ကျောက်ဂူမြို့အနီး စစ်ကောင်စီတပ်နဲ့ DPLA တို့ တိုက်ပွဲပြင်းထန်
2024.12.19

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူမြို့အနီးက စစ်ကောင်စီရဲ့ အမတ-၃၄၉ တပ်ရင်းအနီးမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (DPLA/DPLF) တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း ကျောက်ဂူမြို့ ထမင်းပေါင်းရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကျောက်ဂူ-ရပ်စောက်လမ်းပေါ်က တံတားတစ်စင်း ပျက်စီးခဲ့တယ်လို့ ရပ်စောက် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က တိုက်ပွဲတော်တော်ပြင်းထန်တယ်ဗျ။ လေယာဉ်ကနေလည်း လာပစ်သွားတယ်။ တံတားပျက်သွားလို့ ကားကြီးတွေ သွားလို့မရတော့ဘူး။ ဒီမနက်အထိလည်း အခြေအနေတွေက တင်းမာနေတုန်းပဲ”
DPLA ပြောခွင့်ရသူ ကိုမောင်ကတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထမင်းပေါင်းရွာက အရပ်သား တစ်ဦး သေဆုံးတယ်လို့ ပြောပါတယ်။
“စစ်ကောင်စီနဲ့ ကျွန်တော်တို့ တိုက်ပွဲတွေဖြစ်နေတာ ဟုတ်ပါတယ်။ စစ်ကောင်စီက လေကြောင်းကနေတိုက်လို့ အရပ်သား တစ်ဦး သေဆုံးတာရှိတယ်”
လက်ရှိမှာ စစ်ကောင်စီတပ်က ကျောက်ဂူမြို့ အနီးတစ်၀ိုက်ရွာတွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးက စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းတွေကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာ လေးလခန့်ရှိလာပါပြီ။
စစ်ကောင်စီတပ်ကလည်း ရှမ်းပြည်တောင်ပိုင်းကနေ နောင်ချိုမြို့ တောင်ခမ်းရွာဘက်ကို စစ်အင်အားတွေ ဆက်တိုက်ပို့ဆောင်နေတဲ့အပေါ် DPLA က ဖြတ်တောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ DPLA ပြောခွင့်ရသူ ကိုမောင်က ပြောပါတယ်။