မြို့ကြီးတွေမှာ လူငယ်တွေဖမ်းဆီးခံရမှု ဆက်တိုက်ကြုံနေရ

RFA Burmese
2024.12.31
မြို့ကြီးတွေမှာ လူငယ်တွေဖမ်းဆီးခံရမှု ဆက်တိုက်ကြုံနေရ ရန်ကုန်တိုင်း၊ လမ်းမတော်မြိုနယ်ရှိ လမ်းမတော်ပွဲစျေးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ပဲခူးမြို့တွေမှာ ညအချိန် လူငယ်တွေ ဖမ်းဆီးခံရတာတွေ ဆက်တိုက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီမြို့တွေမှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဖမ်းဆီးခံရတဲ့ လူငယ် ၂၅၀ ခန့် ရှိနိုင်တယ်လို့လည်း ပြောကြပါတယ်။

စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေက အရပ်ဝတ်တွေနဲ့ အိမ်စီးကားတွေကိုသုံးပြီး ညဘက်တွေဖမ်းဆီးမှုတွေ ရှိနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးဒေသခံ မျက်မြင်တစ်ဦးက RFA ကို ပြောပါတယ်။

"မာရှယ်လော မထုတ်တာတစ်ခုပဲ။ ရဲရော၊ စစ်ရော အထူးသဖြင့် ဆိုင်ကယ်တွေကို ရေလည်ငြိုးတာ။ တချို့တွေ ကြောက်တော့ ထွက်ပြေး။ ထွက်ပြေးရင် လိုက်ပြီးဖမ်းတယ်။ တချိုု့ကတော့ မနိုင်မနင်း ဆိုင်ကယ်ကြီးတွေ ယောက်ျားစီးဆိုင်ကယ်ကြီးတွေကျတော့ လဲတာပြုတာရှိတယ်။ အဲဒါကတော့ ဘယ်နားမှာလဲဆိုတော့ မန္တလေး ၆၂ လမ်း၊ သူနာပြုတက္ကသိုလ်ထောင့်မှာ လူငယ်တွေအများကြီး ဖမ်းထားတာ။ ည ၈ နာရီတောင် မထိုးသေးဘူး။ ဒီဇင်ဘာ ၂၃ ရက်ကလည်း မွှေတော်ကြည်ကုန်းမှာ သုံးယောက် ပါသွားတယ်"

အခုလိုဖမ်းဆီးမှုကြောင့် မန္တလေးမြို့ရဲ့ လူသွားလူလာများတဲ့ လမ်းမတွေမှာ ညနေပိုင်း အသွားအလာမရှိသလောက် နည်းသွားတယ်လို့လည်း ပြောပါတယ်။

ဒီဇင်ဘာတစ်လအတွင်းမှာ မန္တလေးမြို့မှာ အဖမ်းခံရသူ ရှစ်ဆယ်ခန့်ရှိတယ်လို့လည်း ဒေသခံတွေက ခန့်မှန်းကြပါတယ်။ လူငယ်တွေကို အခုလိုဖမ်းဆီးတာက စစ်မှုထမ်းခိုင်းဖို့အတွက် ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

ရန်ကုန်တိုင်း မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ သာကေတ၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ သန်လျင်မြို့နယ်တွေမှာလည်း ညအချိန် လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံရတာတွေရှိနေပြီး ဒီဇင်ဘာ တစ်လတည်းမှာ အဖမ်းခံရသူ ကိုးဆယ်ခန့်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အမျိုးသားတွေ ပစ်မှတ်ထားဖမ်းဆီးခံနေရတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦး က RFA ကို ပြောပါတယ်။

