မကွေးတိုင်းမှာ တစ်လအတွင်း ပြည်သူ ငါးဦး သတ်ဖြတ်ခံရပြီး ၂၅ ဦး အဖမ်းခံရ

မကွေးတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပြည်သူ ငါးဦး သတ်ဖြတ်ခံခဲ့ရပြီး ၂၅ ဦး အဖမ်းခံခဲ့ရပါတယ်။ သတင်းမီဒီယာတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေကိုအခြေခံပြီး RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ အချက်အလက်ဖြစ်ပါတယ်။
ဆိပ်ဖြူမြို့နယ်က တစ်ဦးနဲ့ ရေစကြိုမြို့နယ်က လေးဦး သတ်ဖြတ်ခံရပြီး ဖမ်းဆီးခံရသူ ၂၅ ဦးကတော့ စေတုတ္တရာမြို့နယ်က ခြောက်ဦး၊ ပေါက်မြို့နယ်က ခြောက်ဦး၊ ဂန့်ဂေါမြို့နယ် က လေးဦး၊ ပခုက္ကူ မြို့နယ်က သုံးဦး၊ ရေစကြိုနဲ့ မကွေးမြို့နယ်တွေက နှစ်ဦးစီနဲ့ အောင်လံ နဲ့ မြိုင်မြို့နယ်တွေက တစ်ဦးစီ ဖြစ်ပါတယ်။
ရေစကြိုမြို့နယ်မှာ နေအိမ် ၆၅ လုံး၊ ဂန့်ဂေါမြို့နယ်နဲ့ မြိုင်မြို့နယ်မှာ နေအိမ် အလုံး ၅၀ စီနဲ့ ပေါက်မြို့နယ်မှာ နေအိမ် ၁၂ လုံး၊ စုစုပေါင်း နေအိမ် ၁၇၇ လုံးကို မီးရှို့ဖျက်ဆီးခံခဲ့ရ ပါတယ်။
"ညောင်တွင်းက အိမ်ခြေ ၅၀ ဝန်းကျင်လောက် ရှို့ခံရတယ်ဗျ"
ဆိပ်ဖြူမြို့နယ် အနောက်ကမ်းဖြူရွာက အသက် ၃၅ နှစ်အရွယ် ကိုသော်ဇင်ဦးနဲ့ အသက် ၂၅ နှစ်အရွယ် ကိုဝင်းထိုက်အောင်တို့ကို စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ စက်တင်ဘာ လ ၂၃ ရက်နေ့က ဖမ်းဆီးပြီး သူတို့နှစ်ဦးထဲက ကိုသော်ဇင်ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
အင်အား ၇၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ အနောက်ကမ်းဖြူရွာထဲကို ဝင်ရောက်ချိန် သူတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စက်တင်တင်ဘာလ ၂၅ ရက်နေ့မှာ ကိုသော်ဇင်ဦးရဲ့ ရုပ်အလောင်းကို အနောက်ကမ်းဖြူရွာနဲ့ ဝဲမရွာကြားမှာ တွေ့ရှိခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တစ်ဦးက ပြောပါတယ်။
"နှစ်ယောက်မိတာမှာ နှစ်ယောက်စလုံးကို ကြိုးနဲ့တုတ်သွားတယ်။ ကိုသော်ဇင်ဦးက သူ့ဖုန်းကို ကြည့်လိုက်တဲ့ အချိန်မှာ သူတို့ မသင်္ကာတဲ့၊ မကြိုက်တဲ့ ပရိုဖိုင်တွေ တွေ့ တော့ ညှဉ်းပန်းနှိက်စက်တာပေါ့။ တစ်ညလုံး နှိပ်စက်ပြီးတော့ သူတို့ကို စစ်ကြောင်း အပြန်မှာ ခေါ်သွားတယ်။ ဟိုကလေးကိုတော့ ထားခဲ့တယ်။ ကိုသော်ဇင်ဦးကျတော့ ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ လမ်းမှာပဲ အလောင်းတွေ့တော့ကျ လက်ပြန်ကြိုး တုပ်ထားတယ်။ ရိုက်နှက်တဲ့ ဒဏ်ရာတွေ တွေ့တယ်။ နောက်ကနေပြီး သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ အလောင်းအနေအထားမှာလည်း အဲလို တွေ့ရတယ်ဗျ"
ကိုသော်ဇင်ဦးရဲ့ ရုပ်အလောင်း ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာတွေ တွေ့ရသလို မျက်လုံး တစ်ဖက်ကလည်း ရှေ့ကိုစူထွက်နေတာကို တွေ့ရတယ်လို့ ပြောပါတယ်။
