စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အပြီး နယ်စပ်ကုန်သွယ်ခွင့် ပိုမိုတင်းကျပ်
2024.11.15

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ကစလို့ မူဆယ်မြို့နယ် ဆင်ဖြူနယ်စပ်ဂိတ်ပေါက်ကနေ တစ်ပိုင်တစ်နိုင် ကုန်သယ်ယူခွင့်ကို တရုတ် အစိုးရက ပိတ်လိုက်ပါတယ်။
ဒါကြောင့် တရုတ်ပြည် ကျယ်ဂေါင်မြို့ကနေ မြန်မာနိုင်ငံထဲပို့မဲ့ကုန်စိမ်းတွေ ပုပ်သိုးပျက်စီးတော့မှာ ဖြစ်တဲ့အတွက် ကုန်သည်တွေက သူတို့ရဲ့ကုန်တွေကို အခမဲ့ဝေပေးနေတာလည်း ပြီးခဲ့တဲ့ရက်က အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။
မူဆယ်မြို့ရဲ့ တစ်ဖက်က တရုတ်ပြည် ကျယ်ဂေါင်မြို့ဖြစ်ပါတယ်။ အဲဒီမှာ နှစ်နိုင်ငံကုန်သွယ်တဲ့ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နဲ့ မန့်ဝိန်းဂိတ် ဆိုပြီး သုံးဂိတ်ရှိပါတယ်။
"တရုတ်ဘက်ကတော့ မန့်ဝိန်းဘက်က ပေးထွက်တယ်။ မြန်မာပြည်ဘက်ကကျတော့ ကျွန်တော်တို့ကို ထွက်ခွင့်မပေးဘူး”
အဲဒီသုံးဂိတ်ထဲမှာ ဆင်ဖြူဂိတ်က ဆိုင်ကယ်တွေ၊ သုံးဘီးကားတွေနဲ့ ကုန်အနည်းအကျင်းသမားတွေ သယ်ကြပြီး၊ မန့်ဝိန်းဂိတ်ကနေတော့ ကုန်ကားကြီးတွေနဲ့ သယ်ကြပါတယ်။ နန်းတော်ဂိတ်ကတော့ လူဖြတ်သန်းဖို့ သီးသန့်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ ဆင်ဖြူဂိတ်ကနေ အနည်းအကျင်းသယ်တာကို တရုတ်ဘက်က ခွင့်မပြုတော့ဘဲ မန့်ဝိန်းဂိတ်ကနေ ကုန်ကားတွေနဲ့ သယ်ခွင့်ပြုမယ်လို့ ရွှေလီပြည်သူ့အစိုးရက နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေညာပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ အဲဒီမန့်ဝိန်းဂိတ်ကို စစ်ကောင်စီက ပိတ်လိုက်ပါတယ်။
ဒါ့ကြောင့် တရုတ်ပြည် ရွှေလီနဲ့ ကျယ်ဂေါင်ကနေ မြန်မာဘက်ကို တင်သွင်းမဲ့ ကုန်စိမ်းတင်ကားတွေအပါအဝင် ကားအစီးသုံးရာကျော် ကျယ်ဂေါင်မြို့ထဲမှာ ပိတ်မိပြီး ဆုံးရှုံးကုန်တယ်လို့ ကျယ်ဂေါင်မှာ ရောက်နေတဲ့ ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“အစကကတည်းက သူတို့က ဆင်ဖြူပေါက်ကို တိုကင်ယူပြီးမှ တုံကင်ရတဲ့ဟာတွေက ထွက်ကုန်ပြီ။ တိုကင်မရတဲ့ သူတွေက တန်းစီရင်းနဲ့ အပေါက်နားမှာ ရောက်ရင်းနဲ့ မထွက်ခိုင်းတော့ဘူးလေ။ မထွက်ခိုင်းဘဲနဲ့ မန့်ဝိန်း ဂိတ်ပေါက်ကို မောင်းထုတ်တယ်။ အခုမန့်ဝိန်းဂိတ်မှာ ဘာမှမလုပ်ဘူးလေ။ အခုကုန်စိမ်းသမားတွေကျတော့ ပုပ်တဲ့ဟာ ပုပ်ပြီး နံတဲ့ဟာနံပြီ အဲလိုဖြစ်သွားတာပေါ့နော့်။ ကျွန်တော်တို့ တချို့ကားတွေက တစ်ပတ်ကျော်နေပြီ ဘာလို့ပိတ်တယ်ဆိုတာ မသိဘူးဖြစ်နေတာ”
