အလုပ်သမားရှစ်သောင်းကျော်ရဲ့ အချက်အလက် စစ်ကောင်စီ ကောက်ယူ
2024.08.28

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်ခြောက်ခုထဲက စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားရှစ်သောင်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီက ကောက်ယူနေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက RFA ကို ပြောပါတယ်။
လှိုင်သာယာစက်မှုဇုန်အပိုင်း ၁၊ ၂၊ ၃၊ ၄၊ ၆ နဲ့ စက်မှုဇုန်အပိုင်း ၇ ထဲက စက်ရုံ၊ အလုပ်ရုံပေါင်း ခုနစ်ရာကျော်မှာ အလုပ်ဆင်းနေတဲ့ အလုပ်သမား ရှစ်သောင်းကျော် ရှိပါတယ်။
အဲဒီ အလုပ်မားတွေရဲ့ အချက်အလက်တွေကို အခုလာမဲ့ ဩဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးနဲ့ စစ်ကောင်စီရဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကိုပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ အဲဒီစာရင်းတွေ ကောက်ယူနေတာ မှန်ကန်ပြီး သန်းခေါင်စာရင်းကောက်ဖို့ဖြစ်တယ်လို့ RFA ကို ဩဂုတ်လ ၂၈ ရက် ဒီကနေ့မှာ အတည်ပြုပြောပါတယ်။
"ကျွန်တော်တို့ကော်မတီကနေတစ်ဆင့် အလုပ်သမား စာရင်းကောက်ဖို့လိုအပ်တယ်ဆိုလို့ ဩဂုတ်လ ၂၃ နေ့ကတည်းက စာပို့ပြီး အလုပ်သမားစာရင်းတွေ ပို့ပေးကြပါလို့ အသိပေးအကြောင်းကြားလိုက်တာပါ။ သန်းခေါင်းစာရင်းကောက်ဖို့အတွက် ဖြစ်ပါတယ်"
ဒါပေမဲ့ လှိုင်သာယာစက်မှုဇုန်ထဲက အလုပ်သမားသမဂ္ဂအဖွဲ့ခေါင်းဆောင်တွေနဲ့ အလုပ်သမားတွေကတော့ သန်းခေါင်စာရင်း အကြောင်းပြပြီး စစ်မှုထမ်းဖို့လာခေါ်မှာကို စိုးရိမ်နေကြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လှိုင်သာယာ စက်မှုဇုန်ထဲက အလုပ်သမားတစ်ဦးကတော့ သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေပေးရမှာ စိုးရိမ်တယ်လို့ RFA ကို ပြောပါတယ်။
"စစ်မှုထမ်းဖို့ခေါ်နေတာ အမျိုးသမီး အမျိုးသားမရွေးတော့ဘူး၊ အသက်အရွယ်တောင် မရွေးတော့ဘူး။ အဲဒီလိုအချိန်မှာပဲ အခုလို ကိုယ်ရေးအချက်အလက်တွေ ပေးရမယ်ဆိုတော့ စိုးရိမ်စရာပဲလေ။ အရင်ကလည်း စမတ်ကတ်(လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်) လုပ်ဖို့ဆိုပြီး တောင်းသွားကြသေးတာပဲ။ အခု တောင်းတာလည်း ပေးရဦးမှာပဲ၊ မပေးချင်ရင် အလုပ်ထွက်ဖို့ပဲ ရှိတော့တယ်”
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦကျော်ကျော်လွင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီက ရပ်ကွက်ကျေးရွာတွေအထိ လက်နက်တပ်ဆင်မဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းပြီး လက်နက်ကိုင်ခုခံတော်လှန်မှုတွေကို တုံ့ပြန်ဖို့ စီစဉ်နေတာပါ။
တစ်ဖက်မှာလည်း ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကို လာမဲ့ အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ကောက်ယူဖို့ ပြင်ဆင်နေပါတယ်။