စစ်ကောင်စီ ပြည်ထဲရေး ဒု-ဝန်ကြီးကို EU အရေးယူ
2023.03.07
ရုရှားစစ်ဘက်အရာရှိတွေ၊ အာဖဂန်က တာလီဘန်တွေ၊ တောင်ပိုင်းဆူဒန်က ရဲအရာရှိတွေနဲ့အတူ မြန်မာ ပြည်ထဲရေးဒုတိယဝန်ကြီးကိုလည်း အီးယူ ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တာဖြစ်ပါတယ်။
သူတို့ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေအတွက် တာဝန်ရှိလို့ အခုလိုအရေးယူတာဆိုပြီး ဖော်ပြထားပါတယ်။
Sisters 2 Sisters ဦးဆောင်အဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်က ဒီလိုဒဏ်ခတ် ပိတ်ဆို့အရေးယူတာက တရားမျှတမှုရရှိဖို့ လမ်းကြောင်းရဲ့ အစပဲလို့ သုံးသပ်ပါတယ်။
“မြန်မာပြည်က စစ်အုပ်စုက ကျူးလွန်နေတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ တစ်နိုင်ငံလုံးက ပြည်သူတွေကို သတ်ဖြတ်ညှဉ်းပန်းနေမှုတွေ ဒီဖြစ်ရပ်တိုင်းရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှု အခုလို နိုင်ငံအသီးသီးက ပြစ်ဒဏ်ချ ဒဏ်ခတ်ပိတ်ဆို့တာတွေက နာမည်အလိုက်၊ အစုအဖွဲ့လိုက်ကို ဒီလူတွေကို ဖော်ထုတ်ပြီး ပြစ်ဒဏ်ချတယ်ဆိုတာသည် ကျမတို့ မြင်ချင်တဲ့ တရားမျှတမှုရဲ့ အစဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုပြစ်ဒဏ်ချပိတ်ဆို့အရေးယူလိုက်တာက သူတို့အပေါ်မှာ သတင်းစကားပေးလိုက်တာဆိုပေမယ့် ဒီဖြစ်ရပ်တွေကို ငါတို့ လက်မခံဘူး ငါတို့ကန့်ကွက်နေတယ်၊ ရှုတ်ချနေတယ် ငါတို့ သိနေတယ်ဆိုတဲ့ သတင်းစကားကို တိုက်ရိုက်ပေးလိုက်တာဖြစ်ပေမယ့် ပြည်တွင်းထဲက အကြမ်းဖက်မှုတွေ မရပ်တန့်နေသရွေ့ ထိရောက်မှုမရှိဘူးလို့ ပြောလို့ရတယ်။ ပြည်တွင်းထဲမှာ အကြမ်းဖက်မှုတွေ ရပ်တန့်သွားတဲ့အထိ လုပ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျမတို့ တောင်းဆိုနေတာက တရားမျှတမှု နဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ဒီ့ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက်လည်ပတ်နေဖို့ လိုတယ်ဆိုတာ ကျမတို့ ပြောနေတာပါ။”
အခုလိုအရေးယူမှုတွေထက်ပိုတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူဖို့၊ မြန်မာပြည်အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းပေးဖို့၊ စစ်ကောင်စီဆီ လက်နက်နဲ့ လေယာဉ်ဆီ တင်သွင်းရောင်းချတာတွေ ပိတ်ဆို့အရေးယူဖို့ လိုအပ်တယ်လို့လည်း သူက တိုက်တွန်းပါတယ်။
အခုလို အီးယူ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ဥရောပသမဂ္ဂက ဒီလူပုဂ္ဂိုလ် ၉ဦးအပြင် အီရန်အကျဉ်းထောင်၊ ဆီရီးယားလုံခြုံရေးအစောင့်တပ်နဲ့ မြန်မာ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတို့ကိုလည်း ပိတ်ဆို့အရေးယူတဲ့အထဲ ထည့်သွင်းထားပါတယ်။
အရေးယူခံရသူတွေဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဆီ ခရီးသွားလာခွင့် ရှိမှာမဟုတ်တော့သလို၊ ဒီလူပုဂ္ဂိုလ်တွေရဲ့ပိုင်ဆိုင်မှုတွေလည်း ထိန်းသိမ်းခံရမှာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာက အခုလိုဒဏ်ခတ်ပိတ်ဆို့အရေးယူတာတွေကို တော်လှန်ရေးအင်အားစုတွေက ကြိုဆိုကြပေမယ့် လက်တွေ့ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ တိုက်တွန်းကြပါတယ်။
