အတိုင်ပင်ခံ ခရီးစဉ်တွေ ဝေဖန်ခံနေရ
2020.02.24
တိုင်းရင်းသားဒေသတချို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ တွေ့ဆုံနေတာ ဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတာလို့ တိုင်းရင်းသားပါတီတွေက ဝေဖန်လိုက်ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလအတွင်း ရှမ်းပြည်နယ် ပင်လုံမြို့၊ ချင်းပြည်နယ် ထန်တလန် မြို့၊ တွန်းဇံမြို့နဲ့ကရင်ပြည်နယ်တွေမှာ လူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံပွဲတွေဟာ ၂၀၂၀ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးနေတာလို့ ချင်းအမျိုးသားဒီမိုကရေစီပါတီ ပူးတွဲဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ် က ပြောပါတယ်။
သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်စရိတ်နဲ့ ခရီးတွေ သွားလာနေပြီး ရွေးကောက်ပွဲနှစ်အတွင်း ဒီခရီးစဉ်တွေဟာ ပါတီမဲဆွယ်နေတဲ့ပုံစံမျိုး သက်ရောက်နေတယ်လို့ ဝေဖန်ခံနေရ တာပါ။
သူတို့ရဲ့မိန့်ခွန်းတွေဟာလည်း ပါတီမဲဆွယ်တဲ့သဘော သက်ရောက်နေတယ်လို့ တချို့က ယူဆကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရဟာ အရင်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အစိုးရလိုမျိုး ရွေးကောက်ပွဲနီးမှ မဲဆွယ်ခရီးထွက်နေတယ်လို့ မြင်ကြောင်း ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးအန်ကောလ်လ က ပြောလိုက်ပါတယ်။
နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့အတွက် လူထုတွေ့ဆုံပွဲတွေ လုပ်ဆောင်နေတာလို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
ရွေးကောက်ပွဲနီးမှ နိုင်ငံတော်စရိတ်နဲ့ သွားလာမဲဆွယ်နေတာကို ရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်ခြင်း မရှိတဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပါ့မလားဆိုပြီးလည်း မေးခွန်းထုတ်နေပါတယ်။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ဒီစွပ်စွဲချက်ကို ပယ်ချလိုက်ပါတယ်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို သမ္မတက ရွေးချယ်ခန့်အပ်နိုင်တဲ့အတွက် ပါတီစွဲမရှိရဆိုတဲ့ ကန့်သတ်ချက်နဲ့ ငြိစွန်းနေတယ်လို့လည်း ပြောဆိုနေပါတယ်။
ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီး အားနည်းချက်တွေရှိနေတာလို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်တဲ့ နယူး-မြန်မာဖောင်ဒေးရှင်းက မမြနန္ဒာသင်း က ထောက်ပြပါတယ်။
NLD ပါတီဟာ ရွေးကောက်ပွဲမတိုင်ခင်မှာ တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းလိုက်ပြီး တိုင်းရင်းသား ပါတီတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို မကြေညာရသေးတဲ့အတွက် နိုင်ငံရေးပါတီတွေထဲမှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် မလုံလောက်မှာ ပူပန်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲတွေပါဝင်တဲ့ ခရီးစဉ်တွေက ဆက်တိုက်ပေါ်ပေါက်လာတာဖြစ်ပါတယ်။