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်နဲ့ ကုန်သွယ်တဲ့ ဂိတ်အကြီး အသေး စုစုပေါင်း ၁၃ ဂိတ်ရှိပါတယ်။ UWSA ထိန်းချုပ်မှုအောက်မှာ (နမ့်တစ်၊ ပန်ဝိုင်-ယုံဟော်၊ ပန်ဆန်း-မုံးအ၊ ဟိုတောင်-မန်ရှီ ဆိုတဲ့) ၄ ဂိတ်၊ MNDAA တပ်ဖွဲ့အောက်မှာ (ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုံးကိုး၊ ကြူကုတ်-ပန်ဆိုင်း ဆိုတဲ့) ၄ ဂိတ်၊ NDAA မိုင်းလား တပ်ဖွဲ့အောက်မှာ (မိုင်းလား- တာလော့ ဆိုတဲ့) ၁ ဂိတ်၊ TNLA တပ်ဖွဲ့ အောက်မှာ (နောင်တောင်းဆိုတဲ့) ၁ ဂိတ်၊ စုစုပေါင်း ၁၀ ဂိတ်ကို ထိန်းချုပ်ထားတာဖြစ်လို့ မူဆယ်မြို့က ၃ ဂိတ်ပဲ စစ်ကောင်စီလက်အောက်မှာ ကျန်နေတာပါ။
အဲဒီသုံးဂိတ်မပိတ်ခင်က မြန်မာပြည်ကိုပို့မဲ့ ကုန်တွေအတွက် ကုန်စိမ်း ၃၅ တန်ပါတဲ့ ၂၂ ဘီးတွဲကား တစ်စီးကို တရုတ်ယွမ် ၁၅၀၀ (မြန်မာကျပ်ငွေ တစ်သိန်းနီးပါး) ရွှေလီမြို့မှာရှိတဲ့ တရုတ်အကောက် အခွန်ဌာနမှာ အခွန်ဆောင်ပြီးသယ်ရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
မြန်မာဘက်ကိုရောက်တဲ့အခါမှာတော့ မူဆယ်မြို့ရဲ့အရှေ့ဘက် ၁၀ မိုင်လောက်ဝေးတဲ့ ၁၀၅ မိုင် စစ်ဆေးရေးဂိတ်ကိုသွားပြီး ပစ္စည်းတွေစစ်ဆေးခံရ၊ အခွန်ဆောင်ရတာတွေရှိပါတယ်။
ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ အဲဒီ ၁၀၅ မိုင်စစ်ဆေးရေးဂိတ်ကို မြောက်ပိုင်းညီနောင် အဖွဲ့တွေသိမ်းလိုက်တဲ့အတွက် တရုတ်က သွင်းလာတဲ့ပစ္စည်းတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီအတွက် အခက်အခဲဖြစ်နေပါတယ်။ ဒါကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးကို ဘယ်လိုစနစ်နဲ့ သွားရမယ်ဆိုတာကို ဆွေးနွေးနေရတဲ့အခြေအနေကြောင့် ပိတ်ထားတာဖြစ်နိုင်တယ်လို့ မူဆယ်မြို့က အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုတဲ့ ဝါရင့်ကုန်သည်တစ်ဦးက ပြောပါတယ်။
