စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ ဖယ်ခုံဒေသခံ ၂ဝဝ ကျော် ပြန်မလွတ်သေး

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2024.11.21
စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ ဖယ်ခုံဒေသခံ ၂ဝဝ ကျော် ပြန်မလွတ်သေး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
Photo: Kayan Rescue Committee –KRC

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ဖယ်ခုံမြို့နယ် ပူချယ်ရွာကနေ ကောက်ရိတ်ပြီးပြန်လာတဲ့ အရပ်သား ၂ဝဝ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

သူတို့ကို လက်ရှိအချိန်ထိ ပြန်မလွှတ်သေးဘဲ ပင်လောင်းမြို့ အားကစားရုံမှာ ထိန်းသိမ်းထားတယ်လို့ Karenni Hope အဖွဲ့က အမည်မဖော်လိုတဲ့ မြေပြင်တာဝန်ခံက RFA ကိုပြောပါတယ်။ 

“ကျွန်တော်တို့ နောက်ဆုံး သိရသလောက်တော့ သူတို့ကို လူသားဒိုင်းကာအဖြစ် အသုံးပြုပြီးတော့ ဒီလိုမျိုး (စစ်ကြောင်း) ထိုးမယ်လို့တော့ ကျွန်တော်တို့ သုံးသပ်ထားတယ်” 

သူတို့ထဲက အယောက် ၂၀ လောက်ကတော့ ငွေပေးလိုက်တဲ့အတွက် ပြန်လွတ်လာတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။

“လောလောဆယ်ကတော့ ငွေကြေးနဲ့ တချို့ ပြန်လွတ်တဲ့သူရှိတယ်။ တချို့ကလည်း ဆက်ပြီး ထိန်းသိမ်းခံနေရတယ်။ အားလုံးကတော့ ပြည်သူလူထုတွေပါပဲ။ သာမာန်လုပ်ကိုင်စားသောက်နေတဲ့ တောင်သူလယ်သမားတွေဖြစ်တယ်”

စစ်ကြောင်းထိုးလာတဲ့ လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်တာ အကြိမ်တစ်ရာမက ရှိခဲ့တဲ့အပြင် တိုက်ပွဲနဲ့မဆိုင်တဲ့ ရွာတွေ၊ စစ်ရှောင်စခန်းတွေကိုလည်း တိုက်ခဲ့တယ်လို့  ကရင်နီအမျိုးသားများ ကာကွယ်‌ရေးတပ် KNDF က နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ဖယ်ခုံမြို့နယ် လအိရွာမှာရှိတဲ့ ဘန်ကောက်စစ်ဘေးဒုက္ခသည်စခန်း ကို စစ်ကောင်စီတပ်က လေကြောင်းလိုင်းကနေ ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အသက် ငါးဆယ်ကျော် အမျိုးသမီးတစ်ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် စစ်ကောင်စီ စစ်ကြောင်းဝင်လာတဲ့အတွက် ပင်လောင်း - ဖယ်ခုံ လမ်းတစ်လျှောက်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။ ဒါကြောင့် ထွက်ပြေးရင်း တစ်နေရာတည်းမှာ စုသွားတဲ့ ပြည်သူတွေကို ဖမ်းရတာ လွယ်သွားနိုင်တယ်လို့  ကရင်နီဒေသမှာ ကူညီနေတဲ့ ဦးနေမျိုးဇင် ကပြောပါတယ်။ 

“သူက  စုသွားအောင်လို့  နေရာအနှံ့ ပြန့်ကျဲနေတဲ့ စစ်ရှောင်တဲ့နေရာကို ဗုံးတွေနဲ့ လိုက်ကြဲတယ်။ စစ်ရှောင်တွေက ဟိုနားဒီနားစုပြီဆိုမှ သူတို့  အဲဒီလိုဝင်ဖမ်းတယ်။ ဖမ်းပြီးတော့မှ အခုလို ဝင်လာပြီဆိုရင် ပေါ်တာထမ်းခိုင်းတာ တစ်ခါတစ်လေကျရင် စစ်ယူနီဖောင်း အယောင်အဆောင် အတင်းဝတ်ခိုင်းပြီးတော့ ရှေ့ကနေ ပြီးတော့ လာခိုင်းတာ။ အဲဒီလိုမျိုး လူသားဒိုင်းပုံစံမျိုး ပေါ့နော်။ အယောင်အဆောင်လုပ်ပြီးတော့ စစ်ကြောင်းထိုးလာတာ။ သူတို့က လူမရှိတော့ဘူး။ လူမရှိ တော့ဘူးဆိုတော့ တိုက်ခိုက်ရတဲ့အဖွဲ့တွေက ပြည်သူပြည်သားလား ဖက်စစ်တပ်တပ်သားလား ဝေခွဲမရအောင် ဝေဝါး အောင်လုပ်နေတဲ့ ပုံစံတွေ ရှိနေပါတယ်”

တော်လှန်ရေးဘက်က လက်နက်ခဲယမ်းမီးကျောက်တွေ အားနည်းနေတာကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သူကပြောပါတယ်။

အခုလိုပြောဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ ဦးဇာနည်မောင်ကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။


ဆက်နွှယ်သောသတင်းများ

ဖယ်ခုံက စစ်ဘေးဒုက္ခသည်စခန်း ထပ်မံဗုံးကြဲခံရ

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အိမ်ငှားဈေးမြင့်လာပြီး စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေ

ဖယ်ခုံနဲ့ ပင်လောင်းနယ်စပ်မှာ တိုက်ပွဲကြောင့် လူထောင်ချီထွက်ပြေးနေရ


စစ်ကောင်စီ စစ်ကြောင်းဟာ မိုးဗြဲမြို့အခြေစိုက် ခမရ - ၄၂၂ တပ်ရင်းထဲ ရောက်နေပြီး ဖယ်ခုံ၊ မိုးဗြဲ နဲ့ လွိုင်ကော် လမ်းတစ်လျှောက်မှာ စစ်ကြောင်းထိုးလာနိုင်တယ်လို့ Karenni Hope အဖွဲ့က မြေပြင်တာဝန်ခံက ပြောပါတယ်။

“မိုးဗြဲက ခုလောလောဆယ် လွိုင်ကော်တပ်က ထွက်ပြီးတော့ မိုးဗြဲမှာလာကြိုမလား။ သူတို့ပဲ ဘယ်လို ထွက်လာမလဲ။ သူတို့ ထွက်လာကြည့်သေးတယ်။ ကျွန်တော်တို့ ရဲဘော်တွေနဲ့ တွေ့တော့ ပစ်ကြတယ်။ ပြီးတော့ သူတို့ ပြန်ဝင်သွားတယ်။ သူတို့ နောက်တစ်နည်းနဲ့ ထိုးမယ်လို့တော့ ကျွန်တော်တို့ သုံးသပ်ထားတယ်” 

အခုနိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းရော၊ ဒရုန်းနဲ့ပါ တိုက်ခိုက်တဲ့အတွက်ကြောင့် ရှစ်နှစ်အရွယ် က‌လေးတစ်ယောက်အပါအဝင် အရပ်သားပြည်သူ ခြောက်ယောက် သေဆုံးခဲ့ရပြီး ငါးယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။