွက် စစ်ကောင်စီအလိုကျလုပ်ဆောင်မှာ မဟုတ်ဖူးလို့လည်း ပဒိုမန်းမန်း က ယုံကြည်ပါတယ်။
“ဒီအချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ တိုင်းရင်းသားအဖွဲ့တွေ အပေါ်မှာကော၊ နွေဦးတော်လှန်ရေးအပေါ်မှာကော စစ်အာဏာရှင်စနစ်ခြေမှုန်းရေးအတွက် တော်လှန်ရေးဘက်ကပဲ ရပ်တည်နေမယ်လို့ ကျနော်မြင်တယ်”
ဝါရင့်ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမားဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း ကလည်း စစ်အာဏာရှင်တွေရဲ့ အကြံအစည်ဟာ အောင်မြင်စရာမရှိပါဘူးလို့ သုံးသပ်ပါတယ်။
“PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ သဟဇာတမဖြစ်ဘူး၊ လက်တွဲလို့ မဖြစ်ဘူးဆိုရင် သူ့အနေနဲ့ နှစ်ဘက်လုံးကိုပြန်ပြီးတော့ နှိမ်နင်းနိုင်တာပေါ့၊ အဲလိုအခြေအနေမျိုးကို သူကလိုချင်တာ။ အမှန်တော့ သူဖက်ဒရယ်လည်း မကြိုက်ဘူး၊ ဒီမိုကရေစီလည်း သူမကြိုက်ဘူး။ အဓိက အဲဒီလိုသူပြောနေတာက တော်လှန်ရေးအင်အားစုတွေ တိုင်းရင်းသား အင်အားစုတွေအကြား အားပျော့သွားအောင် လုပ်နေတာဖြစ်တယ်။ တကယ်လို့ ဖက်ဒရယ်ပေးမယ်ဆိုပြီး သူ့နောက်က လိုက်သွားမယ်ဆိုရင်တော့ တိုင်းရင်းသားတွေကို မလိမ့်တပတ်နဲ့ပေါ့နော်၊ ဖက်ဒရယ်အခွင့်အရေးနည်းနည်းပါးပါးပေါ့နော်၊ ဘတ်ဂျက်လေးနည်းနည်းတိုးပေမယ် ပေါ့နော်၊ ပြီးတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသလိုလိုနဲ့ လုပ်ပေးထားမယ်။ အဲဒီနောက် ဒီမိုကရေစီအင်အားစုတွေကို နှိမ်နင်းလို့နိုင်တဲ့အခါမှာ တိုင်းရင်းသားတွေကို ပြန်ပြီးတော့ ပြောင်းဝကလှည့်လာမှာပဲ။ ဒါမျိုးကတော့ ကျနော်တို့ တိုင်းရင်းသားတွေကလည်း နောကျေနေပြီ။ မယုံဘူးပေါ့။ ဒီမိုကရေစီအင်အားစုတွေက မိတ်ဖက်ဖြစ်နိုင်တယ်၊ စစ်အာဏာရှင်စနစ်ကတော့ ဘယ်လိုမှ မိတ်ဖက် မဖြစ်နိုင်ဘူး။ ရန်သူက ရန်သူပဲ။ တိုင်းရင်းသားတွေက ပြတ်ပြတ်သားသား မြင်တယ်”
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကတော့ သွေးခွဲမှုဆိုတာ အာဏာရှင်တွေ ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့တဲ့နည်းပါပဲလို့ ဝေဖန်ပါတယ်။
“ဘယ်လိုပဲ သွေးခွဲမှုတွေရှိရှိ အခုနွေဦးတော်လှန်ရေးသွားနေတာက စနစ်တစ်ခုကို အရှိန်အဟုန်နဲ့ ပြောင်းနိုင်ဖို့ (System change) ဖြစ်တယ်၊ အစိုးရတရပ်ကို ပြုပြင်ပြောင်းလဲရေးဆိုတာ မဟုတ်တော့ဘူး။ အခုဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့တယ်လုပ်တာမျိုးကတော့ စစ်အုပ်စုက လုပ်နေကြမျိုးပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့မလွှတ်ရဲပါဘူး၊ ဘာလို့လဲဆိုတော့ ဒီ ၂ဝ၁ဝ နဲ့ ၂ဝ၂ဝ ကြားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုနဲ့ နိုင်ငံရေးအရ ထိထိမိမိ ဆက်ဆံနိုင်ခဲ့တဲ့အပေါ်မှာ ဒါဟာ သူတို့အတွက် အင်မတန် အန္တရာယ်ကြီးတယ်ဆိုတာကို သူတို့သိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဒီစစ်အုပ်စု အလိုကျ သူမလုပ်နိုင်လို့ လွှတ်မပေးတာ။ ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသည်ဖြစ်စေ လွှတ်မပေးသည်ဖြစ်စေ ကျနော်တို့ရဲ့ ဒီခေတ်စနစ်ကိုပြောင်းလဲနိုင်ရေးအတွက်တော့ ကျနော်တို့တော်လှန်ရေး အင်အားစုတွေကတော့ ပူးပေါင်းပြီးဆောင်ရွက်သွားမှာပဲ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုတော်လှန်ရေးကို ပြစ်ပယ်မှာမဟုတ်ဖူးဆိုတာကိုတော့ ကျနော်တို့ လေးလေးနက်နက် ယုံတယ်”
NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကိုလည်း စစ်ကောင်စီရဲ့ အကြံအစည်ကို သူတို့ မစိုးရိမ်ဘူးလားလို့ RFA ကမေးခဲ့ပါတယ်။
“NUG နဲ့ ဒီတော်လှန်ရေးအင်အားစုတွေ တလုံးတစည်းတည်း ညီညွတ်သွားမှာကို သူ အစိုးရိမ်ဆုံးပဲ။ ဒါကြောင့် သူကတော့သွေးခွဲမှာပဲ။ ဒါပေမဲ့ ကျနော်တို့ကတော့ ဒီတိုင်းရင်းသား အစုအဖွဲ့အကုန်လုံးနီးပါးနဲ့တွေ့တယ်။ တွေ့တဲ့အခါမှာ တချို့တွေဆိုရင် တော်လှန်ရေးမှာ ထဲထဲဝင်ဝင် စစ်ရေးအရရော နိုင်ငံရေးအရရော ပူးပေါင်းဆောင်ရွက်နေတာတွေလည်း အများကြီးရှိနေပြီ၊ တချို့တွေဆိုရင်လည်း အများပြည်သူသိအောင် ထုတ်ပြလို့ မရပေမဲ့လည်း ကျနော်တို့နဲ့ သေချာစကားတွေပြောပြီးတော့ သဘောတူညီမှုတွေကို ရယူထားတာတွေရှိတယ်။ ဒီတော့ ဒီစစ်ကောင်စီရဲ့သွေးခွဲမှုကို အခုအချိန်မှာ စိုးရိမ်မှု မရှိဘူး”
စစ်ကောင်စီကတော့ NUG နဲ့ တခြား တော်လှန်ရေးအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းတွေ၊ ဆူပူသူတွေအဖြစ် အစဉ်တစိုက်စွပ်စွဲပြောဆိုခဲ့ပါတယ်။
သူတို့အနေနဲ့ နွေဦးတော်လှန်ရေးကို ဖြိုခွဲဖို့အတွက် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကို မက်လုံးပေးစည်းရုံးနေတယ်ဆိုတဲ့ အခုလိုပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သဘောထားကို လတ်တလော မသိနိုင်သေးပါဘူး။