တရုတ်ဘက်ကနေသွင်းတဲ့ပစ္စည်းတွေ မျိုးစုံရှိပေမဲ့ စားသောက်ကုန်နဲ့ ပတ်သက်လို့ အအေးခန်းမှာ သိုလှောင်လို့ရတဲ့ ပစ္စည်းတွေဆိုရင် အဆုံးအရှုံးသိပ်မများပေမဲ့ အထားမခံတဲ့ကုန်စိမ်းတွေဆိုရင်တော့ ပျက်စီးရပါတယ်။ ပြီးခဲ့တဲ့ရက်ကတင် မုန်ညှင်းတို့ ပန်းမုန်လာတို့လို ကုန်စိမ်း တန်တစ်ရာနီးပါး ဆုံးရှုံးသွားပြီး၊ မကြာခင်မှာ ကြက်သွန်၊ အာလူးလို ပစ္စည်း တန်ချိန် နှစ်ရာလောက် ပျက်စီးတော့မယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဒါကြောင့် မန့်ဝိန်းဂိတ်မှာ သွားခွင့်မရဘဲ ကြန့်ကြာနေတဲ့ ကားသေးတွေရဲ့ နံပါတ်တွေကို တရုတ်အာဏာပိုင်တွေ လာမှတ်သွားပေမဲ့ ဖွင့်ပေးမဲ့ အခြေအနေမတွေ့သေးဘူးလို့ မူဆယ်မြို့ခံ ကားဆရာတစ်ဦး က ပြောပါတယ်။
“တရုတ်ပြည်ဘက်က မော်တော် ပီကယ်တွေကတော့ မန့်ဝိန်းပေါက်မှာ တန်းထားတဲ့ အံစာတုံးကားငယ်တွေကို နံပါတ်လာမှတ်သွားတယ်။ ထူးခြားမလားလို့ စောင့်ကြည့်တော့လည်း မထူးခြားသေးဘူး။ ကားသမားတွေ အကုန်လုံးကလည်း ပင်လယ်စာ ရေခဲရိုက်ထားတဲ့ ပစ္စည်းတွေအကုန်လုံး ဂိုထောင်မှာ ပစ္စည်းပြန်ချကုန်ပြီ။ ကားတန်းထဲမှာဆို အာလူးတင်တဲ့ကား ရာခိုင်နှုန်း ခြောက်ဆယ်လောက်ရှိတယ်။ တရုတ်ဘက်ကတော့ မန့်ဝိန်းဘက်က ပေးထွက်တယ်။ မြန်မာပြည်ဘက်ကကျတော့ ကျွန်တော်တို့ကို ထွက်ခွင့်မပေးဘူး”
အခုလိုဖြစ်နေတဲ့အခြေအနေနဲ့ ပတ်သက်လို့ နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံး ပြောခွင့်ရသူကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ တာဝန်ခံပြောမဲ့ အရာရှိ မရှိသေးဘူးလို့ပဲ ပြန်ဖြေပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ နှစ်နိုင်ငံ ကုန်သွယ်မှုအရင်လို အကြီးအကျယ်မရှိတော့ပေမဲ့ တရုတ်နိုင်ငံဘက်က စက်သုံးဆီ၊ ဆေးဝါး၊ စားသောက်ကုန်တွေ မူဆယ်မြို့ထဲကို ပုံမှန်ဝင်ရောက်နေခဲ့ပါတယ်။ မြန်မာဘက်ကနေလည်း သတ္တု၊ မီးသွေးအပါအဝင် ဒေသထွက်ကုန်တွေ တရုတ်နိုင်ငံကို ပုံမှန်တင်ပို့ခဲ့တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
နယ်စပ်တည်ငြိမ်ရေး တရုတ်နဲ့ ပူးပေါင်းအရှိန်မြှင့်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်ပြော
တရုတ်ရဲ့ နယ်စပ်ဂိတ် ပိတ်၊ ဖြတ်တောက်မှုကြောင့် ရှမ်းမြောက်ဒေသခံတွေ အခက်ကြုံနေရ
တရုတ်ကန့်သတ်ချက်ကြောင့် မူဆယ်နယ်စပ်မှာ ကုန်သည်တွေ ပိတ်မိနေ
မူဆယ်၊ နမ့်ခမ်း အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံနှစ်သန်းကျော်ဟာ တရုတ်နိုင်ငံက စားသောက်ကုန်နဲ့ ပစ္စည်းတွေကိုအဓိက မှီခိုနေရတာပါ။ တရုတ်ဘက်က ကုန်သယ်တာတွေ ကန့်သတ်လိုက်တဲ့အခါမှာတော့ ပစ္စည်းတွေရှားပြီး ကုန်ဈေးနှုန်းတွေ တက်သွားပါတယ်။