ကိုသော်ဇင်ဦးဟာ အနောက်ကမ်းဖြူရွာသားဖြစ်သလို ဆိပ်ဖြူမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ရဲ့ သတင်းနဲ့ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တယ်လို့ ပြောပါတယ်။
မကွေးတိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားတွေက မြိုင်မြို့နယ်က ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းအား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ မြိုင်မြို့နယ်က ကျေးရွာ တွေကို စက်တင်ဘာ ၁၇ ရက်နေ့က စစ်ကြောင်းထိုးခဲ့ပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာ ညောင်တွင်းရွာက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ညောင်တွင်းလည်း မီးရှို့တယ်။ စိုင်ဂေါင်းလည်း နည်းနည်းရှို့ခံရတယ်ဗျ။ ညောင်တွင်း က အိမ်ခြေ ၅၀ ဝန်းကျင်လောက် ရှို့ခံရတယ်ဗျ။ ကျနော်တို့ သူတို့ စစ်ကြောင်းဝင်လာ ပြီး အဓိကကတော့ ပျူရွာတွေနားနီးတော့ ပျူရွာတွေကနေပြီးတော့ စစ်ကြောင်းနဲ့ ပူးပေါင်းတဲ့ စစ်ကြောင်းပေါ့။ အဲလိုမျိုး စစ်ကြောင်းက ဝင်ရှို့တဲ့သဘောဗျ"
စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်ချိန်မှာ PDF အဖွဲ့တွေနဲ့ စိုင်ဂေါင်း ရွာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။
ညောင်တွင်းရွာဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး အဲဒီရွာအနီးမှာ ကိုင်းတောမ ရဲစခန်း ရှိသလို ပျူစောထီးအဖွဲ့ဝင်တွေ အားကောင်းတဲ့ သရက်ဂွ၊ တွင်းမ၊ ဝက်ပုတ်ရွာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကိုလည်း စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးနေလို့ ရွာပေါင်း ၁၀ ရွာထက်မနည်းက ပြည်သူတွေဟာ ဒီနေ့အထိ ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အခုက ကျောက်ခွက် ပြေးရတယ်ဗျာ။ မှန်ရင်း ပြေးရတယ်ဗျာ။ တောင်စုံ၊ ဆူးဝင်း၊ စုံကုန်းဘက်ကလည်း ပြေးရတယ်ဗျာ။သူတို့ တကယ်တမ်းနီးတာက ဝယ်တောင်နဲ့ နီးတယ်။ နီးပေမယ့် ဝယ်တောင်ဘက်ကတော့ မပြေးရလောက်ဘူးဗျ။ လမ်းကြောင်းက လာနေတာကိုက သရက်ကန်ကို ဦးတည်နေတာကိုဗျ။ ရွာပေါင်းကို မနည်းဘူးနော် ဒီဘက်တင်ကို ကိုးရွာလောက်ပြေးရတာဆိုတော့ ဟိုဘက် မင်းသားကျဘက်က ပြေးရတာတွေရှိသေးတယ်။ အဲဘက်က တစ်လျှောက်လုံး ပြေးရတာတွေဆို မကလောက်ဘူး"
ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာလ ၂၆ ရက်နေ့က ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် လေးလုံးပျက်စီးခဲ့ပြီး ဒေသခံရွာသား ၇၀၀ နီးပါးက အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းက စက်တင်ဘာလ ၂၃ ရက်နေ့မှာ မြိုင်မြို့နယ် ကျေးရွာတွေကနေ ပေါက်မြို့နယ် ကျေးရွာတွေအထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ရွာသစ်ကြီး၊ ဘောင့်ဘင်၊ သင်းမ၊ မှန်ရင်း၊ ယာကြီးပင်၊ မင်းသားကျ၊ ကျောက်ခွက်၊ ဆူးဝင်း၊ ကြက်ဆူအိုင့်၊ ဆုံကုန်း၊ တောင်စုံ စတဲ့ရွာတွေက ဒေသခံ အရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။
