ပုလဲမြို့နယ်မှာ အမျိုးသမီးသုံးဦးအပါအဝင် အရပ်သားလေးဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာမှာ ဇူလိုင်လ ၁၂ ရက် မနေ့က သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီး သုံးဦးနဲ့ အမျိုးသား တစ်ဦး၊ စုစုပေါင်း ကျေးရွာသား လေးဦးရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ အသက် ၅၄ နှစ်အရွယ် ဒေါ်ညိုကြင်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်အေးဝင်း၊ အသက် ၁၅ နှစ်အရွယ် မမိုးရီနဲ့ အသက် ၆၄ နှစ်အရွယ် ဦးတင်မောင်တို့ ဖြစ်ပါတယ်။ အဲဒီအထဲက မမိုးရီနဲ့ ဒေါ်အေးဝင်းဟာ သားအမိတွေဖြစ်သလို ဒေါ်ညိုကြင် ဟာလည်း သူတို့နဲ့ ဆွေမျိုးတော်စပ်သူဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက် နေ့လယ်က အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုဟာ တောင်ရွာသစ်ကျေးရွာကို ဝင်ရောက်လာတာကြောင့် ကျေးရွာသား တွေ အားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။ အခုသေဆုံးသူတွေဟာ အဲဒီနေ့ညနေက စစ်ကောင်စီတပ်သားတွေ ရွာထဲကနေ ထွက်သွားပြီအထင်နဲ့ အိမ်မှာကျန်ရစ်ခဲ့တဲ့ အိမ်မွေး တိရစ္ဆာန်တွေကို အစာကျွေးဖို့ သွားရောက်ခဲ့ကြပြီးနောက် သတ်ဖြတ်ခံခဲ့ကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ရွာသစ်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
"၁၀ ရက်နေ့ နေ့ခင်း ၁၂ နာရီလောက်မှာ သေနတ်တွေ ပစ်ဖောက်ပြီး ရွာအရှေ့ခြမ်း ကနေ ဝင်လာတယ်။ တစ်ရွာလုံးက ပြေးပြီး ညနေ ၃ နာရီခွဲလောက်မှာ အသတ်ခံလိုက်ရ တဲ့ ကလေးငယ်တစ်ယောက်၊ အမျိုးသမီး နှစ်ယောက်က ရွာထဲကို စစ်သားတွေ မရှိတော့ဘူးဆိုပြီး ပြန်သွားတာ၊ ပြန်တဲ့အချိန်မှာ ပစ်သတ်ခံရတာ၊ သမီးလေးက ဝမ်းလျားမှောက်လေးကို ကွေးကွေးလေး သေနေတယ်၊ ဒေါ်ညိုကြင်ကတော့ ဘေး တစောင်း သေနေတာ ရှိတယ်။ ဦးလေးကြီးကိုတော့ လည်ပင်းကို ကြိုးကွင်းစွဲ ပစ်သတ်တာ၊ အမျိုးသမီး သုံးယောက် အလောင်းကတော့ အိမ်သာကျင်းဘေးနားမှာ တွေ့ရတာ"
စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင်လ ၁၁ ရက်နေ့မှာ ရွာကနေ ပြန်လည်ထွက်ခွာသွားကြ ပြီးနောက် ဇူလိုင်လ ၁၂ ရက်နေ့မှာ ရွာသားအချို့က ရွာထဲပြန်ဝင်ကြည့်ရာမှာ ရွာထဲက အိမ်သာနားတစ်နေရာမှာ အမျိုးသမီးသုံးဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြတာပါ။ ကျန် အမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ ရွာအနီးမှာ မြှုပ်နှံထားတာကို တွေ့ခဲ့ကြရတာလို့ ဆိုပါတယ်။ သတ်ဖြတ်ခံရတဲ့ မမိုးရီမှာ ဝတ်ဆင်ထားတဲ့ နားကပ်လည်း မတွေ့ရတော့ဘူး လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့က တောင်ရွာသစ်ကျေးရွာမှာ ရှိနေခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဘယ်တပ်ကဆိုတာ ကို ဒေသခံတွေက အတည်မပြုနိုင်သေးပါဘူး။ အဲဒီစစ်ကောင်စီတပ်ဟာ ရွာကနေ ပြန်ထွက်သွားပြီဖြစ်ပေမယ့် ဒေသခံတွေကတော့ ရွာကို မပြန်ရဲကြသေးဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ မှတ်တမ်းတွေယူထားတယ်လို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ရွာသစ်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာထဲက ပြည်သူတွေက ရွာမှာရှိတဲ့ နွားတွေ၊ ဝက်တွေကို သွားကျွေးတဲ့အချိန်မှာ စစ်ကောင်စီက စစ်သားတွေနဲ့ တွေ့ပြီးတော့ ပစ်သတ်ခံရတာ၊ သူတို့ဘက်ကတော့ လူသားချင်းစာနာမှုလုံး၀မရှိဘူးလို့ ပြောချင်တယ်။ ပြည်သူတွေအပေါ်မှာလည်း ညှဉ်းပန်းနှိပ်စက်တာတွေလည်း တွေ့နေရတယ်။ သတ်သွားတဲ့အမျိုးသမီးတွေရဲ့ နေရာရော၊ အမျိုးသားတစ်ယောက်ကိုသတ်ပြီးတော့ မြေကြီး တစ်တောင်လောက်လေး တူးပြီးတော့ မြှုပ်ထားတဲ့ ဗီဒီယိုဖိုင်တွေလည်း ရရှိထားပါတယ်။ NUG နဲ့ အချိတ်အဆက် ရှိတဲ့ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီကိုလည်း ပို့ထားပါတယ်"
