နိုင်ငံတကာလူငယ်များနေ့ မဲဆောက်မှာကျင်းပ

RFA Burmese
2024.08.12
နိုင်ငံတကာလူငယ်များနေ့ မဲဆောက်မှာကျင်းပ ထိုင်းနိုင်ငံ မဲဆောက်မြို့ The Space Learning Center မှာ ဩဂုတ်လ ၁၂ ရက်နေ့ကကျင်းပသည့် နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားကို တွေ့ရစဉ်။
RFA

စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်လာကြတဲ့လူငယ်အဖွဲ့အစည်းတွေစုပေါင်းပြီး (International Youth Day) နိုင်ငံတကာလူငယ်များနေ့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့ The Space Learning Center မှာ ဩဂုတ်လ ၁၂ ရက် ညနေက ကျင်းပခဲ့ပါတယ်။

International Youth Day ကို နိုင်ငံတကာမှာကျင်းပလာတာ ၁၄ နှစ်ရှိပြီဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ကုလသမဂ္ဂရဲ့ဆောင်ပုဒ်ကတော့ “နည်းပညာလမ်းကြောင်းကနေတဆင့် ရေရှည် တည်တံ့တဲ့ ကမ္ဘာတစ်ခုကိုဖန်တီးစို့’’ လို့ဆိုထားပါတယ်။

နယ်စပ်ဒေသရောက်လူငယ်တွေကို စိတ်ခွန်အားပေးဖို့အတွက် စီစဉ်ဖြစ်တာလို့ ပွဲစီစဉ်သူတစ်ဦးဖြစ် တဲ့ လူငယ့်ဂိုဒေါင်အဖွဲ့က မဒီဘိုရာက ရှင်းပြပါတယ်။

“ဒီနေ့လာတဲ့လူငယ်တွေကို ခွန်အားပေးချင်တာက ဒီမှာ နယ်စပ်ဒေသမှာရောက်လာကြတယ်ဆို တော့ ကျွန်မတို့မှာ စိတ်ဒဏ်ရာတွေအများကြီးရှိတယ်၊ ဒါပေမယ့် စိတ်ဓာတ်ကျစရာမလိုဘူး၊ ဒီမှာရှိ ကြတဲ့အဖွဲ့အစည်းတွေဆုံပြီးတော့မှ လူငယ်တွေချည်းပဲမဟုတ်ဘူး ဒီနေ့ပွဲမှာလည်းလူကြီးတွေအများ ကြီးလာတယ်၊ သူတို့ဆီကအားပေးတဲ့ဟာတွေလည်းကြားရတဲ့အတွက် ဒါမျိုးတွေများများလုပ်ပေး ခြင်းအားဖြင့် ကျွန်မတို့ ဒီထက်ပိုပြီးတော်လှန်ရေးမှာ အားစိုက်နိုင်မယ်လို့ယုံကြည်ပါတယ်’’

စစ်ကောင်စီကိုတော်လှန်နေတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူငယ်တွေ၊ တောထဲမှာလက်နက်ကိုင် တိုက်ပွဲဝင်နေကြတဲ့လူငယ်တွေ၊ စစ်မှုထမ်းဥပဒေကြောင့် ရှောင်တိမ်းလာကြတဲ့လူငယ်တွေ၊ နိုင်ငံရေးကြောင့် မိဘတွေနဲ့အတူရှောင်တိမ်းလာကြတဲ့လူငယ်တွေကို သူတို့ရဲ့စိတ်ဒဏ်ရာတွေ ဖြေဖျောက်ပေးဖို့ ကျင်းပတာလို့ ပွဲစီစဉ်သူတွေက ပြောကြပါတယ်။

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံအတွက် လူငယ်တွေဖက်ကလည်း နည်းပညာကိုအသုံးချပြီး အသင့်ဖြစ်နေပြီလို့ The Space Learning Center က ကိုမင်းခန့်က ဆိုပါတယ်။

