စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း လုပ်သားရှားပါးမှု ဆိုးရွားလာ
2024.10.30

စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်း စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်သားရှားပါးမှု ပြဿနာကို ရင်ဆိုင်နေရတယ်လို့ ပြည်တွင်းမှာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် လုပ်အားကောင်းတဲ့ လူငယ်တွေဟာ နီးစပ်ရာပြည်ပနိုင်ငံတွေကို ထွက်သွားကြရပါတယ်။ ဒါကြောင့် အလုပ်မရှိတဲ့လူတွေ လုပ်ငန်းခွင်ထဲ ရောက်သွားကြပေမဲ့ စစ်မှုထမ်းဖို့ တစ်သုတ်ပြီး တစ်သုတ်ခေါ်နေတာကြောင့် အဲဒီလူတွေကပါ ပြည်ပကိုထွက်ခွာဖို့ ကြိုးစားလာတဲ့အတွက် လုပ်သားရှားပါးမှုက ပိုဆိုးလာတာလို့ ဆိုကြပါတယ်။
“အထည်ချုပ်လုပ်ငန်းတွေမှာ ကျွမ်းကျင်လုပ်သားလိုအပ်ချက် များနေတာပါ”
အထူးသဖြင့် အထည်ချုပ်လုပ်ငန်းတွေမှာ ကျွမ်းကျင်လုပ်သားလိုအပ်ချက် များနေတာလို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုသူရိန်က RFA ကို ပြောပါတယ်။
“ကျွမ်းကျင်လုပ်သားတွေကို သူတို့က လိုချင်တာပေါ့ဗျာ။ ကျွမ်းကျင်လုပ်သားတွေက မရတော့ဘူး။ မရှိတော့ လိုချင်သလောက် လုပ်သားကို မရဘူး။ မရဘူးဆိုတာမျိုးက သူတို့ဆီကို အလုပ်လာလျှောက်တဲ့လူတွေ မရှိတော့ဘူးဗျာ။ ပုံမှန်အတိုင်းဆိုရင် အလုပ်က နည်းပြီးတော့ အလုပ်လိုချင်တဲ့လူက များရမှာလေ။ အခုက အဲဒီလို မဖြစ်နေဘူးလေ။ လိုချင်နေကြတာပေါ့ဗျာ။ လာပြီးတော့ အလုပ်လျှောက်တဲ့လူတွေက နည်းတာပေါ့”
ကမ္ဘာ့ဘဏ်ရဲ့ ဇွန် ၁၂ ရက်နေ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်း လုပ်သား ၂၈ ရာခိုင်နှုန်းဟာ အလုပ်ထွက်ပြီး ကျေးလက်နဲ့ ပြည်ပနိုင်ငံတွေကို ပြောင်းရွှေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလုပ်ထွက်ခဲ့တဲ့ လုပ်သားအများစုဟာ ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေက ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
“စစ်မှုထမ်းဥပဒေကြောင့် ကလေးအလုပ်သမား များလာပါတယ်”
အလုပ်ရှားပါးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ကလေးအလုပ်သမား များလာသလို လက်ရှိအလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရတာတွေလည်း များလာတယ်လို့ ပြည်တွင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောကြပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ကလည်း စစ်မှုထမ်းဥပဒေကြောင့် ကလေးအလုပ်သမား များလာတယ်လို့ အခုနှစ် ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပေမဲ့ အရေအတွက် အတိအကျကိုတော့ ဖော်ပြမထားပါဘူး။
လက်ရှိလုပ်တဲ့ အလုပ်သမားတွေဟာ ချုပ်ရမဲ့ စံချိန်သတ်မှတ်ချက်တွေ များလာတာ၊ ညဘက် အလုပ်ဆင်းပေးရချိန်တွေ များလာတာ၊ အချိန်ပို အလွန်အကျွံခေါ်တာနဲ့ ဥပဒေပါ အခွင့်အရေးအရ ခွင့်ရက်မရတာတွေ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မအိက ပြောပါတယ်။