မူဆယ်နယ်စပ်မှာ ဓာတ်ဆီတစ်လီတာကို တစ်သောင်းကျော်အထိ ဈေးတက်သွားခဲ့သလို အရင်က တစ်သိန်း နှစ်သောင်းလောက်ရှိတဲ့ ဆန်ကြမ်းတစ်အိတ်ကို အခုတော့ နှစ်သိန်းနီးပါးဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တရုတ်က ထုတ်တဲ့ စားသုံးဆီပေါ့နော့် သုံးပိဿာ ဘူးလေးတွေက သုံးသောင်းလေးထောင်ကနေ အခုက ငါးသောင်းရှစ်ထောင်တဲ့။ တချို့နေရာမှာ ခြောက်သောင်းတဲ့ ။ အစစအရာရာ ဈေးကြီးတာပေါ့နော် အခုက နယ်စပ်ပေါက်တွေလည်း ပိတ်လို့လေ။ စီးပွားရေးက ဖြစ်ကို မဖြစ်တာလေ။ လူတွေက ဒီလိုပဲ လုံးချာလည်လိုက်နေတယ်”
မူဆယ်မြို့က ဂိတ်သုံးဂိတ်ကိုပိတ်ထားသလို UWSA ထိန်းချုပ်ထားတဲ့ဂိတ်တွေကနေ ပစ္စည်းတွေ သယ်ပြီး မဖြန့်ဖို့ကိုလည်း တရုတ်ဘက်က တားမြစ်ထားပါတယ်။
အခုရက်မှာဆိုရင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်စပ်ဂိတ်တွေအထိ တရုတ်ရဲတွေလာပြီး စောင့်ကြည့်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဝ” ရဲ့ အရေးကြီးဂိတ်တွေမှာဆို ကုန်ပစ္စည်းဝင်ထွက်တဲ့ ကုန်ပစ္စည်းတွေ စစ်ဆေးတဲ့နေရာမှာ တားမြစ်ထားတဲ့ ကုန်တွေပါ မပါ တရုတ်ရဲတွေ ကိုယ်တိုင် ကြီးကြပ်ပြီး စိစစ်နေတာရှိတယ်။ မိုင်းလားဘက်မှာဆို အခုရက်ပိုင်း အမဲသား၊ ဟင်းသီးဟင်းရွက်တွေတောင်သယ်လို့မရဘူး။ “ဝ” ဘက်မှာက ဟင်းသီး ဟင်းရွက်တွေရသေးတယ်။ ကြက်သား ဘာညာရသေးတယ်။ တားမြစ်ထားတဲ့ ကုန်ပါ မပါကိုတော့ တရုတ်ရဲတွေက သူတို့ကိုယ်တိုင် လာပြီး စောင့်ကြည့်တာ”
နယ်စပ်ကနေ တစ်နိုင်တစ်ပိုင် ကုန်သွယ်ခွင့်ကို တရုတ်နိုင်ငံဘက်က ထပ်မံကန့်သတ်လိုက်တဲ့အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အီးမေးလ်ကနေတစ်ဆင့် မေးမြန်းခဲ့ပေမဲ့ သတင်းထုတ်လွှင့်ချိန်အထိ ဖြေဆိုတာမရှိပါဘူး။
နိုဝင်ဘာလ ၅ ရက်နေ့ စတင်ခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ ပထမဆုံးတရုတ်ခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း တရုတ်နယ်စပ်တည်ငြိမ်ရေး၊ ကုန်သွယ်ရေး အပါအဝင် တရုတ်ရဲ့နယ်မြေကို အခြေချပြီး မြန်မာနိုင်ငံကို ဆန့်ကျင်သူမှန်သမျှ လက်မခံတဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ အခြေချပြီး တရုတ်ကို ဆန့်ကျင်နေသူတွေကိုလည်း လက်ခံမှာမဟုတ်တဲ့ အကြောင်း ဆွေးနွေးခဲ့တယ်လို့ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ကအပြန်မှာ မီဒီယာတွေကို ပြောပါတယ်။