စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် နမ္မတူဒေသခံသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

ကျော်ထွန်းနိုင် (ဝါရှင်တန်ဒီစီ)
2023.12.25
စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် နမ္မတူဒေသခံသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ တစ်နေရာအား ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။
RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ပေါ်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၅ ရက်နေ့ညနေမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

ရပ်ကွက် (၃) ဗိုလ်ချုပ်လမ်းမပေါ်မှာနေထိုင်သူနှစ်ဦး နေအိမ်ရှေ့မှာတင် သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နမ္မတူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

"ညနေ လေးနာရီခွဲမှာ လာပစ်တာပေါ့နော်။ ညီမအစ်ကိုက အခုဖြစ်သွားတဲ့နေရာနဲ့ဆို သိပ်မဝေးဘူး။ နီးနီးလေးပဲ တစ်ပြစာတောင် မဝေးဘူး။ လေယာဉ်ကနေ ကြဲလိုက်တဲ့အချိန်မှာ အုန်း ဆိုပြီး အသံကြားပြီး သူတို့အိမ်အထိ ခဲစတွေ လာမှန်တာ။ လေယာဉ်ပြန်လှည့်တာနဲ့ ထွက်သွားပြီး ကြည့်လိုက်တဲ့အချိန်မှာ အဲဒီအစ်ကိုနှစ်ယောက်က သေသွားပြီ။ နှစ်ယောက်စလုံးက ခေါင်းကို ထိပြီး သေတာ"

အသက် ၄၀ အရွယ် ကိုသက်လင်းထွန်း (ခေါ်) ကိုအငဲနဲ့ အသက် ၃၀ အရွယ် ကိုအောင်မိုးသက်တို့ သေဆုံးသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း နမ္မတူမြို့ပေါ်က နေရာနှစ်ခုမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အသက်ကိုးနှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေထဲက တစ်ဦးက လားရှိုးဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

"အိမ်တစ်အိမ်နားမှာ ကျပြီး လူလေးယောက် ထိတယ်။ သုံးယောက်ကတော့ ပေါက်ပြဲတာလောက်ပဲ။ တစ်ယောက်က လက်ကျိုးသွားတယ်။ လက်ကို စတီးချောင်းထည့်ပေးရမယ်။ ပေါင်က အသားထွက်သွားတယ်။ လက်ရှိမှာ တစ်ယောက်က ဆေးရုံမှာ။ မိသားစု လေးယောက်ပေါ့။ ရပ်ကွက် ၉ မှာ ကျတဲ့ဟာကတော့ ကိုးနှစ်အရွယ်ကလေးတစ်ယောက်နဲ့ နောက်ထပ်လူတစ်ယောက် ထိတယ်။ ကလေးကတော့ ဆုံးတယ်လို့ ပြောတယ်"

ဒီဇင်ဘာ ၂၃ ရက်နေ့က ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရဲ့ အချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။ ကလေးတစ်ဦး သေဆုံးတဲ့ ကိစ္စကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ညဘက်တွေမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံတွေ သေဆုံးဒဏ်ရာရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးသလို ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးဒဏ်ရာရတာတွေများလာတာကြောင့် ဒေသခံတွေ နေအိမ်မှာ မနေရဲတော့ဘဲ နေရပ်စွန့်ခွာထွက်ပြေးနေကြပါတယ်။ ဒါကြောင့် နမ္မတူမြို့ထဲမှာ လူတွေမရှိသလောက်ဖြစ်သွားပြီလို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မြို့ရဲ့တစ်ဖက်စီမှာ စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေရှိနေပြီး စစ်ရေးတင်းမာနေတာကြောင့် ထွက်ပြေးသွားတာလို့ မန္တလေးမြို့ကို ပြောင်းရွှေ့သွားတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နမ္မတူဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီဘက်က ရွာဘက်မှာ၊ ပလောင်တပ်တွေကကျတော့ မြို့ထဲမှာ ရှိတယ်။ ဟိုဘက်ကုန်းနဲ့ ဒီဘက်ကုန်းပေါ့။ မြို့က အလယ်မှာ ရောက်နေတာ။ အဲဒါကြောင့် ဖြစ်နိုင်မယ်လို့ ကျွန်တော်က ယူဆလို့ ထွက်လာတာ။ ကျွန်တော် ရှောင်ပြီး နောက်တစ်ရက်မှာ TNLA ဘက်က တပ်သားတစ်ယောက်လို့ ယူဆရသူက တစ်ရက် နှစ်ရက်အတွင်း ရှောင်ကြပါလို့ ရေးထားတဲ့ ပို့စ်တစ်ခု တွေ့လိုက်တယ်"

