စစ်မှုထမ်းဥပဒေကပေးတဲ့ ဒုက္ခတွေနဲ့ ၂၀၂၄

RFA Burmese
2024.12.24
စစ်မှုထမ်းဥပဒေကပေးတဲ့ ဒုက္ခတွေနဲ့ ၂၀၂၄ စစ်မှုထမ်းရန် မဲပေါက်ထားသူများကို နေပြည်တော် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ကတွေ့ရစဥ်။
Telegram / Pyi Thu Sitt

စစ်ကောင်စီက လွန်ခဲ့တဲ့ ၂၀၁၀ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းလိုက်ပြီးနောက် ၂၀၂၄ ခုနှစ်ဟာ မြန်မာလူငယ်တွေနဲ့ မိသားစုတွေအတွက် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ဒုက္ခပင်လယ်ဝေတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ရပါတယ်။

◼ စစ်မှုထမ်းဥပဒေကို ဘာကြောင့် အသက်သွင်းခဲ့သလဲ

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် အုံကြွဆန့်ကျင်မှုတွေနဲ့အတူ ပြည်သူတွေရဲ့ လက်နက်ကိုင်တော်လှန်မှုတွေ နေရာအနှံ့ ပေါ်ပေါက်လာခဲ့တာပါ။ နိုင်ငံတစ်ဝန်းမှာ စစ်မျက်နှာတွေ တဖြည်းဖြည်း များလာပြီး စစ်ကောင်စီဘက်က နယ်မြေဆုံးရှုံးမှုတွေ၊ စစ်သည်အင်အား လိုအပ်ချက်တွေ မြင့်မားလာတာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလျင်အမြန် အကောင်အထည်ဖော်ခဲ့တာလို့ ထိုင်းနိုင်ငံအခြေစိုက် ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ (BACS) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။

“ပြုန်းတီးနေတဲ့ စစ်သည်အင်အားကို ပြန်ဖြည့်ဖို့အတွက် ဖြစ်ပါတယ်”

စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်မှုထမ်းဆင့်ခေါ်ရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် စစ်မှုထမ်းအတွက် လူစာရင်း ကောက်တာ၊ မဲနှိုက် ရွေးချယ်တာတွေ ဆက်တိုက်လုပ်ဆောင်ပြီး ဧပြီလမှာ စစ်မှုထမ်းအပတ်စဥ် (၁) သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့စဥ်။ (Telegram/Pyi Thu Sitt)
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့စဥ်။ (Telegram/Pyi Thu Sitt)

အလားတူ စစ်တပ်ကနေ အငြိမ်းစား ယူထားသူတွေကို ပြန်ပြီးစစ်မှုထမ်းခိုင်းမဲ့ အရန်တပ်ဖွဲ့ ဥပဒေကိုပါ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပြဋ္ဌာန်းပြီး ဆက်လက်အကောင်အထည် ဖော်ခဲ့ပါတယ်။

ဒီဥပဒေကို ပြဋ္ဌာန်းရတာကိုက ပြုန်းတီးနေတဲ့ စစ်သည်အင်အားကို ပြန်ဖြည့်ဖို့အတွက် ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။

“သူ့စစ်အင်အားတွေ ပြုန်းတီးလာတယ်။ သေတာတွေ တိုက်ပွဲကျတာတွေ ထွက်ပြေးတာတွေ နောက်ပြီးတော့ အသက်ကြီးတဲ့သူတွေ ထွက်ခွင့်ပေးလိုက်တာတွေ ဒီလိုပေါ့ ပြုန်းတီးအင်အားလို့ ခေါ်တဲ့ဟာတွေက တဖြည်းဖြည်း ပြုန်းတီးလာတဲ့အခါကျတော့ သူ့မှာ စစ်အင်အားတွေ လိုလာတယ်။ အင်အားလိုတော့ ဒီအင်အားတွေကို အမြန်ဖြည့်ဆည်းဖို့ဆိုရင် ဒီစစ်မှုထမ်းဥပဒေတို့ နောက်တစ်ခုက အရန်စစ်မှုထမ်းဥပဒေတို့ ဆိုတာ ရှိသေးတယ်။ ဒါမျိုးတွေနဲ့ သူကနေပြီးတော့မှ အမြန်ပြဋ္ဌာန်းပြီး သူ့ရဲ့စစ်အင်အားကို ဖြည့်ဆည်းရတဲ့ သဘောပဲပေါ့”

