အာဏာရှင်စနစ်အဆုံးသတ်ရေး ပအိုဝ်းတိုင်းရင်းသားတွေ ဆက်လက်တိုက်ပွဲဝင်မည်
2022.12.11

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ( Pa-0 National Federal Council) က မြန်မာပြည်မှာ အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် ပအိုဝ်းအမျိုုးသားအားလုံး ပူးပေါင်းပါဝင်ကြဖို့ ဒီဇင်ဘာ ၁၁ ရက်နေ့ကျရောက်တဲ့ ၇၃ နှစ်မြောက် ပအိုဝ်းအမျိုးသားတော်လှန်ရေးနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်နှိုးဆော်လိုက်ပါတယ်။
"လက်နက်အင်အား၊ လေယာဉ်အင်အား၊ သာလွန်အင်အားတွေနဲ့ လူထုကို ဖိစီးနှိပ်စက်နေပေမယ့်လို့ တိုင်းပြည်မှာ စစ်အုပ်စုက ကျဆုံးခန်းကို ရောက်တော့မှာဖြစ်ပါတယ်"
PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က သူတို့ပအိုဝ်းတိုင်းရင်းသားတွေဟာ ပဒေသရာဇ်စနစ်ဆိုးနဲ့ အာဏာရှင်စနစ်ဆိုးတွေ ပပျောက်ရေးအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်နေခဲ့ကြတယ်လို့ ပြောပါတယ်။
"ပအိုဝ်းအမျိုးသားမူကတော့ မတရားတဲ့စနစ်ဆိုးတွေ ဖျက်သိမ်းရာမှာ ပအိုဝ်းတွေက အင်အားစုတစ်ရပ်အနေနဲ့ ပါဝင်မယ်ဆိုတဲ့ မူဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေး၊ ဒီမိုကရေစီထွန်းကားရေးကို ဆောင်ရွက်မယ်ဆိုတာ ပအိုဝ်းအမျိုးသားရေးမူဖြစ်ပါတယ်။ အဲ့မူတွေက ဘာကြောင့် ပေါ်ပေါက်လာလဲဆိုတော့ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းအထိကို ရှမ်းပြည်မှာ ပဒေသရာဇ် စနစ်အောက်မှာ ရှိနေတယ်။ အဲ့ပဒေသရာဇ်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်ခဲ့ကြတယ်။ အဲဒီကြောင့်မို့လို့ အဲ့ဒီအတွေ့အကြုံအရ ကျွန်တော်တို့ တိုင်းပြည်မှာ မတရားတဲ့ စနစ်ဆိုးတွေကိုဖျက်သိမ်းတဲ့အခါမှာ ပအိုဝ်းအမျိုးသားတွေက အင်အားစုတစ်ရပ်အနေနဲ့ ပါမယ်ဆိုတဲ့ မူဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်မှု ဒုတိယတော်လှန်ရေး ထပ်မံဆင်နွှဲတယ်။ အဓိက တင်ပြချင်တာက ပအိုဝ်းမှာ အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးဟာ ပထမတော်လှန်ရေးနဲ့ ဒုတိယတော်လှန်ရေး ရှိတယ်။ပထမတော်လှန်ရေးကတော့ ပဒေသရာဇ်စနစ် ဆန့်ကျင်ရေးနဲ့ အတူ ပအိုဝ်း အမျိုးသားလွှတ်မြောက်မှု ပထမတော်လှန်ရေးကို ဆင်နွှဲခဲ့ကြတယ်။ ၁၉၄၉ မှာ။၁၉၆၆ ရောက်တဲ့ အခါကျတော့ ဗိုလ်ချုပ်နေဝင်းတို့ စစ်အာဏာသိမ်းပြီးတဲ့ အခါမှာ ပအိုဝ်းအမျိုးသားလွှတ်မြောက်မှု ဒုတိယတော်လှန်ရေးကို ပြန်ပြီးတော့ လက်နက်ကိုင် ပြီးပြန်ဆင်နွှဲရတယ်။ အဲ့ဒီအချိန်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးနဲ့ အတူဖြစ်ပါတယ်။ ဒါကြောင့် ဒီမတရားတဲ့ စနစ်ဆိုးတွေ ဖျက်သိမ်းဖို့ ပအိုဝ်းတွေက အင်အားစနစ်တစ်ရပ်အနေနဲ့ ပါမယ်ဆိုတာ အမျိုးသားရေး မူဖြစ်ခဲ့ပါတယ်။အဲဒီမူနဲ့အညီ ကျွန်တော်တို့ပအိုဝ်း ပြည်သူတွေရပ်တည်ကြဖို့ ပန်ကြားချင်တာ အဓိကဖြစ်ပါတယ်"
တစ်ဆက်တည်းမှာပဲ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် အဆုံးသတ်မယ့်ကာလကို စတင်ရောက်ရှိနေပြီလို့လည်း သူက ပြောပါတယ်။
"စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်မယ့် အလားအလာကောင်းတွေ ကျွန်တော်တို့ တွေ့နေရပြီ ဖြစ်ပါတယ်။ အထောက်အပံ့ကောင်းတွေလည်း ရရှိတော့မှာဖြစ်ပါတယ်။ အခုဆိုရင် စစ်အာဏာရှင်စနစ်က ပြိုကွဲလုနီးနီးဖြစ်ပြီးတော့မှ လက်နက်အင်အား၊ လေယာဉ်အင်အား၊ သာလွန်အင်အားတွေနဲ့ လူထုကို ဖိစီးနှိပ်စက်နေပေမယ့်လို့ တိုင်းပြည်မှာ စစ်အုပ်စုက ကျဆုံးခန်းကို ရောက်တော့မှာဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ နိုင်ငံတကာကလည်း စစ်အုပ်စုကို အသိအမှတ်ပြုမှုတွေဟာ သုည အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။ အခုကျွန်တော်တို့ အာဆီယံအဖွဲ့ကြီးကလည်း နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေဆက်ဆံဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ နိုင်ငံတကာ မိသားစုတွေရဲ့ဝန်းရံမှု အားပေးထောက်ခံမှုတွေလည်း ရရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စစ်အာဏာရှင်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတော်လှန်ရေးဟာ အောင်မြင်ကို အောင်မြင်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်"
မြန်မာ့အရေးလေ့လာသူ နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေဦးကြီးမြင့်ကလည်း ပအိုဝ်းတိုင်းရင်းသားတွေရဲ့ဒီမိုကရေစီလှုပ်ရှားမှုတွေကို ဂုဏ်ပြုရမှာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
"တိုင်းရင်းသားတွေနဲ့ NUG နဲ့ ကလည်း တော်တော်နားလည်မှုရနေပြီ။ နွေဦးတော်လှန်ရေးဟာ တိုင်းရင်းသားတွေရဲ တစ်ခဲနက်ထောက်ခံမှု ရလာပြီ။ အဲ့ဒီထောက်ခံမှုရနေတဲ့ အကြောင်းကိုလည်းပဲ အထောက်အထားတွေလည်း ပေါ်ထွက်နေပြီ။ ဦးခွန်မြင့်ထွန်းတို့ရဲ့ ကြေညာချက်ထွက်လာခြင်းဟာ တိုင်းရင်းသားတွေ ဘယ်လောက်လောက်ထောက်ခံနေတယ်ဆိုတာ နောက်ထပ်သက်သေပြတဲ့ ကြေညာချက်တစ်ခုလည်းဖြစ်တယ်လို့ ကျွန်တော် ဒီလိုလည်းပဲ ယူဆပါတယ်။ ဒါမို့လို့နွေဦးတော်လှန်ရေးဟာ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုနဲ့ ဧကန်မုချ အောင်ရမယ်လို့ ယုံကြည်ပါတယ်ဗျာ"

ခွန်မြင့်ထွန်း က သူတို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အပြည့်အဝ ချိတ်ဆက်ဆောင်ရွက်နေသလို တခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့လည်း စစ်ရေးအရ တညီတညွတ်တည်း ပူးပေါင်းနေပြီဖြစ်တယ်လို့ ပြောပါတယ်။
"အခု NUG ဘွန်းတို့၊ EOD တို့လို ဘဏ္ဍာငွေရှာဖွေတဲ့ ကိစ္စရပ်တွေမှာလည်း ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ထိုနည်းတူပဲ ပညာရေးကဏ္ဍ တွေမှာလည်း အွန်လိုင်းစာသင်ကျောင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဖွင့်လှစ်ပြီးဆောင်ရွက်နေပါတယ်။ ကျန်းမာရေးကိစ္စရပ်တွေမှာလည်း ထိုနည်းတူပဲ ပူးပေါင်းပြီးဆောင်ရွက်နေပါတယ်။ စစ်ရေးလှုပ်ရှားမှုအနေနဲ့ကတော့ တပ်နယ် ၁ ကတော့ သုဝဏ္ဏဘုံမိ သထုံဒေသက တပ်နယ် ၁ ဖြစ်ပါတယ်။ ဘားအံဒေသမှာတော့ တပ်နယ် ၂ ထားပြီးတော့ တပ်နယ် ၃ ကတော့ ရှမ်းကရင်နီနယ်စပ်မှာဖြစ်ပါတယ်။ တပ်နယ်သုံးခုစလုံးကတော့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူရပ်တည်ပြီး ဆောင်ရွက်ကြတာဖြစ်ပါတယ်။ စစ်ရေးကွပ်ကဲမှုကိုတော့ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ကျွန်တော်တို့ ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စစ်ရေးကွပ်ကဲမှုနဲ့ သွားနေကြတာဖြစ်ပါတယ်။ KNU ဒေသမှာဆိုရင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ရေးကွပ်ကဲမှုနဲ့ သွားပြီးတော့ ရှမ်းကယားနယ်စပ်မှာကတော့ ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးကွပ်ကဲမှုနဲ့ ကျွန်တော်တို့ ပူးတွဲပြီးဆောင်ရွက်နေပါတယ်"
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် ပအိုဝ်းအမျိုးသားအားလုံး ပူးပေါင်းကြမယ့် အချိန်ရောက်ပြီဖြစ်တယ်လို့လည်း ၇၃ နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့မှာ ဥိးခွန်မြင့်ထွန်းက ပြောကြားလိုက်ပါတယ်။