အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို စစ်ကောင်စီ ဖွဲ့စည်း
2024.02.17

စစ်တပ်ကနေ အငြိမ်းစားယူထားသူတွေကို ပြန်လည်စစ်မှုထမ်းခိုင်းမယ့် အရန်တပ်ဖွဲ့ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ “အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၆ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ညိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ကြည်း၊ ရေ၊ လေ စစ်ဦးစီးအရာချုပ်တွေအပါအဝင် စစ်ကောင်စီတပ်အရာရှိ ၁၃ ဦးနဲ့ ဖွဲ့စည်းလိုက်တာပါ။
အရန်တပ်ဖွဲ့ဥပဒေ စတင်အသက်ဝင်တယ်လို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကြေညာပြီး သုံးရက်အကြာမှာပဲ အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
အရန်တပ်ဖွဲ့ဥပဒေအရ စစ်မှုထမ်းတစ်ဦးဟာ နုတ်ထွက်ခွင့် ဒါမှမဟုတ် အငြိမ်းစားယူခွင့်ရရှိတဲ့နေ့ကနေ ငါးနှစ်အထိ အရန်တပ်ဖွဲ့မှာ စစ်မှုထမ်းဆောင်ဖို့ တာဝန်ရှိနေပါတယ်။
ဒီအပြင် အရပ်သားတွေကိုလည်း စစ်မှုထမ်းဆင့်ခေါ်ဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်မှာ အသက်သွင်းခဲ့ပါတယ်။
၂၀၁၉ ကြားဖြတ်သန်းခေါင်းစာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်တဲ့ အမျိုးသား ခြောက်သန်းကျော်၊ အမျိုးသမီး ခုနစ်သန်းကျော်၊ စုစုပေါင်း ၁၃ သန်းရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။