နိုင်ငံတော်ကို ကာကွယ်ရေးအတွက် စစ်ပညာသင်ကြားဖို့ဆိုတာထက် စစ်တပ်ရဲ့ အင်အားလိုအပ်ချက်ကို အလျင်အမြန်ဖြည့်ဖို့ ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တာလို့ သူကပြောပါတယ်။

◼ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ သိန်းနဲ့ချီ ထွက်ပြေးခဲ့ရ

စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား သိန်းနဲ့ချီတဲ့ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ BACS အဖွဲ့ရဲ့ သုတေသနတာဝန်ခံ ကိုမင်းထက်အောင်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ စောင့်ကြည့်မှုအရ တိုင်းပြည်ကို စွန့်ခွာဖို့ ကြိုးစားနေတဲ့ လူဦးရေက သိန်းနဲ့ချီနေတာကို တွေ့ရတယ်ပေါ့။ ဥပမာ “ထိုင်းသံရုံးမှာဆိုရင် စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက်ပိုင်းမှာ ဗီဇာလာလျှောက်တဲ့သူတွေ တအားများ လာတဲ့အတွက် တစ်ရက်ကို အယောက် ရှစ်ရာနှုန်းနဲ့ လုပ်ပေးနေတာပေါ့နော်။ အခုဆို အဲဒီလိုလုပ်ပေးနေတာ ရက်ပေါင်းနှစ်ရာ ကျော်သွားပြီပေါ့။ အခုထိကို လျော့မသွားသေးဘူး”

ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန် ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဥ်။ (RFA Photo)
ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန် ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဥ်။ (RFA Photo)

လူငယ်တွေဟာ ထိုင်းနိုင်ငံ အပါအဝင် တခြား ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေကို နည်းမျိုးစုံနဲ့ သွားဖို့ ကြိုးပမ်းနေကြတယ်လို့လည်း ဆိုပါတယ်။

“စစ်မှုထမ်းဥပဒေကြောင့် ၂၀၂၄ ဟာ အဆိုးရွားဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ရပါတယ်”

အခုလို တရားဝင် နည်းလမ်းနဲ့ သွားတဲ့သူတွေ ရှိသလို စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် ရတဲ့နည်းနဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ လူငယ်တွေလည်း ရှိကြတာပါ။ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အဖမ်းခံရတဲ့လူငယ်တွေ ထောင်နဲ့ချီ ရှိခဲ့တယ်လို့ ကိုမင်းထက်အောင်က ပြောပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် ၂၀၂၄ ဟာ အဆိုးရွားဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ရတယ်လို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ မြန်မာလူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်မှုထမ်းဥပဒေက ကျွန်တော်တို့ ဘဝကို ဘယ်လောက်အထိ သက်ရောက်မှု ပြင်းထန်ခဲ့လဲဆိုတော့ စုတ်ပြတ်သတ်သွားတဲ့အထိပဲပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ ဟိုအခြေတကျနဲ့ တည်ငြိမ်နေတဲ့ လူငယ်တစ်ယောက်က သူများနိုင်ငံမှာ တောင်းမစားရုံတမယ်ပဲ ဖြစ်သွားတယ်ပေါ့ အဲဒီလောက်အထိပဲ”

ပြည်ပကို နည်းလမ်းအမျိုးအမျိုးနဲ့ ထွက်ပြေးတိမ်းရှောင်တဲ့သူတွေ ရှိသလို ပြည်တွင်းထဲမှာ ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိပါတယ်။

ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့ကို ထွက်ပြေးလာတဲ့ လူငယ်တစ်ဦးက စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်ပေမဲ့ စစ်မှုထမ်းဖို့ လုံးဝ ဆန္ဒမရှိဘူးလို့ RFA ကို ပြောပါတယ်။

“စစ်သားဦးရေ လိုအပ်ချက်အရ ထုတ်ပြန်လိုက်တဲ့ ဥပဒေလို့တော့ သိထားတယ်ပေါ့။ တော်တော်များများကတော့ ရှောင်လွှဲနေကြတယ်ပေါ့။ ဆန္ဒမရှိကြဘူးပေါ့နော်။ တော်တော်များများကတော့ ပြည်ပထွက်တဲ့သူ ထွက်နဲ့ တော်တော်များများ ရှောင်လွှဲဖို့အတွက်ပဲ တစ်နည်းမဟုတ်တစ်နည်းနဲ့ ကြိုးစားနေကြတယ်ပေါ့နော်”

