မြန်မာအမျိုးသမီးအရေး ဝါရှင်တန်ဒီစီမြို့မှာ ဆွေးနွေး

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2022.10.21
မြန်မာအမျိုးသမီးအရေး ဝါရှင်တန်ဒီစီမြို့မှာ ဆွေးနွေး စစ်အာဏာသိမ်းမှုကို ၂ဝ၂၁ ခုနှစ် ဇူလိုင် ၁ဝရက်နေ့က မန္တလေးမြို့တွင် ဆန့်ကျင်ဆန္ဒပြနေသည့် အမျိုးသမီးများ။
Photo: AFP

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ဝ ရက်နေ့ကစပြီး “လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွေမှာ အမျိုးသမီးများရဲ့ ခေါင်းဆောင်မှုနဲ့ ပြန်လည်ထူထောင်နိုင်မှု အခြေအနေကို မြှင့်တင်ပေးခြင်း “ ဆိုတဲ့ ခေါင်းစဉ် နဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေရဲ့ ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲ ကို ကျင်းပနေပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ကတော့ ဝါရှင်တန်ဒီစီမြို့ ဂျော့တောင်း တက္ကသိုလ် အမျိုးသမီးများ၊ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေး အင်စတီကျုက မြန်မာအမျိုးသမီး တက်ကြွလှုပ်ရှားသူတွေနဲ့ ကုလ ကျွမ်းကျင်သူအချို့ကို ဖိတ်ကြားပြီး ဒီ လုံခြုံရေး ကောင်စီ ဆွေးနွေးပွဲမှာ ဆွေးနွေးသုံးသပ်ခဲ့တဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အမှန်တကယ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု အခက်အခဲတွေ အကြောင်းဆွေးနွေးသုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂ ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ အထူးအကြံပေး Alice Wairimu Nderitu က မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက လူနည်းစုတွေအတွက် ဆိုးဝါးပြင်းထန်တဲ့ သတ်ဖြတ်မှုတွေ ထပ်ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိနေတဲ့အကြောင်း ပြောကြားပြီး၊ လူမျိုးတုံး သတ်ဖြတ်မှုလို ပြင်းထန်တဲ့ ရာဇဝတ်မှုတွေ မဖြစ်အောင် ကာကွယ်တားဆီးရေး လုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်ဆောင် ရွက်နိုင်ဖို့ အရေးကြီးပုံအကြောင်းကို ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို အစောဆုံးစတင်ခဲ့ပြီး အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကနေ တိမ်းရှောင်နေရတဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း တစ်စထက်တစ်စ ပိုမို ဆိုးဝါးလာတဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ စစ်ကောင်စီအာဏာပိုင်တွေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေတဲ့အကြောင်း ပြောကြားပြီး၊ မြန်မာနိုင်ငံက မှုခင်းတွေကို အိုင်စီစီ တရားရုံးကို လွှဲပြောင်းဖို့၊ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အသံကို ထည့်သွင်းစဉ်းစားဖို့ နဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ထောင်ရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့ တောင်းဆိုသွားပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ အမျိုးသမီးရေးရာ ဝန်ကြီး နော်ဆူဆန်နာလှလှစိုးက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကနေ ဖမ်းဆီးထိန်းသိမ်းခံရသူ အားလုံးရဲ့ ၂ဝ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပြီး၊ စစ်ကောင်စီရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးရသူ အားလုံးရဲ့ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၃၂၅ ဦးဟာ အမျိုးသမီးတွေ ဖြစ်တဲ့အကြောင်း ထောက်ပြပြီး၊ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ ပါဝင်နေတဲ့အကြောင်း ပြောသွားပါတယ်။

သူက နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းတွေနဲ့ မြန်မာအမျိုးသမီးတွေအတွက် ငြိမ်းချမ်းရေး နဲ့ လုံခြုံရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်နိုင်ဖို့ အတွက် ရန်ပုံငွေနဲ့ နည်းစနစ်တွေ အကူအညီပေးကြဖို့၊ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရှိအောင် ကူညီဖို့ နဲ့ အမျိုးသမီးတွေအတွက် စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ လွတ်မြောက်နယ်မြေတွေမှာ အမျိုးသမီးတွေဘဝကို ပြန်လည်ထူထောင်နိုင်ဖို့ လိုအပ်နေတဲ့ ရန်ပုံငွေအတွက် နိုင်ငံတကာက အကူအညီပေးဖို့ အချက်တွေကို အဓိကထား တောင်းဆိုသွားပါတယ်။

လာမယ့်နှစ် အာဆီယံ ဥက္ကဌအဖြစ်တာဝန်ယူမယ့် အင်ဒိုနီးရှားနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အာဆီယံ အသိုက်အဝန်းနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် ဖိအားပေးသွားဖို့ နော်စူဇန်နာ လှလှစိုးက ပြောသွားပါတယ်။

Sister to Sister အဖွဲ့က လူငယ် တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှု တွေမှာ မြန်မာ အမျိုးသမီးတွေအနေနဲ့ အင်တာနက်ပေါ်နဲ့ မြေပြင်ပေါ် နှစ်မျိုးလုံးမှာ မျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ် လူထုအားလုံး ပူးပေါင်းလုပ်ဆောင်နေတဲ့ အခြေအနေတွေကို ပြောသွားပါတယ်။