နမ္မတူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်နေပြီး နမ္မတူမြို့တွင်းနဲ့ ခိုဖိတ်ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီဘက်က Y12 လေယာဥ်နဲ့ ခုနစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သိမ်းယူခဲ့တဲ့ မန်တုံမြို့နဲ့ နမ္မတူမြို့ဟာ ၃၇ မိုင်သာကွာဝေးပါတယ်။

နမ္မတူမြို့ဟာ လားရှိုးမြို့နဲ့လည်း ၄၂ မိုင်ဝေးပြီး သီပေါမြို့နဲ့ မိုင်လေးဆယ်ကျော်ဝေးပါတယ်။ ပြီးခဲ့တဲ့ရက်တွေကတော့ နမ္မတူဒေသခံတွေဟာ လားရှိုးမြို့နဲ့ သီပေါမြို့တွေကို ရွှေ့ပြောင်းသူတွေရှိပေမဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ လားရှိုးမြို့ကိုသွားတဲ့လမ်းကို ပိတ်လိုက်တာကြောင့် နမ္မတူမြို့နဲ့ ၁၄ မိုင်ဝေးတဲ့ မံစံရွာမှာ ခိုလှုံနေရပါတယ်။

ပြောင်းရွှေ့ဖို့အတွက် နမ္မတူ အခြေစိုက် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်း၊ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ အနှိုင်းမဲ့လူမှုကူညီရေးအသင်းနဲ့ အလင်းရောင်လူမှုကူညီရေးအသင်းတွေက ကူညီဆောင်ရွက်ပေးနေပါတယ်။ နီးစပ်ရာမြို့တွေက လူမှုကူညီရေးအသင်းတွေကလည်း လာရောက်ကူညီတာတွေ ရှိပါတယ်။

ငွေကြေးမတတ်နိုင်သူတွေကို ပရဟိတအဖွဲ့တွေက ကူညီကယ်ထုတ်ပေးနေတာဖြစ်ကြောင်း အကူအညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

"မြို့ပေါ်မှာ လူတွေ တော်တော် မရှိတော့ဘူး။ တစ်အိမ်တစ်ယောက်နှုန်းတောင် မရှိတော့ဘူး။ တချို့ကလည်း ပစ္စည်းဥစ္စာတွေကြောင့် နည်းနည်းစောင့်နေတာတွေ ရှိတယ်ပေါ့။ တချို့ကျတော့လဲ လေး ငါး အိမ် မှာ စောင့်ဖို့ တစ်ဦးပဲ ရှိတယ်။ အဲဒီတစ်ဦးကိုပဲ မှာထားရတာပေါ့။ ပိုက်ဆံအဆင်ပြေတဲ့သူတွေက ကားစင်းလုံးငှားပြီး မန္တလေးဘက်ကို ရှောင်ကြတယ်။ အခု ကျွန်တော်တို့ ကယ်ထုတ်တာကတော့ နည်းနည်း ချို့တဲ့တဲ့သူတွေပေါ့။ သွားဖို့ လာဖို့ ခက်ခဲနေတဲ့သူတွေကို ပရဟိတအနေနဲ့ လုပ်ပေးတာပါ"

လက်ရှိ မံစံကျေးရွာက ဆရာလေးကျောင်း၊ စာသင်ကျောင်းနဲ့ မေတ္တာရှင်လူမှုကူညီရေးအသင်းရုံးတွေမှာ ခိုလှုံနေသူ ခုနစ်ရာကျော် ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ သီပေါမြို့မှာလည်း နမ္မတူက စစ်ဘေးဒုက္ခသည်တွေ ၁၃၀ နီးပါးရှိနေတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။