“ကြိုဆိုတာပေ့ါနော်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ကို ဆန်ရှင်ပြုလုပ်တာဖြစ်လို့ သိပ်ပြီးမထိရောက်ဘူးလို့ ယူဆပါတယ်။ ဒါက ဟိုးအရင်ကတည်းက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေက ရှိပြီးသား၊ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီးဆိုးရွားလာတယ်။ ဆိုးရွားလာတဲ့အပြင် ကိုယ်ထိလက်ရောက်စော်ကားတာတွေ ပိုပြီးများပြားလာတယ်လို့ ကြားသိရတယ်။ ဒီအပေါ်မှာ သူတို့ရဲ့လုပ်ဆောင်မှုအတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။”
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ CDM လုပ်ထားတဲ့ ရဲအုပ် ကိုခွန်အောင်ကိုကို ပြောသွားတာပါ။
အရေးယူခံရတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇင်မင်းထက် ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်လည်းဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း အီးယူရဲ့ အရေးယူခံရသူတွေထဲ ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်း ဝယ်ယူပေးနေတဲ့ လက်နက်ပွဲစားတွေ၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် တို့နဲ့အတူ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံခဲ့ရတာဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းတွေဟာ အာဏာရှင်ဆန့်ကျင်တော်လှန်သူတွေကို ဖမ်းဆီးပြီးတဲ့နောက် စစ်ဆေးမေးမြန်းတဲ့အခါ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ရှိတယ်လို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေနဲ့ ကာယကံရှင်တချို့က သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားပါတယ်။

မတ်လ ၃ရက်နေ့က လူ့အခွင့်အရေးကော်မရှင်နာရုံးရဲ့နှစ်ပတ်လည် အစီရင်ခံစာမှာလည်း မြန်မာစစ်တပ်ဟာ ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ချိန်နဲ့ စစ်ကြောရေးနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံအမျိုးသမီးတွေနဲ့ LGBT တွေအပြင် အမျိုးသားတွေအပေါ် အဓမ္မပြုကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေမဲ့ကျူးလွန်မှုတွေကို နိုင်ငံတကာက အခုလိုထုတ်ဖော် အရေးယူတာတွေကို ကြိုဆိုပေမယ့် လက်တွေ့ ထိရောက်တဲ့ အရေးယူနိုင်မှုတွေ မလုပ်နိုင်သေးဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“ပြည်ထဲရေးဒုဝန်ကြီးကို ဒီလိုအရေးယူလိုက်တဲ့ဆုံးဖြတ်ချက် ကြားရတာက စစ်ကောင်စီရဲ့ ဝန်ကြီးတွေထဲမှာ ဒီလိုအကျင့်ပျက်တဲ့ မတော်မတရားတဲ့ လုပ်ဆောင်မှုတွေရှိတယ်ဆိုတာ ပေါ်လွင်သွားတာပေါ့။ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေလုပ်တယ်ဆိုတာ အောက်ခြေကဝန်ထမ်းတွေရဲ့ အားနည်းချက် အကျင့်ပျက်မှုကြောင့်ဖြစ်တာမဟုတ်ဘဲ သက်ဆိုင်ရာဝန်ကြီးတွေကိုယ်တိုင် တာဝန်ရှိစွာ လုပ်ကိုင်ခွင့်ပေးထားတယ်ဆိုတာ ပေါ်လွင်သွားစေတဲ့အတွက် ကြိုဆိုတယ်။ ဒါပေမဲ့ ဒီကိစ္စကို အရေးယူလို့ရတဲ့အခြေအနေတော့ လက်ရှိ နိုင်ငံတကာခုံရုံးတွေ၊ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ခုံရုံးတွေ ဒါတွေအားလုံးက လက်တွေ့အရေးယူနိုင်တဲ့အခြေအနေတော့ မရှိသေးဘူးလို့ ပြောရပါလိမ့်မယ်။”
လက်နက်ကိုင်တော်လှန်နေသူ အမျိုးသမီးတစ်ဦးကလည်း နိုင်ငံတကာက မြန်မာစစ်တပ်အရာရှိတွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေ မကြာခဏရှိနေပေမယ့် လက်တွေ့မှာတော့ စစ်ကောင်စီက ဆက်လက်ကျူးလွန်နေဆဲပဲလို့ ပြောပါတယ်။