တစ်ချိန်တည်းမှာ အဲဒီစစ်ကြောင်းနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ဒေသခံအရပ်သား ၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးတယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေ က ပြောပါတယ်။
အင်အား ၁၅၀ ခန့်ပါတဲ့ ရေစကြိုအခြေစိုက် ခလရ ၂၅၈ တပ်က အုတ်ဖို၊ မင်းသားကျ၊ ရွာသစ်ကြီး၊ သရက်ကန်၊ သန်းဥတော၊ ကြက်ဆူအိုင့်၊ ကျောက်ခွက် စတဲ့ ရွာစဉ်အလိုက် ဒေသခံတွေကို စက်တင်ဘာ ၂၃ ရက်နေ့က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် လုပ်ဆောင်ခဲ့ တာလို့ ပြောပါတယ်။

စစ်ကောာင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေထဲကို ဝင်ရောက်တာမရှိသလို အရပ်သားတွေကို ထိခိုက်အောင်နဲ့ နေအိမ်တွေ ကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး ဒါတွေဟာ PDF အဖွဲ့တွေကသာ ကျူးလွန် နေတာလို့ RFA ကို အရင်က တုံ့ပြန်ပြောဆိုထားပါတယ်။
ဒါပေမဲ့ လက်တွေ့မှာ စစ်ဆင်ရေးနယ်မြေတွေအတွင်း ဆောင်ရွက်ချက်တွေဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
"နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တရပ်ပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းတရပ်က သူနဲ့ယှဉ်ပြိုင်တိုက်ခိုက်တဲ့ အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်တဲ့ နေရာမှာ၊ စစ်ရေးကို စစ်ရေးလို ဆောင်ရွက်လို့ရတယ်။ စစ်ဆင်ရေးနယ်မြေတွေမှာ စစ်ရေးဆောင်ရွက်ခွင့်တွေရှိတယ်။ သို့သော်လည်းပဲ စစ်ရေးဆောင်ရွက်ချက်တွေမှာ ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ဆောင်ရွက်ခွင့် မရှိဘူး။ အဲလိုဆောင်ရွက်ခဲ့ရင်တော့ ဒါဟာ လူသားအဖြစ်ကို ကျူးလွန်တဲ့ နိုင်ငံတကာပြစ်မှု ကျူးလွန်တာနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်တာနဲ့ အတူတူပါပဲ"
စစ်ရေးနဲ့ မပတ်သတ်တဲ့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်နေတာဟာ နိုင်ငံတကာဥပဒေတွေကို မြန်မာစစ်တပ်က လိုက်နာဆောင်ရွက်မယ်ဆိုပြီး လက်မှတ်ရေး ထိုးထားတဲ့ ကုလသမဂ္ဂ ဂျီနီဗာကွန်ဗန်းရှင်းပါ ပြဌာန်းချက်တွေကို လိုက်နာမှု မရှိသလို ပြည်တွင်းရော နိုင်ငံတကာ ဥပဒေတွေနဲ့လည်း မညီညွတ်ဘူးလို့ ထောက်ပြပြောဆိုပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မှုဝါဒရေးရာ အင်စတီကျု (Insitute for Strategy and Policy - Myanmar) ရဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်း ပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အထိ နိုင်ငံအနှံ့ တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ နေအိမ်အဆောက်အအုံ ၃၆,၂၀၉ လုံးထက်မနည်း ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲမှာ မကွေးတိုင်းက နေအိမ်၊ အဆောက်အအုံ ၈,၁၁၉ လုံး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။