တိုက်ပွဲကြောင့် မြဝတီ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေ
2024.04.11
[Update: 6: 15 PM, April 12, 2024]
ထိုင်း - မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ မြဝတီမြို့နယ်က အမှတ် (၂) ချစ်ကြည်ရေး တံတားကို မနေ့ကစလို့ ပိတ်ထားရတာကြောင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းတွေ ရပ်ဆိုင်းနေတယ်လို့ နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
ဧပြီ ၁၁ ရက် မနေ့က မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးနောက် အဲဒီက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးကိုဆုတ်ခွာပြီး စခန်းချ နေရာကနေ ထိုင်းနိုင်ငံဘက်ခြမ်းက အဲဒီတံတားကို မနေ့က ပိတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
"မြဝတီကနေ အထွက်ရတယ်၊ အဝင်မရတော့ဘူးဆိုတော့ ကုန်စည်စီးဆင်းမှု၊ သွားဖို့လာဖို့ အခက်အခဲရှိရင် ဈေးကတော့ မြင့်လာမှာပဲလေ”
ဒီမနေ့မနက်ပိုင်းမှာတော့ ထိုင်းနိုင်ငံဘက်အခြမ်းကိုဝင်မယ့် ကားတချို့ကို ဖြတ်သန်းခွင့်ပြုထားပေမယ့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေကိုတော့ ပြန်မဖွင့်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဒီမနက်တော့လေ တံတားတစ်ချက် ဖွင့်ပေးလိုက်တယ်။ ကားအဝင်အထွက် နည်းနည်းပါးပါးရှိတယ်။ ကုန်ကားတွေလာတာတော့မရှိဘူး။ ပြန်မယ့်ကားပေါ့နော် ထိုင်းဘက်အခြမ်းပြန်မယ့်ကားအတွက် ဖွင့်ပေးတာ။ ပို့ကုန်တင်ပို့မှုလည်း ရပ်ထားတယ်။ နားလိုက်တယ်။ သွင်းကုန်သမားတွေလည်း ထိုင်းဘက် မဲဆောက်ရောက်နေတဲ့ ကုန်တွေ မြန်မာဘက်မသွင်းနိုင်သေးဘူး”
နှစ်စဉ် ထိုင်းဘတ်ငွေ တစ်ရာဘီလီယံ ကုန်သွယ်မှုရှိနေတဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လျော့ကျသွားနိုင်တယ်လို့ ထိုင်းစက်မှုလုပ်ငန်းအသင်း ဥက္ကဋ္ဌ Mr.Kriengkrai Thiennukul က ဘန်ကောက်ပိုစ့်ကို မနေ့က ပြောပါတယ်။ ဒီအကျိုးဆက်ကြောင့်ပဲ မြန်မာနိုင်ငံမှာ ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နိုင်တယ်လို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့က ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“ပိတ်လိုက်ပြီဆိုတာနဲ့ ကုန်စည်စီးဆင်းမှုက လုံးဝရပ်ထားပြီ။ ဟိုဘက် ဒီဘက် ကူးလို့မရတော့ဘူး။ လုပ်လို့ ဘယ်ရတော့မလဲ အခုက အားလုံးပိတ်ထားပြီဆိုတော့။ ဘတ်ငွေဈေးကလည်းတက်တယ်။ လမ်းပန်း ဆက်သွယ်ရေး ကလည်း ခက်ခဲနေပြီဆိုတော့ မြဝတီကနေ အထွက်ရတယ်၊ အဝင်မရတော့ဘူးဆိုတော့ ကုန်စည်စီးဆင်းမှု၊ သွားဖို့လာဖို့ အခက်အခဲရှိရင် ဈေးကတော့ မြင့်လာမှာပဲလေ”
နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်ကောင်စီ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ကတော့ လက်ရှိမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဟာ ရာခိုင်နှုန်းအတော်များများ ကျဆင်းနေတယ်လို့ ဒီနေ့ မြဝတီမြို့တစ်ဖက်ကမ်း မဲဆောက်မြို့ကို အရေးပေါ် သွားရောက်စစ်ဆေးပြီးနောက် သတင်းထောက်တွေကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“လက်ရှိအခြေအနေက အတိတ်မှာ သိသိသာသာ အကျိုးဖြစ်ထွန်းခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်နေပါပြီ။ နယ်စပ်ကုန်သွယ်ရေးက ရာခိုင်နှုန်း အတော်များများ ကျဆင်းနေပါပြီ။ ကိုဗစ်ကပ်ရောဂါ ကာလကတည်းက ကျဆင်းခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးကို ပိုပြီးထိခိုက်နေပါပြီ”
ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ကုန်သွယ်ရေးအကျိုးရလဒ်တစ်ခုတည်းကိုပဲ ကြည့်တာမျိုးမဟုတ်ဘဲ မြဝတီဘက်မှာ ငြိမ်းချမ်းရေးကို မြင်ချင်တာဖြစ်ကြောင်းနဲ့ စေ့စပ်ဆွေးနွေးနိုင်ကြမယ်ဆိုရင် ကြားခံဆောင်ရွက်ပေးဖို့ အသင့်ရှိနေကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြဝတီမြို့ပေါ်မှာတော့ နယ်ခြားစောင့်တပ်ကနေ အသွင်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် (KNA) တပ်ဖွဲ့တွေ ဒီကနေ့မနက်ပိုင်း ကင်းလှည့်ပြီး လုံခြုံရေးယူနေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
မြဝတီမြို့နဲ့ လေးမိုင်အကွာမှာဖြစ်နေတဲ့ နှစ်ဖက်တိုက်ပွဲတွေကတော့ မနေ့ညပိုင်းကစလို့ ငြိမ်နေတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့မှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့မနက်အထိတော့ သူတို့ ကင်းထောက်လေယာဉ်တွေ တောက်လျှောက်ပျံနေတယ်။ ကျွန်တော်တို့ကတော့ မနေ့က ၂၇၅ ထဲမှာ အလောင်းတွေရှင်းတယ်။ ကျန်ခဲ့တဲ့ လက်နက်တွေ သိမ်းတယ်။ အထူးသဖြင့်ကတော့ မိုင်းတွေ လိုက်ရှင်းနေတယ်။ တိုက်ပွဲတော့ အခုထိမရှိဘူး။ ကင်းထောက် လေယာဉ် ပဲပျံနေတယ်”
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင် စတဲ့ နယ်စပ် ကုန်သွယ်ရေး စခန်းတွေရှိပေမယ့် အဲဒီအထဲက မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ပိုအရေးပါတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာန အချက်အလက်တွေအရ လယ်ယာထွက်ပစ္စည်းနဲ့ အိမ်သုံးပစ္စည်းတွေ အများဆုံးတင်ပို့တဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဏာနှစ်၊ အခုနှစ် ဖေဖော်ဝါရီလအထိ နယ်စပ်ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ နီးပါးအထိ ရှိပါတယ်။
(မှတ်ချက်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကို ထပ်မံ ဖြည့်စွက်ထားပါသည်။)