ပို့ကုန်ရငွေ ဒေါ်လာနဲ့သာ ပြန်သွင်းခိုင်းလို့ နယ်စပ်ကုန်သည်တွေ အခက်တွေ့
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ကနေ မယ်ခေါင်မြစ်ကိုဖြတ်ပြီး တစ်ဘက် တရုတ်နိုင်ငံကို ကုန်တွေတင်ပို့နေတဲ့ ကုန်သည်တွေအနေနဲ့ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ နောက်ပိုင်း ပို့ကုန်ရငွေတွေကစပြီး အမေရိကန် ဒေါ်လာနဲ့သာ ပြန်သွင်းဖို့ စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ အကောက်ခွန်ဌာနက စက်တင်ဘာလ လဆန်းပိုင်းမှာ ညွှန်ကြား လာတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံကို ကုန်တင်ပို့ရာမှာတော့ နယ်စပ်ဘဏ်တွေကနေ အဆင်ပြေအောင် ဆောင်ရွက် နိုင်ပေမယ့် တရုတ်ကို ကုန်တင်ပို့ရာမှာ ဘဏ်စနစ်နဲ့ ဆောင်ရွက်ခဲ့တာမဟုတ်လို့ အခုလို ပို့ကုန်ရငွေကို ဒေါ်လာနဲ့တွက်ပြီး ပြန်သွင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
တရုတ်ဘက်မှာ ဘဏ်စနစ်နဲ့ ငွေပေးငွေချေ လုပ်ခဲ့တာမဟုတ်သလို လွန်ခဲ့တဲ့ လေးငါး ခြောက်လက တင်ပို့မှုတွေကိုပါ ဒေါ်လာနဲ့ ပြန်သွင်းရမယ်ဆိုတာ အဆင်မပြေဘူးလို့ တာချီလိတ်နယ်စပ် ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
"ထိုင်းကိုသွားတာရှိတယ်။ လော (လာအို) ဘက်ကို သွားတာရှိတယ်။ မဲခေါင်မြစ်ကနေ တရုတ်ကိုပို့တာလည်း ရှိတယ်။ Export တွေပို့ရင် ဘတ်နဲ့ပြထားရင် ဘတ်နဲ့ ပြန်ဝင် ရမယ်၊ အဲဒါမျိုးဖော်ပြတာပေါ့။ ဘဏ်ကြတော့ (A Bank) နဲ့ ဆက်သွယ်ပြီးတော့မှ ကိုယ်ပို့ထားတဲ့ဟာတွေကို ဘတ်ဆိုရင်ဘတ် ပြန်ဝင်ရမယ်၊ ဒေါ်လာဆိုဒေါ်လာ ပြန်ဝင် ရမယ်၊ အဲလိုလုပ်ထားတာပေါ့။ တရုတ်ကိုပို့တဲ့ဟာကျတော့ ဘဏ်ကမရှိသေးဘူး။ အစည်းအဝေးတွေမှာလည်း အဲအတွက် သီးသန့်ညွှန်ကြားတာ မရှိသေးဘူးဆိုပြီးမှ ပြောထားတာဖြစ်တဲ့အတွက် ကုန်သည်တွေက အရင်တိုင်းပဲသွားတယ်။ အခုကျတော့မှ ငါးလပိုင်း၊ ခြောက်လပိုင်းလောက်က သွားထားတဲ့ဟာတွေကို အခုချက်ချင်း ပြန်ဝင် ရမယ်ဆိုပြီး ညွှန်ကြားလာတာ"
ကုန်သည်တွေအနေနဲ့ တာချီလိတ် ကုန်သွယ်ရေးဂိတ်ကနေ လယ်ယာထွက်ကုန်အပါအဝင် ပို့ကုန်တွေကို တရားဝင် နှစ်ရာခိုင်နှုန်း အခွန်ဆောင်ပြီး အရင်အတိုင်း ယွမ်-ကျပ်စနစ်နဲ့ပဲ တရုတ်ကုန်သည်တွေဆီ ရောင်းခဲ့တာလို့ ဆိုပါတယ်။
မေလ ၁ ရက်နေ့ကတည်းက တရုတ်ကိုတင်ပို့ထားတဲ့ ပို့ကုန်ရငွေတွေကို ဒေါ်လာနဲ့ ပြန်သွင်းခိုင်းတဲ့အတွက် သွင်းရမယ့်ပမာဏ များနေတာ၊ ဒေါ်လာပြန်ရှာဝယ်ရမယ့် အခက်အခဲရှိတာ စတာတွေကြောင့် အများစု လုပ်ငန်းတွေ ရပ်ထားလိုက်ပြီလို့လည်း ကုန်သည်တွေက ပြောပါတယ်။
ပြင်ပဒေါ်လာဈေးနဲ့ ဗဟိုဘဏ်ပေါက်ဈေး ကွာခြားနေတာကြောင့် ပြန်သွင်းရမယ့် ကုန်သည်တွေအတွက် ဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့ မန္တလေးတိုင်း ငါးရှဉ့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတိုင်းကျော်က RFA ကို ပြောပါတယ်။
"အဲငွေကို ပြန်သွင်းရမယ်ဆိုရင် ဆုံးရှုံးမှုတွေက တအားများသွားမယ်။ မနေ့တုန်းက ဆိုရင် အပြင်မှာဒေါ်လာ ၃၆၀၀ လောက်ပေါက်တယ်။ ဗဟိုဘဏ်က သတ်မှတ်တာက ၂၁၀၀။ ဒေါ်လာတစ်သိန်းဝယ်ပြီး သွင်းရမယ်ဆိုရင်တောင် လူတစ်ယောက်က သိန်း ၁၅၀၀ ဆုံးရှုံးသွားပြီပေါ့နော်။ ဒါတခြားစရိတ်တွေ မပါသေးဘူး။ ဒေါ်လာ ခုနစ်သိန်း လောက်ဆိုရင် သိန်းတစ်သောင်းကျော်သွားပြီ။ ဒေါ်လာဆယ်သိန်း၊ ဆယ်နှစ်သိန်း၊ ဆယ်ခုနစ်သိန်း လူတွေဆိုရင် သိန်းပေါင်းသောင်းချီသွားပြီ။ ကုမ္ပဏီတွေ အေဂျင့်တွေ မှာလည်း ဒီလောက် ပမာဏက ပိုင်ဆိုင်မှုလည်း မရှိဘူး။ ပေးလည်းမပေးနိုင်ဘူး"