“သဘောတရားအရ ကြည့်မယ်ဆိုရင် လုပ်ငန်းခွင်ထဲမှာ လုပ်သားလိုအပ်ချက် များနေပြီဆိုရင် အလုပ်သမား အခွင့်အရေး အပြည့်အဝ ပေးရမယ်။ လုပ်ခလစာဆိုရင်လည်း တိုးမြှင့်ပေးရမယ်။ ကုန်စျေးနှုန်း ကြီးမြင့်နေတယ်။ သူတို့လုပ်ငန်းခွင် တည်မြဲဖို့ ဒါတွေ ကြိုးစားရမှာကို ဒါပေမဲ့ အဲဒါတွေ တစ်ခုမှ မကြိုးစားဘဲနဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ကလေးအလုပ်သမားတွေကို လုပ်ငန်းခွင်ထဲ ခေါ်သွင်း။ သူတို့ ကြိုးဆွဲရာ ကဆိုတဲ့ပုံစံမျိုး လုပ်ငန်းခွင်ထဲကို သွင်းလိုက်တဲ့ အခြေအနေပါပဲ”
ကျွမ်းကျင်လုပ်သားတွေ မရှိတာကြောင့် လုပ်ငန်းရှင်တွေဘက်ကလည်း သတ်မှတ်အချိန်အတွင်းမှာ ပေးရမဲ့အထည်တွေ မပေးနိုင်လို့ ရက်တွေ နောက်ဆုတ်ရတာမျိုး Reject ထိတဲ့ ပစ္စည်းတွေများလို့ ပြန်ပြင်ရတာမျိုးတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပို့ကုန်ဝင်ငွေဟာ အဓိက အထည်ချုပ်ကဏ္ဍ (Garment sector) နဲ့ Gas တို့ကို အများဆုံး အားကိုးနေရာကနေ အခုလို ပြဿနာတွေ ဖြစ်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အများကြီး ရိုက်ခတ်တယ်လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ ပို့ကုန်ဟာ ၂၀၂၂ ခုနှစ်မှာ ADB ကိန်းဂဏန်းအရ ပို့ကုန်တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၂၀ ဒသမ ၄ ဘီလီယံ ရှိတယ်ပေါ့။ အဲဒီထဲမှာ ၄၀ ရာခိုင်နှုန်းက အထည်အလိပ်လုပ်ငန်းရဲ့ ပို့ကုန်ဝင်ငွေဟာ ခုနစ်ဘီလီယံနီးနီးလောက်ရှိတယ်။ စစ်မှုထမ်းမလုပ်ခင်ကတည်းကိုက အထည်အလိပ်လုပ်ငန်းရဲ့ဝင်ငွေဟာ ၁၉ ရာခိုင်နှုန်း ကျနေတဲ့ အနေအထားရှိတယ်။ လေးပုံတစ်ပုံ ကျတယ်ဆိုတာက နှစ်ဘီလီယံလောက် လျော့သွားတာ။ ငါးဘီလီယံလောက်ပဲ ကျန်တော့တဲ့ထဲမှာ ထပ်ပြီးတော့ လုပ်သားတွေ လျော့သွားတဲ့အခါမှာ တိုင်းပြည်ဝင်ငွေက အများကြီး နစ်နာတာပေါ့”
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ ၂၀၂၃ ခုနှစ် ဧပြီကနေ ဒီဇင်ဘာ ၁၅ ရက်အထိ ကာလအတွင်းမှာ မြန်မာနိုင်ငံကနေ ပို့ကုန်တင်ပို့မှု ၁၀.၁၃ ဘီလီယံ ဒေါ်လာရှိခဲ့ပြီး ချုပ်ပြီးသား အဝတ်အထည်တွေ တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ ၃.၁ ဘီလီယံ ဝင်ငွေနဲ့ အများဆုံးဖြစ်ခဲ့တာပါ။
ဆက်နွှယ်သောသတင်းများ
အလုပ်သမားရှစ်သောင်းကျော်ရဲ့ အချက်အလက် စစ်ကောင်စီ ကောက်ယူ
အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ပိတ်ပင်
စစ်မှုထမ်းသင်တန်းက အသက်စွန့် ထွက်ပြေးသူတချို့ရှိနေ
မတ်လမှာ ကုန်ဆုံးတဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ အထည်အလိပ် တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ဝင်ငွေရခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပြီး ဒီလိုကျဆင်းမှုတွေဟာ နိုင်ငံတွင်းမှာ လျှပ်စစ်မီး ပြတ်တောက်တာ၊ ငွေကျပ် လဲလှယ်နှုန်း ကမောက်ကမဖြစ်တာ၊ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တွေ နိုင်ငံက ထွက်ခွာတာတွေ ပါဝင်ပါတယ်။ စစ်ကောင်စီကို နိုင်ငံတကာ ပိတ်ဆို့မှုတွေကြောင့် အထည်ချုပ်ကဏ္ဍ ထိခိုက်နေမှုဟာ စစ်မှုထမ်းဥပဒေ မစခင်ကတည်းကဖြစ်ပြီး လုပ်သားရှားပါးတဲ့ အခြေအနေကပါ ထပ်ဖြစ်လာတာလို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း အထည်ချုပ်လုပ်ငန်းရှင် အသင်းဝင်စက်ရုံ ၈၁၇ ရုံရှိတဲ့ထဲမှာ ၅၄၆ ရုံက လည်ပတ်နေပြီး ကျန်စက်ရုံတွေက ရပ်ထားတယ်လို့ ဖော်ပြထားပါတယ်။