နမ့်ဆန်မှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်ပြင်းထန်၊ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2022.12.11
နမ့်ဆန်မှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်ပြင်းထန်၊ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ တိုက်ပွဲများကြောင့် ဇယန်းကြီးကျေးရွာသို့ ထွက်ပြေးလာကြသူများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီးမှာ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲ ဆက်ပြင်းထန်နေတာကြောင့် ထွက်ပြေးရတဲ့ ဒေသခံ တစ်ထောင်ကျော်ရှိလာပါပြီ။

ကုန်းသာ၊ ဟူးမန်း၊ မန်လုံနဲ့ ပိန်းလုံရွာက ဒေသခံတွေအားလုံး တိုက်ပွဲစဖြစ်တဲ့နေ့မှာပဲ နီးစပ်ရာတောတောင်ထဲနဲ့ ကျောက်မဲမြို့ဘက်အထိ ထွက်ပြေးခဲ့ရသလို တချို့လည်း နမ့်ဆန်မှာရှိတဲ့ ဇယန်းကြီး ဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံနေရတယ်လို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်တာကြောင့် ဘာမှမသယ်နိုင်ဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတာလို့ ဇယန်းကြီး ဘုန်းကြီးကျောင်းမှာရောက်နေတဲ့ စစ်ဘေး ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“တော်တော်လေးကို ပြင်းထန်တာခင်ဗျ။ နေ့ရော၊ ညရော ၂၄ နာရီ မြေပြင်တိုက်ပွဲရော ဝေဟင်တိုက်ပွဲရော အကြီးရော၊ အသေးရော တောက်လျှောက်ချနေလို့ ကျနော်တို့ ရွာသူရွာသားတွေအကုန်လုံး ထိတ်လန့်တကြားနဲ့ ချက်ချင်း ရွာကနေ နှစ်မိုင်ခွဲပေါ့၊ ခြေလျင်နဲ့လာပြီးတော့ မန်လုံရွာကိုရောက်။ ခြေလျင်နဲ့ပဲ ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ ကိုယ့်မိသားစုနဲ့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ သားသမီး အဲလိုမျိုးပဲ သယ်လာရတာ”

စစ်ဘေးဒုက္ခသည်တွေအတွက် လတ်တလော စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

"ဒေသခံတွေကတော့ အတော်များများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်”

ရွာတွေထဲမှာ ပိတ်မိနေသူအချို့ ကျန်နေသလို အဆက်အသွယ်မရဖြစ်နေတဲ့ စစ်ဘေး ဒုက္ခသည်တွေကိုလည်း အဆက်အသွယ်ရတာနဲ့ သွားခေါ်ဖို့ ဇယန်းကြီး ဘုန်းကြီးကျောင်း ဘက်က စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကုန်းသာနဲ့ ဟူမန်းရွာအနီးတစ်ဝိုက် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က စစ်ရဟတ်ယာဉ်အပြင် ဂျက်တိုက်လေယာဉ်တွေနဲ့ပါ နေ့စဉ် ဗုံးကြဲနေတယ်လို့ TNLA ဘက်က ပြောပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က ကုန်းသာရွာကို စစ်ကောင်စီတပ် အင်အားလာဖြည့်ရာကနေ နှစ်ဖက်တိုက်ပွဲစဖြစ်ခဲ့ပြီး  ဒီဇင်ဘာ ၁၁ ရက် ဒီကနေ့အထိ ဆက်ဖြစ်နေတာလို့ TNLA ပြန်ကြားရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က RFA ကို ပြောပါတယ်။

“၇ ရက်နေ့ နေ့လယ်နှစ်နာရီခွဲလောက် နမ့်ဆန်မြို့နယ်က ကုန်းသာရွာမှာ စစ်တပ်က အင်အားလာချတာ။ အဲဒီမှာ ရွာထဲမှာရှိနေတဲ့ ကျနော်တို့တပ်ဖွဲ့နဲ့ စပြီးတော့ တိုက်ပွဲဖြစ် ပွားတာပါ။ ဒီနေ့အထိဆို ငါးရက်မြောက် ရှိလာပြီ။ စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူတွေနဲ့ တောက်လျှောက်ပစ်နေတာလည်း ရှိတယ်။ နောက်တစ်ခုက ကုန်းသာမှာပဲ ညခင်းလ(ညဘက်) မှာလည်း လေကြောင်းကနေ ပစ်တာရှိတယ်။ ကုန်းသာမှာရှိတဲ့ လူနေအိမ်တွေ လက်နက်ကြီးထိမှန်လို့ ပျက်စီးသွားတာလည်းရှိတယ်။ ဒေသခံတွေကတော့ အတော်များများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေ ရတယ်”