"မနေ့ညကဆို မင်္ဂလာတောင်ညွှန့်မှာ ဝင်ဖမ်းတယ်၊ ကလေးတွေကို။ အခုဟာက ညမထွက်အမိန့် သူတို့မထုတ်ထားတာတောင် ဘယ်သူမှ ညမထွက်လာကြတော့ဘူး။ အဲဒီတော့ ပျော်ပွဲရွှင်ပွဲတွေကိုလုပ်၊ လူငယ်တွေ ထွက်လာရင် အဲဒီလူငယ်တွေကို ဖမ်းမယ်။ ၁၈ နှစ်၊ ၃၅ ဆိုပြီး သတ်မှတ်ထားပေမဲ့ အခုက ၁၈ နှစ်၊ ၃၅ မဟုတ်တော့ဘူး။ ၁၈ နှစ်၊ ၄၅ လည်းဖမ်းတယ်။ လုပ်ရည်ကိုင်ရည်ရှိတဲ့သူဆို ဖမ်းတယ်။ တပ်က ကားနဲ့လည်း လာဖမ်းတာမဟုတ်ဘူး။ ရဲကားနဲ့လည်း လာဖမ်းတာမဟုတ်ဘူး။ အိမ်စီးကားတွေနဲ့ ဖမ်းနေကြတာ"

ပဲခူးတိုင်းက ဖြူး၊ တောင်ငူ၊ ရေတာရှည်နဲ့ ညောင်လေးပင် မြို့တွေမှာလည်း ဒီဇင်ဘာတစ်လအတွင်း ဒေသခံ အမျိုးသား ခုနစ်ဆယ်ခန့် ဖမ်းဆီးခံခဲ့ရပြီး သူတို့ကို ပဲခူးအခြေစိုက် တပ်မ (၇၇) ထဲကို ပို့ဆောင်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အရင်တုန်းကဆိုရင်တော့ ၈ နာရီလောက်အထိတော့ သွားလာနေကြတယ်။ အခု ၇ နာရီ၊ ၈ နာရီလောက်ဆို လူငယ်တွေ တော်တော်များများ အပြင်မှာမရှိတော့ဘူး"

ဒါကြောင့် အခုဆိုရင် လမ်းမကြီးတွေမှာ ညအချိန် လူအသွားအလာတွေ သိပ်မရှိတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပဲခူး ဒေသခံတစ်ဦးက ပြောပါတယ်။

"အရင်ကဆိုရင် ပိုက်ဆံပေးလို့ရတယ်။ အခုပိုက်ဆံပေးလို့ မရတော့ဘူး။ ညဘက်တွေဆို လုံးဝမထွက်သလောက် ဖြစ်သွားပြီ။ အရင်တုန်းကဆိုရင်တော့ ၈ နာရီလောက်အထိတော့ သွားလာနေကြတယ်။ အခု ၇ နာရီ၊ ၈ နာရီလောက်ဆို လူငယ်တွေ တော်တော်များများ အပြင်မှာမရှိတော့ဘူး။ ပလတ်စတစ်ကောက်တဲ့သူတွေ၊ ကြွက်ထိုးသမားတွေ၊ ငါးရှဉ့်ဖမ်းတဲ့သူတွေပဲ အပြင်မှာရှိတော့တယ်"

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာတော့ စစ်ကောင်စီက အရင်ကထက် စစ်ဆေးရေးပိုတင်းကျပ်နေသလို ဒီဇင်ဘာလအတွင်း လူငယ် နှစ်ဆယ်ကျော်ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈) ဖွင့်လှစ်

ဆိုးဝါးလာတဲ့ အဓမ္မ စစ်သားစုဆောင်းမှု

စစ်မှုထမ်းဥပဒေကပေးတဲ့ ဒုက္ခတွေနဲ့ ၂၀၂၄


လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေကြားပါဘူး။

နေပြည်တော်အခြေစိုက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးက တာဝန်ရှိသူတစ်ဦးကတော့ စစ်မှုထမ်းဖို့အတွက် တရားမဝင်နည်းလမ်းနဲ့ လူသစ်စုဆောင်းဖို့ ညွှန်ကြားထားတာမရှိဘူးလို့ တုံ့ပြန်ပါတယ်။

