နွေဦးတော်လှန်ရေးမှာ စတင်ပေါ်ထွက်လာခဲ့တဲ့ ဓနုတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2025.02.22
နွေဦးတော်လှန်ရေးမှာ စတင်ပေါ်ထွက်လာခဲ့တဲ့ ဓနုတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တပ်ဖွဲ့ဝင်များအား ရှေ့တန်းတစ်နေရာတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လက တွေ့ရစဉ်။
Danu People's Liberation Front - DPLF

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLF/DPLA) ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ ထွက်ပေါ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖြစ်ပါတယ်။

အာဏာသိမ်းပြီး ၂ဝ၂၁ - ၂ဝ၂၂ ခုနှစ် ကာလမှာ ပင်းတယမြို့နယ်မှာစပြီး ပထမဦးဆုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို လူအင်အား ၂၅၀ နဲ့ စတင်ဖွဲ့စည်းခဲ့တယ်လို့ DPLA ကို ဦးဆောင်ဖွဲ့စည်းသူ ကိုထွန်းထွန်းနိုင်က RFA ကိုပြောပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ ဓနုလူမျိုးစုတွေအတွက် DPLF/DPLA လို့ခေါ်တဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးကို တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။

DPLA ဟာ ပင်းတယမြို့နယ်ကို အခြေခံပြီး ဓနုလူမျိုးတွေကို ကိုယ်စားပြု ဖွဲ့စည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပေမဲ့ လူမျိုးပေါင်းစုံပါဝင်တယ်လို့ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

လူမျိုးစုအနေနဲ့ ကျွန်တော်တို့ ဓနုဒေသအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ရှိကိုရှိရမယ်။ မရှိမဖြစ်ဘူးဆိုတဲ့ အနေအထားနဲ့ပဲ ဒီ DPLA ကို စတင်ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်”

ရှမ်းပြည်တွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ် အများစုဟာ စစ်အာဏာရှင်စနစ်ပျက်သုန်းစေဖို့အတွက် လက်နက်ကိုင်ပြီး အာဏာရှင်ကို တော်လှန်ကြပါတယ်။ ဒါပေမဲ့ ဒီမတိုင်ခင် ခေတ်အဆက်ဆက်မှာတော့ ဓနုလူမျိုးတွေဟာ လက်နက်ကိုင်ပြီး အာဏာရှင်ပြန်လည်တော်လှန်တာ မရှိခဲ့ဖူးပါဘူး။

ဓနုတိုင်းရင်းသားကိုယ်စားပြု လက်နက်ကိုင် တော်လှန်ကြတဲ့တပ်ဖွဲ့မရှိတဲ့အတွက် ဒေသတွင်း နောက်ကျကျန်ခဲ့တယ်လို့ ကိုထွန်းထွန်းနိုင် က ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော်တို့ ဒေသအရမ်းနောက်ကျပါတယ်။ ဘယ်လိုနောက်ကျလဲဆိုတော့ အာဏာသိမ်းပြီးရော မသိမ်းခင်ကရော ဓနုဒေသမှာ လက်နက်ကိုင်စစ်တပ်၊ ကိုယ့်လူမျိုး လက်နက်ကိုင်တပ် မရှိတဲ့အတွက် ဘက်ပေါင်းစုံကနေ အဖိနှိပ်ခံရတာတော့ အားလုံးသိတဲ့အတိုင်း။ အဲဒါကြောင့်မို့လို့ DPLA ကို ဖွဲ့စည်းရခြင်းဖြစ်ပါတယ်”


ဆက်နွှယ်သောသတင်းများ

သုံ့ပန်းနဲ့ တော်လှန်ရေးသမားအဖြစ် စစ်မြေပြင်မှာ ပြန်ဆုံရတဲ့ ညီအစ်ကို

ကျောက်ဂူမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး သေဆုံး၊ ၁၃ ဦးဒဏ်ရာရ

ကျောက်ဂူမြို့အနီး စစ်ကောင်စီတပ်နဲ့ DPLA တို့ တိုက်ပွဲပြင်းထန်


DPLA ရဲ့ စစ်အင်အားဟာ နှစ်နှစ်အတွင်း နှစ်ထောင့်ငါးရာဝန်းကျင် ရှိနေပြီဖြစ်ပြီး လူထုရဲ့ အားပေးထောက်ခံမှုလည်း အပြည့်အဝရရှိထားပြီလို့ ဆိုပါတယ်။

ကိုယ့်လူမျိုးအတွက် တစ်ဖက်တစ်လမ်းက အလုပ်လုပ်နိုင်တဲ့အတွက် ကျေနပ်မိတယ်လို့ DPLA တပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

"ကျွန်တော်တို့ ဓနုအဖွဲ့အစည်းဆိုတာ နဂိုကမရှိခဲ့ဖူးဘူး။ အခု ကျွန်တော်တို့ ဓနုအဖွဲ့အစည်း နာမည်လေးကြားလိုက်တော့ ကျွန်တော်ပီတိလည်း ဖြစ်တယ်။ ဝမ်းသာတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်လည်း တစ်ဖက်တစ်လမ်းကနေပြီးမှ ပါဝင်ဆောင်ရွက်သွားမယ်ဆိုတဲ့ စိတ်နဲ့ ဝင်လာခဲ့တာဖြစ်ပါတယ်။ ဓနုအဖွဲ့အစည်း ဓနုပြည်ပေါ်ပေါက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် ခုလည်းရှိပါတယ်။ ကိုယ့်လူမျိုးအတွက် အလုပ်လုပ်ရတာ ကျွန်တော် ဒီထက်မကလည်း ဝမ်းလည်းဝမ်းသာ ပီတိလည်း ကျွန်တော်ဖြစ်ပါတယ်"