“နိုင်ငံ့ရဲ့အရွေ့တစ်ခုမှာပေါ့နော် လူငယ်တွေကနေပြီးတော့ အဲဒီအရွေ့ထဲမှာပါဝင်ပြီး နည်းပညာကို ကဏ္ဍတစ်ခုအနေနဲ့အသုံးချပြီး ကျွန်တော်တို့အားလုံးရဲ့တိုးတက်ရေး၊ အနာဂတ်အသစ်ကို ပုံဖော်နေကြတယ်ပေါ့နော်၊ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်ကိုယ်တိုင်လည်း လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ယုံကြည်တယ်၊ ရေရှည်တည်တံ့တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့နည်းပညာကို အသုံးပြုပြီးတော့ ကျွန်တော်တို့ရဲ့နိုင်ငံတော်အတွက်ကို ကျွန်တော်တို့လူငယ်တွေ အသင့်ဖြစ်နေကြလိမ့်မယ်လို့ ယုံကြည်ပါတယ်’’

စစ်ကောင်စီရဲ့ဖိနှိပ်တာခံနေရတဲ့လူငယ်တွေအတွက် ပညာရေး၊ နည်းပညာ၊ အားကစားနဲ့ စိတ်ဒဏ်ရာတွေကိုကုစားပေးဖို့ စတာတွေကို မဲဆောက်မြို့ရောက်လူငယ်အဖွဲ့အစည်းတွေက လုပ်ဆောင်ပေးနေတယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ The Space Learning Center မှာ ဩဂုတ်လ ၁၂ ရက် ညနေကကျင်းပသည့် နိုင်ငံတကာလူငယ်များနေ့အခမ်းအနားကို တွေ့ရစဉ်။ (Photo : RFA)
ထိုင်းနိုင်ငံ မဲဆောက်မြို့ The Space Learning Center မှာ ဩဂုတ်လ ၁၂ ရက် ညနေကကျင်းပသည့် နိုင်ငံတကာလူငယ်များနေ့အခမ်းအနားကို တွေ့ရစဉ်။ (Photo : RFA)

သူများတိုင်းပြည်မှာခိုလှုံနေကြရတဲ့အချိန်မှာ လူငယ်တွေအတွက် အခွင့်အလမ်းအသစ်တွေရလာကြလို့ ဂုဏ်ယူမိတယ်လို့ PDF လူငယ်တစ်ဦးဖြစ်တဲ့ ရဲဘော်ကျီးကန်းက မှတ်ချက်ပြုပါတယ်။

“လူငယ်ဆိုတာက အနာဂတ်တွေရှိတယ်၊ အိပ်မက်တွေရှိကြတယ်၊ သူတို့ရဲ့အိပ်မက်အသီးသီးဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် အကြောင်းအမျိုးမျိုးနဲ့ပေါ့နော်၊ ပျက်စီးလာခဲ့ရတယ်၊ ဒါပေမယ့် ဒီဖက်ကို စစ်ဘေးရှောင်လာရင်းနဲ့ စစ်မှုထမ်းဥပဒေကို ရှောင်လာရင်းနဲ့ အကြောင်း အမျိုးမျိုးကြောင့်ရောက်ရှိလာကြတဲ့လူငယ်တွေဟာ မဲဆောက်မှာပြုလုပ်တဲ့ International Youth Day နဲ့ပတ်သက်ပြီးတော့ သူတို့မှာပညာရေးဆိုင်ရာ အခွင့်အလမ်းတွေရရှိလာတယ်၊ အချိန်အားဖြင့် အခိုက်အတန့်လေး သူတို့အနေနဲ့စိတ်ပျော်ရွှင်မှုရတယ်၊ အပေါင်းအသင်းတွေတိုးလာတယ်၊ ဗဟုသုတတွေ တိုးတက်လာတယ်ဆိုတာ ကောင်းသောပြောင်းလဲခြင်းပေါ့နော်၊ ကောင်းသောအပြုသဘောဆောင်တဲ့ အရွေ့တစ်ခုဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အများကြီးဝမ်းသာပါတယ် ဂုဏ်ယူပါတယ်’’

အဲဒီပွဲကို မဲဆောက်မြို့ရောက် လူငယ်နှစ်ရာကျော်လာရောက်ကြပြီး စကားဝိုင်းဖွဲ့ပြောဆိုတာ၊ ပန်းချီတွေခင်းကျင်းပြသထားတာ၊ ဂိမ်းကစားတာ တေးဂီတဖျော်ဖြေကြတာတွေအပြင် လက်မှုအသုံး အဆောင်တွေနဲ့ မြန်မာအစားအစာတွေကိုပါ စျေးရောင်းပွဲအဖြစ် ကျင်းပခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။