လက်ရှိ တာချီလိတ်နယ်စပ်ကနေ ပို့ကုန်ရငွေအပေါ် ဒေါ်လာနဲ့ပြန်သွင်းရမယ့် ကုမ္ပဏီပေါင်း (၄၀) ဝန်းကျင်လောက် ရှိတယ်လို့လည်း ကုန်သည်အချို့က ပြောပါတယ်။
"မနေ့တုန်းက ဆိုရင် အပြင်မှာဒေါ်လာ ၃၆၀၀ လောက်ပေါက်တယ်။ ဗဟိုဘဏ်က သတ်မှတ်တာက ၂၁၀၀"
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ အရင်က ပို့ကုန်ရငွေအားလုံး ပြန်သွင်းရမယ်လို့ သတ်မှတ်ထားရာကနေ လက်ရှိ ၆၅ ရာခိုင်နှုန်းကိုပဲ ပြန်သွင်းဖို့ ပြင်ဆင်ခဲ့ပါတယ်။
ဒါပေမဲ့ ပြန်သွင်းဖို့ ပျက်ကွက်ရင် ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေပါ ချမှတ်ခံရနိုင်တာကြောင့် လက်ရှိကြုံနေရတဲ့ အခက်အခဲကို အတတ်နိုင်ဆုံး ဖြေလျှော့ပေးဖို့ လိုလားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
နယ်စပ်ကုန်သည်တွေအနေနဲ့ ဒီလိုအခက်အခဲကို ဖြေရှင်းနိုင်ဖို့ တာချီလိတ်နယ်စပ် ကုန်သည်ကြီးများအသင်းကို စာပေးပို့ အကူညီတောင်းထားတာကြောင့် အစည်းအဝေး ထိုင်ပြီး ညှိနှိုင်းနေတယ်လို့ အမည်မဖော်လိုတဲ့ အသင်းတာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့က ကြော်ငြာတော့ ကြော်ငြာတယ်ဗျ။ ဒါပေမဲ့ ကုန်သည်တွေဘက်က သဲသဲကွဲကွဲ မသိသေးတော့ နားလည်မှု နည်းနည်း လွဲနေတယ်ပေါ့ဗျာ။ ပြောရရင်တော့ ကုန်သည် တွေက ရောင်းပြီးပြီ၊ ငွေလည်းရပြီးပြီ။ ဒါပေမဲ့ အခု ရောင်းထားတဲ့ဟာကို ပြန်ပြီးတော့ ငွေသွင်းဖို့ဆိုတော့ ထိတ်လန့်တယ်ပေါ့ဗျာ။ ဆိုတော့ ကျနော်တို့ ကုန်သည်အသင်းကို အကူအညီတောင်းတော့ ကုန်သည်အသင်းအနေနဲ့ ဘယ်လိုကူညီပေးရမလဲ၊ နစ်နာနေတဲ့ သူတွေက ပို့ကုန်သမားတွေက ငွေပြန်ဝင်နိုင်အောင် ဘယ်လိုကူညီပေးရမလဲဆိုတာ ကနဦး ဆွေးနွေးတဲ့အဆင့်ပဲ ရှိသေးတယ်"
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်း ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်နောက်ပိုင်း ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် နယ်စပ်ကနေ ပြည်ပကို ကုန်စည်တင်ပို့ရာမှာ အခက်အခဲတွေရှိခဲ့ပြီး လက်ရှိအချိန်အထိ ပုံမှန်အခြေအနေ မရောက်သေးဘူးလို့လည်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်းမှာ ဗဟိုဘဏ်က ငွေကြေးဆိုင်ရာ မူဝါဒ တွေကို မကြာခဏ ပြောင်းလဲနေတာကြောင့် နိုင်ငံခြားငွေနဲ့ အဓိက ကုန်သွယ်နေရတဲ့ ကုန်သည်တွေဟာ အဲဒီမူဝါဒတွေနောက် လိုက်နိုင်ဖို့ အတော်ကြိုးစားနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စီးပွားကူးသန်းဌာန စားရင်းတွေအရ ၂၀၂၀ -၂၁ ခုနှစ် ဘဏ္ဍာနှစ်မှာ တာချီလိတ်နယ်စပ်ကနေ ပို့ကုန်နဲ့ သွင်းကုန်ထံကရငွေ အမေရိကန်ဒေါ်လာ ၂၃၂ ဒသမ ၀၂၄ သန်းရှိခဲ့ပြီး ၂၀၂၁ -၂၂ ဘဏ္ဍာနှစ်မှာတော့ ရ၂ ဒသမ ၁၂၉ သန်းရှိခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိ ၂၀၂၂ - ၂၃ ခုနှစ် ဇူလိုင်လအထိ ကုန်သွယ်မှုပမာဏမှာတော့ အမေရိကန် ဒေါ်လာ ၆၀ ဒသမ ၉၅၁ သန်းရှိတယ်လို့ ဖော်ပြထားတာကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ကုန်သွယ်မှုပမာဏ လျော့ကျသွားခဲ့ပါတယ်။