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ အခုသတ်ဖြတ်ခံရတဲ့ ကျေးရွာသားတွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေနဲ့ ပတ်သက်မှုမရှိတဲ့ သာမန်အရပ်သားတွေဖြစ်တယ်လို့ ပြောပါတယ်။
"သတ်သွားတဲ့အမျိုးသမီးတွေရဲ့ နေရာရော၊ အမျိုးသားတစ်ယောက်ကိုသတ်ပြီးတော့ မြေကြီး တစ်တောင်လောက်လေး တူးပြီးတော့ မြှုပ်ထားတဲ့ ဗီဒီယိုဖိုင်တွေလည်း ရရှိထားပါတယ်"
ချင်းပြည်နယ်ဘက်ကို ဖြတ်သန်းသွားလာရာလမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အစပ်မှာရှိတဲ့ ကျေးရွာတွေကို အခု ဇူလိုင်လဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်က နေ့စဉ် စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေရာတွေကို စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှုရဖို့ ကြိုးစားရင်းနဲ့ တောင်ရွာသစ် ကျေးရွာအပါအဝင် အခြား ကျေးရွာတွေက ဒေသခံတွေအပေါ် ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ ရှိနေတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခု ဖြစ်တဲ့ ပုလဲမြို့အခြေစိုက် မြန်မာ့ တော်ဝင်နဂါးတပ်တော်က ဗိုလ်နဂါးက ပြောပါတယ်။
"ပြည်သူကို မျက်နှာမမူလို့ အာဏာသိမ်းခဲ့တာပဲ။ အခုလည်း လက်နက်ကိုင် တော်လှန်ရေးမှာလည်း အားကောင်းတဲ့နေရာတွေကို ဦးစားပေး နှိမ်နင်းနေတာတွေ ရှိတယ်။ ပုလဲနယ်က ပခုက္ကူကနေ လာတဲ့လမ်းနဲ့ မုံရွာ နမခ ကနေ လာတဲ့လမ်းက ပုလဲမြို့ထဲကို ဆုံပြီးတော့ မြို့နယ်ထဲကနေဖြတ်ပြီးတော့ ချင်းပြည်နယ်တို့၊ ဂန့်ဂေါဘက် တွေကို တက်ရတာ၊ သူတို့အတွက် ဆက်သွယ်ရေး၊ ပို့ဆောင်ရေး မဟာဗျူဟာ လမ်းကြောင်းကျတယ်။ ဒီလမ်းကြောင်းကို အားကောင်းကောင်း စိုးမိုးထားတဲ့အတွက် ချေဖျက်ဖို့ကြိုးစားနေတာ၊ ကာကွယ်ရေးအဖွဲ့တွေ မတားဆီးနိုင်တဲ့နေရာတွေကို ဝင်တယ်။ ပြည်သူတွေကို ဖမ်းဆီးတယ်၊ ပြည်သူတွေကို စော်ကားတာတွေ လုပ်တယ်"
စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ စစ်ဆင်ရေးဆောင်ရွက်နေတာနဲ့ မတူတော့ဘဲ ပြည်သူတွေ အပေါ် အကြမ်းဖက် နှိမ်နင်းနေတာနဲ့ တူနေတယ်လို့လည်း သူက ပြောပါတယ်။
တောင်ရွာသစ်ကျေးရွာက အရပ်သားလေးဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ညနေ ၄ နာရီ လောက်အထိ အကြောင်းမပြန် ပါဘူး။

စစ်ကောင်စီ အောက်ခြေတပ်သားတွေရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့ လိုနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက မှတ်ချက် ပေးပါတယ်။
"စစ်ကောင်စီက အကြောက်တရားနဲ့ အုပ်ချုပ်တာပေါ့၊ အကြမ်းဖက်ဥပဒေနဲ့အရေးယူဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ညှဉ်းပန်းနှိပ်စက်တာ၊ အတင်းအဓမ္မပြုကျင့်တာ ကို လက်နက်သဖွယ် ပြုကျင့်နေတာဖြစ်လို့ လူ့အသိုင်းအဝိုင်းမှာ အင်မတန် ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ဒေသခံတွေက အသက်လုပြေး ရတယ်။ မလွတ်တဲ့အခါ ဖမ်းခံရတာပေါ့၊ အားကိုးရာမဲ့တာကတော့ အကုန်လုံးပါပဲ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေရော ဖမ်းဆီးခံလိုက်ရတာနဲ့ ကံကြမ္မာက မျှော်လင့် လို့ မရတော့ဘူး"
အရပ်သားလေးဦး သတ်ဖြတ်ခံရတဲ့ တောင်ရွာသစ်ဟာ ပုလဲမြို့နယ် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မှာရှိပြီး ပုလဲမြို့နဲ့ဆို ၁၈ မိုင်ခန့်အကွာမှာရှိပါတယ်။ အဲဒီရွာမှာ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၂၀၀၀ ဝန်းကျင် နေထိုင်ပါတယ်။
ဒီနေ့မှာလည်း တောင်ရွာသစ်ရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ မကွေးတိုင်းအတွင်းက ဌေးအောင်ရွာ ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၀၀ ဝန်းကျင် မီးလောင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း သေဆုံးခဲ့ရတဲ့ ပြည်သူ ၂၀၇၇ ဦး ရှိနေပါတယ်။