သူ့အနေနဲ့ ရပ်ဝေးမှာ ဖြစ်သလို နေထိုင်စားသောက်ပြီး စစ်မှုမထမ်းရရေးအတွက် ရတဲ့နည်းနဲ့ရှောင်လွှဲဖို့ ကြိုးစားနေရတယ်လို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေဟာ လူငယ်တွေရဲ့ အနာဂတ် မျှော်လင့်ချက်တွေအတွက် အတားအဆီး တစ်ရပ်ပဲလို့ စစ်မှုထမ်း ဥပဒေကြောင့် နေရပ်ဖြစ်တဲ့ မွန်ပြည်နယ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီဥပဒေကတော့ ကျွန်တော့်အမြင်နဲ့ကြည့်ရင် မကောင်းဘူးပေါ့၊ ကြိုက်လည်း မကြိုက်ပါဘူး။ ကိုယ့်လုပ်ပိုင်ခွင့်ကို တားဆီးတယ်လို့ ထင်တယ်လေ။ ဒီဟာက နိုင်ငံအတွက် ဆိုပေမဲ့လည်း ကိုယ်လုပ်ချင်ရင်တော့ အစကတည်းက လုပ်ပါပြီ။ အဲဒါကျ ဘယ်လိုပြောရမလဲ အများကြီး တားဆီးတာပေါ့”

စစ်မှုထမ်းဖို့ စုဆောင်းခံရပြီးနောက် တချို့က စွန့်စားထွက်ပြေးကြသူတွေရှိသလို တချို့ကလည်း ထွက်ပြေးပြီးနောက် ပြန်လည် အဖမ်းခံရတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး KNU နယ်မြေအတွင်း ထွက်ပြေးလွတ်မြောက်လာသည့် လူငယ် ၂၇ ဦးအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Kwe Ka Lu News Photo)
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး KNU နယ်မြေအတွင်း ထွက်ပြေးလွတ်မြောက်လာသည့် လူငယ် ၂၇ ဦးအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Kwe Ka Lu News Photo)

ဒါနဲ့ပတ်သက်လို့ BACS အဖွဲ့အနေနဲ့ လုံလောက်တဲ့ စာရင်းကောက်ယူမှု မလုပ်နိုင်ပေမဲ့ သတင်းမီဒီယာတွေရဲ့ဖော်ပြချက်နဲ့ လက်လှမ်းမီသလောက် အတည်ပြုထားတဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဖို့ ရွေးချယ်ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်သူ ငါးရာထက်မနည်း ရှိနိုင်တယ်လို့ BACS က ပြောပါတယ်။

အညာဒေသက လူငယ်တစ်ဦးဖြစ်တဲ့ ကိုကျော်ကြီးကတော့ စစ်မှုထမ်းသင်တန်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုထဲကို ဝင်ရောက်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ဒီဘက်တွေက နဂိုကတည်းကလည်း ဒီစစ်မှုမထမ်းချင်ဘူးဗျာ။ သူတို့ပုံစံကိုလည်း မကြိုက်ဘူး။ မကြိုက်တဲ့အတွက် ဒီလိုမျိုးလည်း ရည်ရွယ်ထားတာတော့ ရှိတယ်ပေါ့။ ဒီလိုမျိုး လုပ်ဖို့လည်း တော်လှန်ဖို့လည်း အခုကျတော့ ပိုပြီးတော့မှ လုပ်ဖြစ်သွားတာပေါ့။ ပိုဆိုးသွားတာပေါ့”

◼ စစ်ကောင်စီ ဝါဒဖြန့်မှုနဲ့ လက်တွေ့ ကွဲလွဲ

နိုင်ငံသားတိုင်းဟာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းဖို့ တာဝန်ရှိတာကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းရတာလို့ ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း စစ်မှုထမ်းဥပဒေနဲ့ သင်တန်းဆင်းလာသူတွေဟာ လက်နက်ကိုင်ပြီး စစ်တိုက်ဖို့ တစ်ခုတည်းအတွက် မဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ MRTV နိုင်ငံပိုင် ရုပ်သံကနေတစ်ဆင့် ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ သင်တန်းပြီးစီးရင် အဓိက ကတော့ မိမိတို့ရပ်ရွာဒေသမှာရှိတဲ့ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့တွေမှာသာ တာဝန် ထမ်းဆောင်စေဖို့အတွက် ရည်ရွယ်ပါတယ်။ အဓိကက စစ်တိုက်ဖို့ ဆိုတာထက် လုံခြုံရေး၊ ကာကွယ်ရေးအမြင်တွေနဲ့ တာဝန်ထမ်းဆောင်ရမယ်”

ဒါပေမဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဥ် (၁) ပြီးဆုံးချိန်မှာပဲ သင်တန်းသားတွေ ရှေ့တန်း စစ်မြေပြင်ကို ပို့ဆောင်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ဆိုးဝါးလာတဲ့ အဓမ္မ စစ်သားစုဆောင်းမှု

တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်မှုထမ်းအကြောင်းပြပြီး ငွေကြေးကောက်ခံနေ

ညောင်ဦးမှာ စစ်မှုထမ်းသင်တန်းအတွက် အရပ်သား တစ်ရာဝန်းကျင် ဖမ်းဆီးခံရ


စစ်မှုထမ်း အပတ်စဥ် (၁) သင်တန်းဆင်းတစ်ဦးရဲ့ဖခင်က သူ့သားဟာ ပြီးခဲ့တဲ့ သြဂုတ်က ရှမ်းပြည်နယ်က ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံရပြီးနောက် ဒီနေ့အထိ အဆက်အသွယ် မရတော့ဘူးလို့ RFA ကို ပြောပါတယ်။

“ဖအေတစ်ယောက်ရဲ့ ခံစားချက်ကတော့ ဘယ်လိုနှိုင်းဆလို့ရမလဲဗျာ။ သားတစ်ယောက် ကိုယ့်ရင်ဘတ်ကြီးထဲကနေ ဆွဲထုတ်သွားတဲ့ကိစ္စကြီးကို ခံစားရတာပေါ့။ သေလား ရှင်လား မသိတဲ့ကိစ္စကြီး အိမ်မှာတောင်မှ ကျွန်တော်တို့တွေက သူ့အတွက် ကုသိုလ်ကောင်းမှုတွေ ရက်လည်တွေ ဘာတွေ ကျွန်တော်တို့ လုပ်ရတာလေ၊ စဥ်းစားကြည့်ပေါ့။ မိဘတစ်ယောက်ရဲ့ ခံစားမှု ဘယ်လောက်ရှိလဲဆိုတာ ဟုတ်တယ်မလား”

သားဖြစ်သူ တာဝန်ကျတဲ့ တပ်ရင်းက စစ်ကောင်စီတပ် အရာရှိတွေကို ဆက်သွယ်စုံစမ်းရာမှာ သူ့သားဟာ သေဆုံးတာမဟုတ်ဘဲ ပျောက်ဆုံးနေတာလို့သာ အကြောင်းပြန်ခဲ့ကြတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းတွေကို အခြေအနေ သုံးမျိုးနဲ့ တာဝန်ပေးနေတာ တွေ့ရတယ်လို့ BACS က သုတေသနတာဝန်ခံ ကိုမင်းထက်အောင်က RFA ကို ပြောပါတယ်။

“အပတ်စဥ် (၁) နဲ့ (၂) တုန်းကဆိုရင် ရှမ်းမြောက်က စစ်ရေး ပြင်းထန်နေတယ်။ ရမခကို အသည်းအသန် ကာကွယ်နေရတဲ့အချိန်ဖြစ်တော့ အဲဒီဘက်ကို အများအပြားပို့တာကို တွေ့ရတယ်။ ပြီးတော့ ဒီရခိုင်ဘက်ကို ပို့တာကိုလည်း တွေ့ရတယ်ပေါ့။ မွန်၊ ကရင်၊ တနင်္သာရီဘက်တွေကိုလည်း ပို့တာကို တွေ့ရတယ်ပေါ့။ အရေအတွက်တွေ ရာခိုင်နှုန်း အတိအကျပြောဖို့တော့ ခက်တယ်ပေါ့။ နောက်အခြေအနေတစ်ခုကတော့ လုံခြုံရေး ကင်းစခန်းတွေမှာ ဂိတ်တွေမှာ စောင့်ခိုင်းတဲ့ အခြေအနေတစ်ခုရှိတယ်။ အခု နောက်တစ်ခုကကျတော့ နောက်ပိုင်းမှာဆိုရင် သင်တန်းဆင်းတွေကို တပ်ရင်းတချို့ကို ပို့ထားတယ်ပေါ့။ လတ်တလောမှာ တပ်ရင်းတချို့ကို ပို့ထားပြီးတော့ အခုပွင့်လင်းရာသီမှာ အသိမ်းခံရတဲ့နယ်မြေတွေကို သူတို့ပြန်သိမ်းဖို့ ပြင်နေတာ ရှိတယ်ပေါ့နော်”