“အခုချိန်ထိ လက်တွေ့ကတော့ ဖြစ်ပျက်နေဆဲပဲ။ အရေးယူပိတ်ဆို့တာတွေ ရှိနေပေမယ့်လည်း အမျိုးသမီးတွေအတွက် လုံခြုံမှုတွေ မရှိသေးဘူး။ သတ်ဖြတ်ခံနေရတုန်းပဲ။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီး သတ်ဖြတ်ခံရတဲ့ မိန်းကလေးတွေ ရှိနေတုန်းပဲ။ သူတို့အတွက် တချိန်မှာ တရားမျှတမှု ပြန်ပေးသင့်တယ်။ သေချာတာတစ်ခုကတော့ တော်လှန်ရေးမပြီးမချင်းတော့ ဒီအပြစ်ပေးတာတော့ လုပ်နိုင်လိမ့်မှာမဟုတ်ဘူး။ အခုချိန်မှာ ညီမတို့ အဲဒီနာကျည်းချက်တွေ အဲဒီဖြစ်ပျက်ခဲ့တာတွေကို စိတ်ထဲမှာပဲ မှတ်ယူထားရတယ်။ တစ်နေ့တစ်ချိန်ကျမှ ဒီဟာကြီး ပြီးဆုံးသွားတော့မှ သူတို့နဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ပေးရမှာပေါ့။”
မြန်မာစစ်တပ်ဟာ အရပ်သား အမျိုးသမီးတွေတင်မက တပ်တွင်းမှာလည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ ပြည်သူ့ဘက် ကူးပြောင်းထားတဲ့ CDM ဝန်ထမ်းတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ဒီလိုလုပ်ရပ်တွေကို ထုတ်မပြောရဲဘဲ နှုတ်ဆိတ်နေခဲ့ရတယ်လို့ ပြည်သူ့ဘက် ကူးပြောင်းထားတဲ့ CDM တပ်ကြပ်ကြီး မယဉ်လဲ့လဲ့ထွန်းက ပြောပါတယ်။
“ကျမတို့တပ်ထဲမှာဆိုရင်လည်း စစ်ဗိုလ်အရာရှိအမျိုးသမီးတွေ ရှိတယ်။ တကယ့်တကယ်ကျရော စစ်သမီးတွေကို တပ်ထဲမှာ လေးစားမှုရှိလားဆို မရှိပါဘူး။ လိင်ပိုင်းဆိုင်ရာ နှုတ်နဲ့ပဲဖြစ်စေ ကျူးလွန်နေတာတွေ ရှိတယ်။ လူမှုရေးဖောက်ပြန်တာတွေ ရှိနေတယ်။ ဒါပေမဲ့အရေးယူခံရတာတော့ ရှားတယ်။ သူတို့အချင်းချင်း သတင်းဖုံးဖိထားတာတွေ ရှိသလို အမျိုးသမီးဘက်က နစ်နာမှာတွေကြောက်ပြီးတော့ မတိုင်ကြားတာတွေလည်း ရှိတော့ အရေးယူခံရမှုက အရမ်းကိုနည်းတယ်။”
ဒီလဆန်းပိုင်းက စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ တပ်မ ၉၉ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးအပါအဝင် ဒေသခံ ၁၆ ဦးကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက် သတ်ဖြတ်ခဲ့ပါတယ်။ အသတ်ခံရသူတွေထဲမှာ အမျိုးသမီး သုံးဦးလည်းပါဝင်ပြီး သူတို့ဟာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတာလို့ သေဆုံးသူမိသားစုဝင်တွေ၊ ဒေသခံတွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောထားပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးအောင်မြင်မှ အခုလိုအဖြစ်ဆိုးတွေ အဆုံးသတ်မှာဖြစ်တယ်လို့ မြို့နယ်လူငယ်များ သပိတ်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ မဂျူဝယ်လ်က ပြောပါတယ်။
“တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းချုပ်မှုအင်အားနည်းနေသေးသရွေ့တော့ ဒီလိုအဖြစ်ဆိုးတွေကတော့ နေ့စဉ်နဲ့အမျှ ဆိုးသထက်ဆိုးလာတာကို ကြားနေရဦးမှာပါ။”
မြန်မာအမျိုးသမီးသမဂ္ဂရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီလဆန်းအထိ အမျိုးသမီး ၄၂၉ ယောက် အသတ်ခံခဲ့ရပါတယ်။ အခုဆိုရင် ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့စာရင်းထဲမှာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ပတ်သက်ဆက်နွယ်သူတွေ စုစုပေါင်း လူပုဂ္ဂိုလ်ပေါင်း ၉၃ ဦးနဲ့ အဖွဲ့အစည်း ၁၈ ခု ပါဝင်ပါတယ်။