မသဉ္ဇာရွှန်းလဲ့ရည်က မြန်မာနိုင်ငံက ပဋိပက္ခ တိုက်ခိုက်မှုတွေအတွင်းမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့၊ ကျူးလွန်ခံရသူ အမျိုးသမီးတွေ ပြန်လည်ထူထောင်ရေးအတွက် ကာကွယ်ရေးရန်ပုံငွေ ထူထောင်ဖို့၊ မကြာခင်က သေဒဏ်စီရင်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသား လေးဦးအတွက် တရားမျှတမှုရရှိဖို့နဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၈၃ ဦး လွတ်မြောက်ဖို့ နိုင်ငံတကာကဆောင်ရွက်ပေးမယ့် တိကျခိုင်မာတဲ့ အစီအစဉ်တွေ ပေါ်ထွက်လာအောင် ကြိုးစားကြဖို့၊ မြန်မာစစ်တပ်ပိုင် လုပ်ငန်းတွေကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ လုပ်ပေးဖို့တွေကို အဓိကထားတောင်းဆိုသွားပါတယ်။

ဒါ့အပြင် ဒီနေ့ အချိန်မှာ Telegram၊ Youtube၊ Facebook၊ Twitter၊ Tic Tik စတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေမှာ အမျိုးသမီးတွေနဲ့ အမျိုးသမီး တက်ကြွ လှုပ်ရှားသူတွေအပေါ် အင်တာနက် အခြေခံတဲ့ အမုန်းစကား ပြောကြားမှုတွေ ရှိနေတာအတွက် အဲဒီနည်းပညာကုမ္ပဏီတွေကို တာဝန်ခံခိုင်းဖို့ မသဉ္ဇာရွှန်းလဲ့ရည်က တိုက်တွန်းပြောကြားသွားပါတယ်။

မြန်မာအမျိုးသမီးများအဖွဲ့ချုပ် WLB အဖွဲ့က အတွင်းရေးမှူး မနန်းမို့မို့က မြန်မာနိုင်ငံမှာ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ နေအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေတွေနဲ့ စစ်ကောင်စီ အာဏာပိုင်တွေက လူသားချင်း စာနာမှု အကူအညီတွေကို တားမြစ်နေတာကြောင့် အမျိုးသမီးတွေအတွက် ထိခိုက်နစ်နာရတဲ့ အခြေအနေတွေကို ရှင်းပြသွားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လက်နက်အဖြစ် အသုံးပြုနေတာတွေ တိုးလာတဲ့အပြင်၊ ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးမှု မရှိတဲ့အကြောင်း ပြောကြားပြီး ကုလသမဂ္ဂ ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အညီ နိုင်ငံတကာက အရေးယူ ဆောင်ရွက်ဖို့ တောင်းဆိုသွားပါတယ်။

မြန်မာနိုင်ငံက အကူအညီလိုအပ်နေတဲ့ အရပ်သားပြည်သူတွေအတွက် နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးနိုင်ဖို့ လမ်းကြောင်းတွေကို ဖွင့်ပေးဖို့ ထိုင်းနိုင်ငံအပါအငဝင် အိမ်နီးချင်းနိုင်ငံတွေကို ဖိအားပေးကြဖို့လည်း သူက တောင်းဆိုသွားပါတယ်။

ရိုဟင်ဂျာအမျိုးသမီးတက်ကြွလှုပ်ရှားသူ မဝေဝေနုက မြန်မာနိုင်ငံအကျပ်အတည်းနဲ့ပတ်သက်ပြီး နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးဖို့ ပျက်ကွက်နေတာ ထင်ရှားတဲ့အကြောင်း ထောက်ပြပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အမြတ် ထုတ်မှုနဲ့ လူကုန်ကူးမှုတွေဖြစ်ဖို့ ထိခိုက်လွယ်တဲ့ အခြေအနေတွေကို တင်ပြပြီး၊ မြန်မာနိုင်ငံက အခြေအနေတွေဟာ နိုင်ငံရေးအကျပ်အတည်း မဟုတ်တော့ဘဲ လူသားချင်းစာနာမှု အကျပ်အတည်းအဖြစ် ဦးတည်နေတဲ့ အကြောင်း၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေအတွက် ဆိုးဝါးတဲ့ သတ်ဖြတ်မှုတွေကနေ ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့အကြောင်းပြောကြားသွားပါတယ်။

နိုင်ငံတကာဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပိုနေမြဲ ကျားနေမြဲ အခြေအနေကနေ တိုးတက်လာအောင် ကြိုးပမ်းရင်း ဖိနှိပ်သတ်ဖြတ်မှုတွေ ကျူးလွန်တဲ့ မြန်မာ စစ်တပ်ကို ပိုပြီး အားဖြည့်ပေးသလို ဖြစ်နေတယ်လို့ မဝေဝေနုက သုံးသပ်ပြောကြားသွားပါတယ်။

အောက်တိုဘာလ ၂ဝ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အမျိုးသမီး အရေး ဆွေးနွေးပွဲမှာ ပဋိပက္ခတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေကို ထိခိုက်မှုအခြေအနေ အကြောင်း ဆွေးနွေးရာမှာ မြန်မာ၊ ကွန်ဂို၊ အီသီယိုပီးယား၊ ဟေတီ၊ ဆီးရီးယားနဲ့ ယူကရိန်း နိုင်ငံတွေက အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ဟာ အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာပါဝင်တဲ့ အမျိုးသမီးဆန္ဒပြသူတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ LGBT အရေး လှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ ထင်ရှားသူတွေကို သတ်ဖြတ်ခဲ့တဲ့အကြောင်း ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာကို ထောက်ပြဆွေးနွေးသွားခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။