ဗိုလ်ချုပ် ဇော်မင်းထွန်းက လူငယ်တွေကို ကိုယ့်အရပ်ဒေသမှာပဲ တာဝန်ပေးမယ်လို့ ပြောခဲ့ပေမဲ့ လက်တွေ့မှာတော့ တကယ့် အန္တရာယ်ရှိတဲ့နေရာတွေမှာ စစ်မှုထမ်းနေရတယ်လို့ ကိုမင်းထက်အောင်က ဆိုပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသုံးချပြီး ကိုယ့်တိုင်းရင်းသားအချင်းချင်း ပြန်တိုက်ခိုင်းချင်တာမျိုးဆိုရင်တော့ ဒီလုပ်ရပ်ဟာ လွဲမှားနေဦးမှာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ထောက်ပြပါတယ်။

“ပြောရင်တော့ ဒီဟာသည် ရည်ရွယ်ချက်က နှစ်ခုပဲရှိတယ်။ တစ်ခုက တပ်မတော်ရဲ့ အရန်အင်အားဖြစ်ဖို့ အဓိက က တိုင်းတစ်ပါး နိုင်ငံတစ်ခုခုက ကျူးကျော်လာလို့ရှိရင် စစ်ရေးအရ အသင့်ရှိဖို့အတွက် စစ်စည်းရုံးဖို့အတွက် ဒီဥပဒေကို ပြဋ္ဌာန်းထားတာနော်။ သို့သော် အခုကျတော့ ဒီပြည်တွင်းစစ်မှာ ပြည်သူ့စစ်မှုထမ်း ခေါ်ပြီးတော့ ကိုယ့်ပြည်ထောင်စုသားအချင်းချင်း တိုင်းရင်းသားအချင်းချင်း ကိုယ့်ညီအစ်ကိုအချင်းချင်း ပြန်ပြီးတိုက်ခိုင်းတာကျတော့ ပြောရင်တော့ ဥပဒေကတော့ မှန်တယ်။ ရည်ရွယ်ချက်က မမှန်ဘူး လုပ်ရပ်မမှန်ဘူး”

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို နည်းဥပဒေ မထွက်ရှိသေးဘဲ အလျင်အမြန် ဖော်ဆောင်နေတာကြောင့် နည်းဥပဒေမှာ ဘယ်လိုအချက်အလက်တွေ ပါလာမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်နေတယ်လို့ သူက ပြောပါတယ်။

◼ ၂၀၂၄ အတွင်း စစ်မှုထမ်းဖို့ လူငယ် ဘယ်လောက် စုဆောင်းခံခဲ့ရသလဲ

စစ်ကောင်စီက စစ်မှုထမ်း အပတ်စဥ် (၁) အတွက် လူအင်အား စုဆောင်းခဲ့စဥ်က သူတို့အပြောအတိုင်း အနည်းငယ်တူညီအောင် ဆောင်ရွက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ လူအင်အားစုဆောင်းမှုဟာ အတင်းအဓမ္မ ပိုဆန်လာခဲ့တာ တွေ့ရတယ်လို့ BACS အဖွဲ့က ထောက်ပြပါတယ်။

စစ်မှုထမ်းသင်တန်းအတွက် လူငယ်တွေကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေဟာ အခုသီတင်းပတ်တွေအတွင်း သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရပါတယ်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၈) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့စဉ်။ (Myanmar Military Photo)
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၈) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့စဉ်။ (Myanmar Military Photo)