DPLA ဟာ စစ်ရေးဖော်ဆောင်တဲ့အပိုင်းမှာတော့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေနည်းတူ အခက်အခဲတွေ စိန်ခေါ်မှုတွေ တန်းတူကြုံနေရပေမယ့် ဓနုလူမျိုးတွေဟာ လက်နက်ကိုင်တပ်ဖွဲ့မရှိခဲ့ဖူးတာကြောင့် သူတို့ အတွက်က ပိုပြီးတော့ စိန်ခေါ်မှုကြီးမားတယ်လို့ ကိုထွန်းထွန်းနိုင် က ပြောပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တပ်ဖွဲ့ဝင်များအား  နောင်ချိုမြို့ ရှေ့တန်းတစ်နေရာတွင်  ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်။ (Photo : Danu People's Liberation Front - DPLF)
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တပ်ဖွဲ့ဝင်များအား နောင်ချိုမြို့ ရှေ့တန်းတစ်နေရာတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်။ (Photo : Danu People's Liberation Front - DPLF)

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ရဲ့ လက်တွဲခေါ်မှုကြောင့် အဲဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိလည်း TNLA နဲ့ မဟာမိတ်ဖွဲ့ပြီး စစ်ရေး လှုပ်ရှားမှုတိုင်းမှာ ပါဝင်ခဲ့ပါတယ်။

DPLA ဟာ စစ်ရေးလှုပ်ရှားမှုအနေနဲ့ မန္တလေး PDF နဲ့ ပူးပေါင်းပြီး စတင်ခဲ့တာပါ။ အဲဒီကနေ စစ်ရေးအတွေ့ အကြုံတွေယူခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာပါ TNLA နဲ့ ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၆ (ခ) အရ ရှမ်းပြည်နယ်ထဲက ရွာငံနဲ့ ပင်းတယ မြို့နယ်ကို ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် စစ်အစိုးရက သတ်မှတ်ပေးခဲ့ပါတယ်။

စစ်အာဏာရှင်ကပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဖြစ်တဲ့အတွက် ဓနုတွေတည်ထောင်တဲ့ ဓနုကိုယ်ပိုင်နယ်မြေအဖြစ်သတ်မှတ်ဖို့  ရွာငံ၊ ပင်းတယ အပြင် ကလော၊ ရပ်စောက်နဲ့ နောင်ချိုမြို့နယ်တွေကို ပေါင်းစပ်သတ်မှတ်ခဲ့တာလို့ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

“ကျွန်တော်တို့ ဓနုဒေသတွင်းမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ တောင်တန်းမြေပြန့်မခွဲဘဲ ကျွန်တော်တို့ တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ပြီးသားလည်းဖြစ်တယ်။ လက်ရှိမှာလည်း ကျွန်‌တော်တို့ တိုက်ပွဲဝင်နေပါတယ်။ ကိုယ်ပိုင် ပြဋ္ဌာန်းမယ်။ ကိုယ်ပိုင်စီမံမယ်။ ကိုယ်ပိုင်အုပ်ချုပ်မယ်။ ဒါပါပဲ။ ကျွန်တော်တို့ ရည်မှန်းချက်ကတော့”

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တပ်ဖွဲ့ဝင်များအား  ရှေ့တန်းတစ်နေရာတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက တွေ့ရစဉ်။ (Photo : Danu People's Liberation Front - DPLF)
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တပ်ဖွဲ့ဝင်များအား ရှေ့တန်းတစ်နေရာတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက တွေ့ရစဉ်။ (Photo : Danu People's Liberation Front - DPLF)

စစ်တပ်အာဏာသိမ်းစမှာ ကိုထွန်းထွန်းနိုင်ဟာ လွတ်မြောက်နယ်မြေကို ပထမဦးဆုံး သွားပြီး အဲဒီကနေတစ်ဆင့် ပင်းတယမြို့နယ်မှာရှိတဲ့ လူငယ်တွေကိုစတင် စည်းရုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။

“ညီမလေး ယောကျာ်းဆိုရင် ထောင်ချခံရတယ်။ ပြီးရင် ကျွန်တော့်တူလေး၊ ညီမလေးတွေရော၊ ကျွန်တော့် အမတွေရော၊ ခဲအိုတွေရော၊ စစ်ကောင်စီက ဖမ်းဖို့ ကြိုးစားတာကိုလည်း အများကြီးကြုံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီကြားထဲ လွတ်အောင်ပဲ ရှောင်နိုင်ခဲ့တယ်”

အခုတော့ ကိုထွန်းထွန်းနိုင် ရဲ့ မိဘနှစ်ပါးလုံးနဲ့ မောင်နှမတွေ ခြောက်ယောက် အားလုံး DPLA မှာ အတူတူရှိပြီလို့ ပြောပါတယ်။

“ကျွန်တော်တို့ ဒေသတွင်းမှာရှိတဲ့ လူထုရော ကျွန်‌တော်တို့ ဓနုတိုင်းရင်းသားအားလုံး ကျွန်တော်ပြောချင်တာကတော့ ပြည်နယ်ဆိုတာကတော့ တောင်းယူလို့ မရဘူးပေါ့လေ။ တိုက်ယူမှ ရမယ်။ တည်ဆောက်မှ ရမယ်။ တိုက်ယူရမယ့် အနေအထားမှာ နိုင်တဲ့ဘက်ကနေ တစ်ထောင့်တစ်နေရာကနေ အားလုံး ပါဝင် ပူးပေါင်းပေးကြဖို့ ကျွန်တော်တော့ တောင်းဆိုပါတယ်”

DPLA တည်ထောင်သူ ကိုထွန်းထွန်းနိုင်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။