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကုန်းသာရွာဘုန်းကြီးကျောင်း ဆွမ်းစားကျောင်း ဆောင် မီးလောင်ခဲ့ပြီး လူနေအိမ်ငါးလုံးလည်း မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိ ကုန်းသာရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ အခုထက်ပို ပြင်းထန်လာမလားဆိုတာတော့ စစ်ကောင်စီတပ် အပေါ်မှာပဲ မူတည်တယ်လို့ ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောပါတယ်။

စစ်ကောင်စီရဲ့ နမ့်ဆန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းထိုက်ကတော့ နေရပ်စွန့်ခွာ လာရတဲ့ ဒေသခံ တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာအလုံအလောက်နဲ့ ကူညီပေး နေပေမယ့် တိုက်ပွဲရက်ကြာရင် လိုအပ်မှုတွေ ရှိလာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“တစ်ထောင်နဲ့ ဆယ့်နှစ်ယောက်ဖြစ်သွားပြီ။ ဇယန်းကြီးကျောင်းမှာပဲ ကျောင်းဆောင် တွေ ခွဲပြီးတော့ ရွာအလိုက် ထားပါတယ်။ စားရေးသောက်ရေးကတော့ လုံလောက် ပါတယ်။ ပြီးတော့ အလှူငွေကလည်း ကျနော်တို့ သိန်း ၁၈၀ လောက် ရထားပြီးပြီ။ အဓိကကတော့ ဟူးမန်းအုပ်စုနဲ့ မန်လုံးအုပ်စုက ဒေသခံတွေပေါ့။ ကုန်းသာတို့ နောက်ပြီး ဟူးမန်း၊ မန်လုံး ရွာတွေပါတယ်ဗျ။ ပိန်းစုံတို့ ဘာတို့ကတော့ နည်းနည်းပဲ လာကြတယ်။ အခုအနေအထားအတိုင်း ဆိုရင်တော့ လုံလောက်တယ်ဆိုတာက လက်ရှိ လူဦးရေမတိုးလာဘူး၊ ရက်ကြာရှည် မဟုတ်ဘူးဆိုရင်တော့ လုံလောက်ပါတယ်။ ရက်ကတော့ ကျနော်လည်း မခန့်မှန်းနိုင်တော့ ရက်ကြာရင်တော့ လိုမှာပေါ့လေ”

တိုက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေနေကိုတော့ TNLA ရော စစ်ကောင်စီ ဘက်ကပါ ထုတ်ပြန် ပြောဆိုတာမရှိသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပါဘူး။

တအာင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ခံအမျိုးသမီးက တအာင်းဒေသမှာ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တာဟာ အရပ်သားတွေအတွက် ဒုက္ခရောက်နိုင်တာ ကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်စေချင်ဘူးလို့ RFA ကို ပြောပါတယ်။

TNLA.jpeg
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ (Photo: RFA)

“တအာင်းဒေသမှာဆိုရင်လည်း ပြီးခဲ့တဲ့လကလည်း နမ္မတူ၊ မိုင်းရယ်နားတစ်ဝိုက်ပေါ့ နော်။ လေကြောင်းတွေ ဝဲနေတာမျိုးတွေလည်း သတင်းရတယ်ပေါ့နော်။ တိုက်ခိုက်တာ မျိုးတော့ မရှိသေးဘူး။ ဒီလထဲမှာမှ အပြင်း အထန် တိုက်ခိုက်မှုတွေ ရှိတယ်။ ကျေးရွာ လူထု ပိတ်မိတာမျိုးတွေ ရှိတဲ့အခါကျတော့ ကျမတို့က အရပ်သား ရှိတဲ့နေရာမှာ တိုက်ပွဲ ဖြစ်တာတို့ ဒီလိုပိတ်ဆို့ခံရတာမျိုးကတော့ အရပ်သားတွေအတွက် အဆင်မပြေဘူးပေါ့ နော်။ ကျမတို့ သူတို့အတွက် စိုးရိမ်တယ်ဆိုတော့ လေကြောင်း အသုံးပြုပြီး တိုက်ခိုက် တာမျိုးတွေ မဖြစ်စေချင်ဘူးပေါ့နော်”

ရဟတ်ယာဉ်အသုံးပြုပြီး ပြည်သူလူထုကို ဦးတည်တိုက်ခိုက်နေတဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့၊ ပိတ်ဆို့ အရေးယူပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်သူ တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့နဲ့ ပြည်တွင်းကို လေယာဉ်ဆီတင်သွင်းမှု ပိတ်ပင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးထံ ဒီဇင်ဘာ ၉ ရက်နေ့မှာ စာပေးပို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ အပစ်အခတ်ရပ်စဲပြီးနောက် နမ့်ဆန် မြို့က TNLA ဌာနချုပ်နဲ့ အနီးတစ်ဝိုက် နယ်မြေတွေကို ထိုးစစ်ဆင်လာတာဖြစ်သလို အခြားတိုင်းရင်းသား နယ်တွေဘက်မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာတယ် လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

TNLA ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးမထားသလို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက် တွေကိုလည်း ပယ်ချထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။