အခုဒီဇင်ဘာအတွင်း နောက်ဆုံး ဖွင့်လှစ်နေတဲ့ စစ်မှုထမ်းသင်တန်း အပတ်စဥ် (၇) အတွက်လည်း အတင်းအဓမ္မ စုဆောင်း ခံရသူတွေ ရှိခဲ့တယ်လို့လည်း မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာက ကချင်ပြည်နယ် ဖားကန့်ဒေသကို အလုပ်လုပ်ဖို့ ထွက်လာတဲ့ မကွေးတိုင်းက လူငယ်တစ်ဦးဟာ နတ်မောက်မြို့တစ်နေရာမှာ စစ်ကောင်စီတပ်သားတွေက စစ်မေးစရာ ရှိတယ်ဆိုပြီး အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရပါတယ်။ အခုတော့ သူဟာ ဗထူးမြို့က စစ်မှုထမ်း အပတ်စဥ် (၇) သင်တန်းထဲ ရောက်နေတယ်လို့ ဦလေး တော်စပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်ကတော့ ဖြစ်စေချင်တာကတော့ဗျာ၊ တရားဝင်အိမ်ကို ဆင့်စာနဲ့ ခေါ်တယ်ဆိုရင်တော့ ကျွန်တော်တို့ သက်သာခွင့်တွေ သူတို့ထည့်ရေးထားတဲ့ ပုံစံတွေနဲ့အတိုင်း သွားလို့ လာလို့ ရကောင်းရနိုင်မယ် ဒါမှမဟုတ် မလွှဲသာ မရှောင်သာ ကိစ္စမျိုးတွေ ဖြစ်လာရင်လည်း ဒါစီစဥ်လို့ တိုင်ပင်လို့ ရတယ်ဗျာ။ မိဘစိတ်ချမ်းသာချင် စိတ်ချမ်းသာအုံးမယ် အခုလိုမျိုး ဘာမပြော ညာမပြောနဲ့ မိဘနဲ့ အဆက်အသွယ် ပြတ်တောက်တဲ့ပုံစံကြီးနဲ့ ဆွဲခေါ်သွားတဲ့ ပုံစံမျိုးကြီးနဲ့ လုပ်တာကတော့ ကျွန်တော်လည်း တော်တော်လေးတော့ အဆင်မပြေဘူးပေါ့ဗျာနော်”

ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဥ်တစ်ခုမှာ လူဦးရေ လေးထောင်ခန့် စုဆောင်းခံခဲ့ရပြီး အပတ်စဥ် (၆) အထိ နိုင်ငံတစ်ဝန်းက လူငယ် နှစ်သောင်းခွဲခန့် စုဆောင်းခံခဲ့ရတယ်လို့ BACS အဖွဲ့က ခန့်မှန်းထားပါတယ်။

◼ စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေရဲ့အနာဂတ်

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးအချိန်ကတည်းက ဒီဥပဒေနဲ့ အကျုံးဝင်သူတွေက သူတို့ရဲ့အနာဂတ်ပါ ပျောက်ဆုံးခဲ့ရတယ်လို့ ပြောကြပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် လူငယ်တွေဟာ အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရသလို အခု ၂၀၂၄ ခုနှစ်ဟာလည်း ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် လူငယ်တွေရဲ့ အနာဂတ်တွေ ဒုတိယအကြိမ် အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်လို့လည်း ပြောကြပါတယ်။

ဒီဥပဒေဟာ လူငယ်တွေရဲ့ အနာဂတ်ကို နှစ်ပေါင်းများစွာ ဆိုးကျိုးသာ ဖြစ်စေနိုင်တယ်လို့ အမည်မဖော်လိုတဲ့ စာရေးဆရာတစ်ဦးက သုံးသပ်ပါတယ်။

“အသက်မဆုံးရှုံးရင်တောင်မှ ကိုယ်အင်္ဂါ ချို့ယွင်းတဲ့ကိစ္စတွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့ကိစ္စတွေ နောက်ဆက်တွဲကိစ္စတွေ ကျွန်တော်တို့က ခံရမဲ့ဟာတွေ ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ လက်တွေ့ ကိုယ်တွေ့ကြုံရတဲ့ဟာရော၊ ပတ်ဝန်းကျင်မှာရှိနေတဲ့ အခြေအနေအရရော၊ ကျွန်တော်တို့က ဘဝလဲပျက်၊ အသက်လည်း ဆုံးပေါ့နော်၊ ရေရှည်ရပ်တည်ဖို့အတွက် အနာဂတ်ကာလမှာ အလားအလာကောင်းတွေ ဘာမှမမြင်ရဘူး”

ပြည်တွင်းက ကျွမ်းကျင်လုပ်သား အများအပြားဟာလည်း စစ်မှုထမ်းဥပဒေကို ရှောင်လွှဲပြီး ပြည်ပထွက်ခွာသွားကြတာတွေ ရှိနေတာကြောင့် ပြည်တွင်းက လုပ်ငန်းတချို့မှာ ကျွမ်းကျင်လုပ်သား ရှားပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါဟာ တိုင်းပြည်အတွက် ဦးနှောက်ယိုစီးမှုတွေပဲလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ ဆိုးရွားတဲ့သက်ရောက်မှုတွေကို နောင်နှစ်တွေမှာလည်း ဆက်လက်ရင်ဆိုင်ကြရဦးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။