"အဲဒီလိုထွက်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ဘက်ကနေမှ အဲဒီလိုမျိုးကိစ္စတွေကို ညွှန်ကြားထားတာမရှိဘူး။ ကျွန်တော်တို့က တိုင်းနဲ့ ပြည်နယ်အားလုံးကိုလည်း ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ပါဝင်တဲ့အတိုင်း ဆင့်ခေါ်ရမဲ့ပုံစံတွေ ရှိတယ်လေ။ အဆင့်ဆင့် ဥပဒေနဲ့အညီ ဆင့်ခေါ်ဖို့ပဲ ညွှန်ကြားတယ်။ ဒီလိုဟာတွေ ရှိလာခဲ့တယ်ဆိုရင် ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ကို အချက်အလက် တိတိကျကျလေးနဲ့ ပြည်သူလူထုက ဝိုင်းဝန်းပါဝင်ပြီးတော့ သတင်းပေးပါ။ တိုင်ကြားပေးပါ။ အဲဒီလိုဆိုရင် ပြောလာတဲ့နေရာကို တစ်ခါတည်း တန်းပြီးတော့ စိစစ်မယ်၊ အရေးယူဖို့လည်း အသင့်ရှိတယ်"

နေပြည်တော်ကောင်စီနယ်မြေရှိ သင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၈) သင်တန်းတက်ရောက်သူများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Telegram/ ည်သူ့စစ်မှုထမ်းများ စုစည်းရာ)
နေပြည်တော်ကောင်စီနယ်မြေရှိ သင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၈) သင်တန်းတက်ရောက်သူများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Telegram/ ည်သူ့စစ်မှုထမ်းများ စုစည်းရာ)

လက်ရှိအချိန်အထိ စစ်မှုထမ်းအပတ်စဉ်တစ်ခုကို လူငါးထောင်နှုန်းနဲ့ အပတ်စဉ် (၈) အထိ လူလေးသောင်းကို စစ်မှုထမ်းဖို့ခေါ်ဆောင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အခုလို လူငယ်တွေကို အတင်းအကျပ် ဖမ်းဆီးခေါ်မှုတွေက ဥပဒေစိုးမိုးမှုမရှိတာကို ပြသနေတာလို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ဝေဖန်ပါတယ်။

"ဘယ်လိုလုပ် တရားဝင်မှာလဲဗျာ။ ဥပဒေက ဥပဒေပဲ။ ပြည်သူ့စစ်မှုထမ်းဥပဒေထဲမှာ အသေးစိတ် ပြဋ္ဌာန်းထားပြီးသားပဲလေ။ စစ်မှုထမ်းဆင့်ခေါ်ဖို့ ဘာတွေလိုအပ်လဲ၊ ဘာတွေလုပ်ရမယ်၊ ဘယ်အချိန်မှာ စစ်မှုထမ်းရမယ်ဆိုတာ ပါပြီးသားပဲ။ အတိအလင်း ပါပြီးသား။ အဆင့်ဆင့်အသေးစိတ် ပါပြီးသား။ အဲဒါတွေနဲ့ ဆန့်ကျင်ပြီးတော့မှ ဟိုနေရာမှာ ပေါ်တာဆွဲတယ်၊ ဒီနေရာမှာပေါ်တာဆွဲတယ် လုပ်နေတာက ဘယ်လိုမှ ဥပဒေနဲ့အညီ မဟုတ်ဘူး။ ဒါ ဥပဒေနဲ့ မညီညွတ်ဘဲ ဥပဒေကို ဆန့်ကျင်ပြီးတော့မှ မိမိဆန္ဒရှိတဲ့အတိုင်း ငါလုပ်ချင်ရာ လုပ်မယ်ကွာဆိုတဲ့ သဘောနဲ့ လုပ်နေတာလို့ပဲ မြင်တယ်"

ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ မူလရည်ရွယ်ချက်ဟာ ပြည်တွင်းမှာ နိုင်ငံသား အချင်းချင်း တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာမဟုတ်ဘဲ ပြည်ပက ကျူးကျော်စစ်ကို ခုခံကာကွယ်ဖို့အတွက်လို့ သူက ထောက်ပြပါတယ်။

စစ်ကောင်စီရဲ့ အတင်းအကျပ် ဖိအားပေးစစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့ လူငယ်တွေထဲက တချို့ဟာ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကယားနဲ့ ရခိုင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက တိုက်ပွဲတွေမှာ သေဆုံးတဲ့အထဲပါဝင်ပြီး တော်လှန်ရေးအင်အားစုတွေဆီကို ထွက်ပြေးခိုလှုံကြသူတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။