ဆိုးဝါးလာတဲ့ အဓမ္မ စစ်သားစုဆောင်းမှု
2024.11.22
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီလမှာ စစ်ကောင်စီက အသက်သွင်းပြီးနောက်ပိုင်း အတင်းအကျပ် စစ်သားစုဆောင်းတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ ၅ အထိ သင်တန်းကျောင်း ၂၃ ကျောင်းကို နိုင်ငံအနှံ့ တိုင်းနဲ့ပြည်နယ်တွေမှာ ဖွင့်ခဲ့ပါတယ်။ အနည်းဆုံးလူဦးရေ နှစ်သောင်းကျော်လောက် စစ်သားစုဆောင်းခံထားရတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ စုဆောင်းခံရအပြီး သင်တန်းတက်၊ ရှေ့တန်းတိုက်ပွဲတွေဆီ အပို့ခံရသူတွေထဲမှာ အသက်ဆုံးရှုံးရသူတွေရှိသလို ထိခိုက်ဒဏ်ရာရသူနဲ့ ဒုက္ခိတဖြစ်သွားသူတွေလည်း ရှိနေပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ကနေ ထွက်ပြေးကြသူတွေရှိနေပါတယ်။
ဒီတစ်ပတ်စကားဝိုင်းမှာ ရှေ့တန်းအပို့ခံရပြီး ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးအကြောင်းအပါအဝင် စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းမှုတွေအကြောင်း ဆွေးနွေးထားပါတယ်။ ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ စစ်မှုထမ်း အပတ်စဉ် ၂ သင်တန်းဆင်း ကိုမောင်မောင် (အမည်လွှဲ)၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ရဲ့ တာဝန်ခံ မဇူးဇူးမေယွန်းနဲ့ အကြမ်းမဖက် အာဏာဖီဆန် ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ဗိုလ်ကြီးဇင်ယော်တို့ ပါဝင်ဆွေးနွေးထားပါတယ်။ RFA ဝိုင်းတော်သူ မသီရိမင်းဇင် စီစဉ်တင်ဆက်ထားပါတယ်။